Thursday, November 4, 2010

ဆန်နီနေမင်း အမေးအဖြေ သေပြီးလျှင် ဘာဖြစ်မလဲ

အရှင်ဘုရား။ ဘာသာရေးနှင့်ပတ်သတ်သည်များ စိတ်ထဲမရှင်းလင်းသည်များကို မေးမြန်းခွင့်ပြုပါ။ ပြန်လည် ဖြေကြားပေးပါရန်လည်း မေတ္တာရပ်ခံပါသည်။ ကမ္ဘာပေါ်တွင် အဓိကဘာသာကြီး(၄)ခုရှိပီး သူတို့အတွေးအခေါ် သူတို့အယူအဆများဖြင့် ကမ္ဘာအနှံ့အပြားတွင် နေထိုင်လျှက်ရှိပါသည်။ ဘာသာတခုတိုင်းတွင် သေလွန်ပီး နောက်တစ်ဘဝကို တနည်းနည်းတဖုံဖုံဖြင့် လက်ခံသည်များလည်းရှိပါသည်။ ဘာဘာသာအယူအဆ တစ်ခုမျှ လက်ကိုင်ယုံကြည်မှုမရှိဘဲ အသက်ရှင်နေထိုင် ရပ်တည်နေသူများလည်း အများအပြား ရှိပါသည်။ သိလို သည်မှာ သေလွန်ပီး အခြားတဖက်မှာကော ဘာသာကြီး(၄)ခုရှိပါသေးလော။

လူတစ်ဦးတစ်ယောက် သေဆုံးလျှင် သက်ဆိုင်ရာဘာသာအလိုက် မြှုပ်နှံသဂြိုလ်ကြသလို သေလွန်ပီး နောက်တစ်ဘဝမှာကော သက်ဆိုင်ရာ ဘာသာအလိုက်စီရင်ဆုံးဖြတ်သည့်အတိုင်း နေထိုင်ကြရပါသလော။ (ဥပမာ ဗုဒ္ဒဘာသာ တစ်ယောက်သေဆုံးလျှင် သူရဲ့ကုသိုလ်နဲ့ အကုသိုလ်ကိုလိုက်ပီး နိဗ္ဗာန်၊ ငရဲ၊ တိရစ္ဆန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုပီး သက်ဆိုင်ရာဘုံဘဝမှာ မှီကြရပါတယ်။ ခရစ်ယာန်တစ်ယောက် သေဆုံးလျှင် စီရင်ချက်မချခင် ကောင်းကင်ဘုံမှာ နေထိုင်ကြရသည်ဟု ဆိုပါသည်။) ဘာသာအယူအဆတစ်ခုမှ လက်ခံယုံကြည်ခြင်းမရှိဘဲ ရှင်သန်ရပ်တည်နေသူတစ်ယောက် သေဆုံးလျှင်ကော ထိုသူကား အဘယ်ဘုံဘဝမှာ နေထိုင်ရမည်လော။ ရိုသေစွာဖြင့် လျှောက်ထားမေးမြန်းလိုက်ရပါသည်ဘုရား။

အင်း မျက်မှောက်လောကကိုကြည့်မယ်ဆိုရင်တော့ လူများ၏ ယုံကြည်ချက် ကွဲလွဲမှုတွေကြောင့် ဘာသာတရားတွေဟာ အမျိုးမျိုးကွဲပြားနေရတာပါ။ တကယ်တော့ ဘာသာအယူဝါဒ ဆရာသမားများဟာ သဘာဝတရားရဲ့ဖြစ်ပေါ်နေမှုများကို သူတို့သိသလောက် ပြောပြနေခြင်းသာ ဖြစ်ပါတယ်။ သဘာဝတရား လောကကြီးမှာ ဖြစ်ပျက်နေတာတွေကို သူတို့ရဲ့အသိဉာဏ်နဲ့ သိမြင်နေတာကို ပြောပြခဲ့ကြတာပါ။


ဥပမာ-မြတ်ဗုဒ္ဓကလည်း သူသိတာကို သူပြောခဲ့တာပါ။ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာတွေကို သူ့ရဲ့ဉာဏ်နဲ့မြင်တွေ့တာကို ပြောပြခဲ့တာပါ။ သူဖန်ဆင်းတာမဟုတ်သလို သူကတီထွင်ကြံဆ ပြောပြခဲ့တာလည်း မဟုတ်ပါဘူး။ လောကကြီးအတွင်း ဖြစ်နေတာကို ပြောပြခဲ့တာပါ။ ဒါလုပ်ရင် လောကကြီးက ဒါတွေဖြစ်တယ်ဆိုတာကို သူမြင်ခဲ့သိခဲ့လို့ ပြန်ပြောပြခဲ့တာပါ။ သူ့လိုပြောပြမြင်တတ်အောင် သူ့လိုကျင့်ရင် လူတိုင်းမဆို သိမြင်ပါလိမ့်မယ်။ မြတ်ဗုဒ္ဓက မပြောခဲ့လို့ မသိတာဘဲရှိမယ် လောကသဘာဝတရားကြီးကတော့ ဒီတိုင်းပဲ ကောင်းတာလုပ်ရင် ကောင်းကျိုးကိုပေးနေပါမယ်။ မကောင်းတာလုပ်ရင်လည်း မကောင်းကျိုးကို ပေးမှာပါပဲ။

သေလွန်ပြီးရင်တော့ မိမိက ဘာဖြစ်မယ်ဆိုတာ အရိယာပုဂ္ဂိုလ်မဖြစ်သေးရင် မခန့်မှန်းနိုင်သေးတဲ့အတွက် ဘယ်ဘ၀ရောက်မယ်ဆိုတာ မပြောနိုင်ဘူးလေ။ လူ့ဘ၀ကိုရောက်ရင်တော့ ဘာသာအယူဝါဒတွေ အမျိုးမျိုးရှိနိုင်ပါသေးတယ်။ နတ်ဘ၀ ဗြဟ္မာဘ၀ တိရစ္ဆာန် ငရဲစတာတွေဖြစ်ရင်တော့ ဘာသာအယူဝါဒတွေ မရှိတော့ပါဘူး။ နတ်တွေဗြဟ္မာတွေဆိုရင် သူတို့တန်ခိုးနဲ့သူတို့ဘာသာ ကံတရားအလိုက် စည်စိမ်းချမ်းသာကို ခံစားနေကြပါလိမ့်မယ်။ အပါယ်လေးဘုံမှာဖြစ်ရင်တော့ အသိဉာဏ်မရှိတဲ့အတွက် ဘာသာအယူဝါဒ မရှိပါဘူး။ သူတို့ထင်ရာ သူတို့လုပ်ကြပါလိမ့်မယ်။

သေလွန်ပြီးလျှင် ဘာသာအယူဝါဒအလိုက် ကိုယ့်ဘာသာတရားထဲကအတိုင်း ခံစားရမှာ မဟုတ်ပါဘူး။ ဘယ်ဘာသာမဆို ကောင်းတာလုပ်ခဲ့တဲ့လူက ကောင်းတဲ့ဘုံမှာ ကောင်းတဲ့အကျိုးကို ခံစားရသလို မကောင်းတာလုပ်ခဲ့တဲ့လူက မကောင်းတဲ့ဘုံမှာ မကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ယခု လူ့ဘ၀၌ ဘာသာအယူအဆမရှိဘဲ နေထိုင်တဲ့ပုဂ္ဂိုလ်သည်လည်း သူ့လုပ်ခဲ့တဲ့အလုပ်ပေါ်မှာမူတည်ပြီး ကောင်းကျိုး မကောင်းကျိုးကို ခံစားရပါလိမ့်မယ်။

ဘာသာအယူဝါဒဆိုတာ ဆရာတွေအယူအဆ မတူကြလို့ ကွဲပြားနေကြတာပါ။ တကယ်တော့ သဘာဝတရားကြီးက သူ့အလိုလိုဖြစ်နေတဲ့ဟာတွေပါ။ မကောင်းတာလုပ်တဲ့လူက မကောင်းကျိုးကို ခံစားရတာဟာ သူ့အလိုလို သဘာဝတရားက တုန့်ပြန်ပေးနေတာပါ။ ကောင်းတာလုပ်တဲ့လူက ကောင်းကျိုးကို ခံစားရတယ်ဆိုတာလည်းပဲ သဘာဝတရားရဲ့ တုန့်ပြန်မှုပါပဲ။

ဥပမာ-မျက်မှောက်ဘ၀မှာလည်း အလုပ်လုပ်မှ ပိုက်ဆံရလို့ စားချင်တာဝယ်စားလို့ရပါတယ်။ ထို့အတူ ကောင်းတာလုပ်ရင် ကောင်းကျိုးကို မျက်မှောက်ဘ၀၌ချက်ချင်းလည်း အကျိုးပေးပါတယ်။ အရင်ဘ၀ တွေတုန်းက ပြုလုပ်ခဲ့တဲ့ မကောင်းကျိုးလက်ကျန်များက အကျိုးပေးဆဲမို့ ယခုမျက်မှောက်လုပ်တဲ့ကောင်းကျိုးကို မခံစားရသေးတာတော့ ရှိနိုင်ပါတယ်။ ကောင်းကျိုးလုပ်ရင် ကောင်းကျိုးကလည်း တစ်ချိန်ချိန်၌ အကျိုးပေးမှာ သေချာသလို မကောင်းတာလုပ်ရင် မကောင်းကျိုးကလည်း အကျိုးပေးဖို့ စောင့်နေမှာ သေချာပါတယ်။

အဲဒီတော့ သဘာဝတရားကြီးက သူ့အလိုလို အကျိုးပေးနေတဲ့အတွက် ဘယ်သူမဆို ဘယ်ဘာသာဝင်မဆို သူ့နဲ့တန်ရာတန်ရာကို မျက်မှောက်လူ့လောက၌ တရားသူကြီးများက တရားခံကို စီရင်ချက်ချသလို ကံဆိုတဲ့သဘာဝတရားကြီးကလည်း တန်ရာတန်ရာအကျိုးကို သူ့အချိန်တန်ရင် အကျိုးပေးပါလိမ့်မယ်။

ဒီလောက်ပြောပြလျှင် ရှင်းမည်ထင်ပါတယ်။ မိမိ၏ ထင်မြင်ချက်များကို ရေးသားလိုက်ခြင်းဖြစ်၍ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလိုသော ဆန္ဒမပါပေ။ မိမိ၏ အသိဉာဏ်များကို ဖြေပေးလိုက်ခြင်းသာ ဖြစ်သည်။ မှားမှန်ကိုတော့ ကိုယ်ပိုင်ဉာဏ်များဖြင့် သုံးသပ်ကြပါလေ။

ယခုတော့ ဤမျှနဲ့နားပါရစေ။

0 comments:

Post a Comment

Powered by Blogger.