Friday, June 11, 2010

သုမနပန်းသည်၏ သဒ္ဓါတရား ကောင်းမွန်ပုံ

သုမနပန်းသည်သည် ဗိမ္ဗိသာရမင်းကြီးကို နေ့စဉ်မပြတ် နံနက်တိုင်း ပန်းဆက်သရပါသည်။ ထို့သို့ဆက်သလျှင် တစ်နေ့ကို အသပြာရှစ်ကျပ်ရလေသည်။ တစ်နေ့ဝယ် သုမနပန်းသည်သည် မင်းကြီးကို ဆက်သရန် မြတ်လေးပန်းတို့ကို ယူဆောင်လာစဉ် မြို့ထဲသို့ ဆွမ်းခံကြွလာသော ဘုရားရှင်နဲ့တွေ့၍ ဖူးမြင်ရသောအခါ ကြည်ညိုသောသဒ္ဓါတရားများ တဖွားဖွား ဖြစ်ပေါ်လာသဖြင့် လှူရန်ပစ္စည်းလိုက်ရှာကြည့်သောအခါ တစ်စုံတစ်ခုသောဝတ္ထုကိုမျှ မမြင်ဘဲ ဖြစ်နေပါသည်။


ထိုအခါ သုမနပန်းသည်သည် ”ယခု ငါယူလာခဲ့သော မင်းကြီးအား ဆက်သရမည့်ပန်းတို့ကို လှူဒါန်းပူဇော်မည်။ မင်းကြီးသည် သူ့ကို ဆက်သရမည့် ပန်းတို့ကို မဆက်သ၍ ငါ့ကိုဖမ်းချင်လည်း ဖမ်းပါစေ၊ သတ်ချင်လည်း သတ်ပါစေ၊ တိုင်းပြည်မှ နှင်ထုတ်ချင်လည်း နှင်ထုတ်ပါစေ၊ ထိုမင်းကို ဆက်သလျှင် ငါ့အား တစ်ဘ၀စာ လုံလောက်ရုံမျှသော ဥစ္စာများကိုသာ ပေးလိမ့်မည်။ ဘုရားရှင်အား လှူဒါန်းလျှင် တစ်သံသရာလုံး၌ ချမ်းသာမည့်အပြင် အမြတ်ဆုံး အချမ်းသာဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုလည်း ရောက်ပေလိမ့်မည်” ဟု ယုံကြည်ခြင်းသဒ္ဓါတရား လွန်ကဲစွာဖြင့် မိမိအသက်ကို ပဓာနမထားဘဲ မတွန့်မဆုတ်သော သဒ္ဓါတရားဖြင့် မြတ်လေးပန်းတို့ကို လှူဒါန်းပူဇော်လေသည်။


သုမနပန်းသည် လှူဒါန်းသော ပန်းတို့သည် ဘုရားရှင်၏ ဦးထိပ်အထက် လက်ဝဲလက်ယာ ခြံရံလျက် လိုက်ပါကြလေသည်။ စိတ်မရှိသော ပန်းတို့သည် စိတ်ရှိသော ဘုရားရှင်ကို အမှီပြု၍ စိတ်ရှိသကဲ့သို့ ဘုရားရှင်နဲ့အတူတကွသာလျှင် တည်နေကြ၏။ ဘုရားရှင်ကြွတော်မူလျှင် လိုက်ပါသွားပြီး ဘုရားရှင်ရပ်တော်မူလျှင် ရပ်နေကြကုန်၏။ သုမနပန်းသည်သည် မိမိလှူသောပန်းတို့နှင့် မြတ်စွာဘုရားရှင်၏ တင့်တယ်ခြင်းတို့ကို မြင်ရသောအခါ ခန္ဓာကိုယ်တစ်ခုလုံး၌ ပီတိများဖြင့် ပြည့်နေလေသည်။


သုမနပန်းသည်သည် ဘုရားရှင်ကို ရှိခိုးပြီးလျှင် ပန်းမရှိသောခြင်းကိုကိုင်ပြီး အိမ်သို့ပြန်လာလေသည်။ အိမ်ရောက်သောအခါ သူ့၏မယားအား ဘုရားရှင်ကို ပန်းတို့ဖြင့် ပူဇော်ခဲ့ကြောင်း ပြောပြရာတွင် မယားဖြစ်သူက ထိတ်လန့်ခြင်းများဖြစ်ပြီး ”ထိုပန်းတို့ကို ဘုရားရှင်အားလှူဒါန်းခဲ့လျှင် မင်းကြီးအား ဆက်သရန် မည်ကဲ့သို့လုပ်မည်နည်း”ဟု မေးလေသည်။


ထိုအခါ သုမနပန်းသည်က ”ချစ်နှမ ငါသည် ငါ့အသက်ကို ပဓာနမထားဘဲ ငါ့အသက်ကိုစွန့်လွှတ်ပြီး လှူဒါန်းခဲ့ခြင်းဖြစ်သည်။ မင်းကြီးသည် ငါ့အား ပေးချင်သည့်ပြစ်ဒဏ်ပေးပါစေ အသင်ချစ်နှမသည် လူအပေါင်းတို့ ကြွေးကြော်သော အသံကို မကြားဘူးလား၊ ထိုအသံသည် ငါပန်းပူဇော်ရာ၌ အံ့ဖွယ်သရဲဖြစ်၍ ကြွေးကြော်ကြသော အသံဖြစ်ပေသည်”ဟု ပြောလေသည်။ မိုက်မဲတွေဝေလှသော သုမနပန်းသည်၏ မယားသည် ဤသို့အံ့ဖွယ်ဖြစ်သော အလှူဒါန၌ ကြည်ညိုနှစ်သက်ခြင်းမဖြစ်ဘဲ လင်ဖြစ်သူအား “မင်းတို့မည်သည် တစ်ကြိမ်ဖြစ်သောအမှုဖြင့် လက်ခြေတို့ကိုဖြတ်ခြင်း အစရှိသော အကျိုးစီးပွါးမဲ့အောင် ပြုလုပ်တတ်ကုန်၏။ အသင်ပြုသော အမှုသည် ငါ့နဲ့မဆိုင်”ဟု ဆဲဆိုပြီးလျှင် ကလေးများကိုခေါ်၍ မင်းနန်းတော်သို့သွားပြီး မင်းကြီးအား သူမ၏လင် သုမနပန်းသည်ပြုလုပ်သော အမှုကိစ္စသည် သူနဲ့မပတ်သတ်ကြောင်း ကြိုတင်လျှောက်ထားလေသည်။


အမှာစာ=ထိုကဲ့သို့ ဇနီးမောင်နှံနှစ်ယောက်သည် စိတ်ဓာတ်ချင်း မတူပါက ပစ္စုပ္ပန်ဘ၀တွင်သာ ဒုက္ခရောက်သည်မဟုတ်၊ သံသရာတစ်လျှောက်လုံးပါ ဒုက္ခရောက်နိုင်ပါသည်။ ဇနီးမောင်နှံနှစ်ယောက်တွင် တစ်ဦးက ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုများကို လုပ်ချင်သော်လည်း ကျန်တစ်ဦးက မလုပ်ချင်၍ တားမြစ်ပိတ်ပင် ချောက်တွန်းမည်ဆိုလျှင် ကောင်းမှုကုသိုလ် လုပ်ချင်သောသူသည် မျက်မှောက်တမလွန် နှစ်ဖြာလုံးပါ ဒုက္ခနဲ့ရင်ဆိုင်ရမည်မှာ သေချာပါသည်။ ထို့ကြောင့် အိမ်ထောင်ပြုသည်ဆိုသည်မှာ မျက်မှောက်ဘ၀ကိုသာကြည့်၍ အိမ်ထောင်မပြုသင့်ပါ။ တမလွန်အတွက်ပါကြည့်ပြီး ဇနီးမောင်နှံရွေးချယ်သင့်ပါသည်။


မိမိနှင့်အိမ်ထောင်ပြုမည့်သူသည် မိမိကဲ့သို့သော စိတ်သဘောထား၊ ဘာသာတူမတူ၊ ဘာသာရေးလိုက်စားမှုရှိမရှိစသော အချက်အလက်တို့ တူညီမှုရှိရန် အထူးလိုအပ်ပါသည်။ သို့မှသာ မျက်မှောက်ဘ၀၌လည်း သာယာပျော်ရွှင်အောင်၊ စီးပွားရေးတိုးတက်အောင်၊ အိမ်ထောင်ရေးအဆင်ပြေအောင် နေနိုင်မည့်အပြင် တမလွန်အတွက်လည်း ကောင်းမှုကုသိုလ်ပြုလုပ်သောအခါ နှစ်ဦးသဘောတူ ပြုလုပ်ရ၍ စိတ်ပျော်ရွှင်မှုရရှိပြီး ချမ်းသာသုခမှန်သမျှတို့ကို မျက်မှောက်တမလွန်နှစ်ဖြာလုံး၌ ရရှိမည်ဖြစ်ပါသည်။


ထိုသို့မဟုတ်ဘဲ စိတ်ထားမတူ၊ ဘာသာမတူ၊ ဘာသာရေးလိုက်စားမှု မတူညီသောသူတို့ အိမ်ထောင်ကျလျှင် ထိုအိမ်ထောင်ရေးသည် မျက်မှောက်ဘ၀၌ ချမ်းသာစွာနေခဲ့ရလျှင်တောင်မှ တမလွန်ဘ၀အတွက် စိတ်အေးရမည် မဟုတ်ပေ။


ယခုခေတ်ကာလ၌ အိမ်ထောင်ပြုနေကြသူများကို လေ့လာကြည့်သောအခါ ငွေကြေးဥစ္စာနှင့် ရာထူးဂုဏ်သိက္ခာတို့ကို ကြည့်၍လည်းကောင်း တဏှာကို ဦးစားပေး၍လည်းကောင်း အိမ်ထောင်ပြုနေကြသည်က များနေသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ အိမ်ထောင်ပြုကြသူတို့သည် အသိဉာဏ်ဗဟုသုတ နည်းပါးသောကြောင့်လည်းကောင်း၊ ဘာသာရေးစိတ်ဓာတ် နည်းပါးသောကြောင့်လည်းကောင်း မိုက်မဲစွာဖြင့် အိမ်ထောင်ပြုကြခြင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။


ဇနီးမောင်နှံနှစ်ယောက်တွင် အနည်းဆုံးတူညီရမည့် အချက်တို့မှာ စိတ်သဘောထား၊ ဘာသာနှင့် ဘာသာရေးးလိုက်စားမှု၊ နားလည်ပေးမှုတို့ရှိမှသာလျှင် မျက်မှောက် တမလွန်နှစ်ဖြာလုံး၌ ကိုယ်စိတ်နှစ်ပါးချမ်းသာစွာဖြင့် နေနိုင်လိမ့်မည်ဟု ထင်မြင်မိပါသည်။


မိမိသည် ယခုအခါ လူ့ဘ၀ကို ရရှိနေသောကြောင့် ယခုဘ၀ထက် တမလွန်ဘ၀ကို ဦးစားပေး၍ ဘယ်ကိစ္စမဆို ပြုလုပ်ရပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယခု မိမိသည် လူ့ဘ၀ကို ရရှိနေပြီးဖြစ်သည့်အတွက် ထမင်းမစားရလို့ ငတ်သေရင်တောင် အကုသိုလ်မလုပ်မိပါက စိုးရိမ်ပူပန် ကြောက်လန့်စရာ မရှိပါ။ နောင်ဘ၀တွင် အကုသိုလ်မကောင်းမှု မရှိသောကြောင့် ကောင်းသောဘ၀မှာဖြစ်ရပြီး ကောင်းကျိုးများကို ခံစားရမည်မှာ သေချာပါသည်။ ထို့ပြင် မိမိသည် အရင်ဘ၀က ကောင်းမှုကုသိုလ်ရှိခဲ့သောကြောင့် အသိဉာဏ်ရှိသော လူ့ဘ၀မှာ ရောက်လာပြီး ဖြစ်သည့်အတွက် ဒီဘ၀သည် နောက်ဘ၀လောက် ပူပန်းစရာ မလိုပါ။ နောက်ဘ၀မှာ မိမိသည် ဒီထက်နှိမ့်တဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုသည့် အပါယ်လေးဘုံများ ရောက်မည်လား၊ ဒီထက်မြင့်သည့် နတ်ဘုံ၊ ဗြဟ္မာ့ဘုံများ ရောက်မည်လားဆိုတာ မသေချာသေးပါ။ ထို့ကြောင့် ယခုရနေတဲ့ လူ့ဘ၀အတွက်ထက် နောက်ဘ၀ကောင်းစားအောင် ကုသိုလ်ကောင်းမှုလုပ်ရန် အဓိကဦးစားပေး လုပ်ဆောင်သင့်ပါသည်။


အဆက်= ဗိမ္ဗိသာရမင်းကြီးသည် ရှေးဦးစွာ မြတ်စွာဘုရားရှင်ကို ဖူးမြင်ရစဉ်ကပင် သောတာပန်တည်ခဲ့သူ ဖြစ်၏။ “ဤမိန်းမသည် အလွန်မိုက်မဲတွေဝေလေစွ၊ ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးတို့၌ နှစ်သက်ကြည်ညိုခြင်းကို မဖြစ်ဘဲ အပြစ်မြင်နေသည်မှာ အံ့သြဖွယ်ကောင်းလေစွ”ဟု မင်းကြီးသည် စဉ်းစားပြီးနောက် “အသင်ပန်းသည်မ ယခုအခါ သင်သည် သုမနပန်းသည်ကို စွန့်လွှတ်လိုက်ခြင်းသည် အလွန်ကောင်းပေစွ၊ သုမနပန်းသည်သည် ငါ့ကိုဆက်သရမည့် ပန်းတို့ကို ဘုရားရှင်အား လှူဒါန်းပူဇော်လိုက်ခြင်းကြောင့် ငါ့အကြောင်းကို သိစေရမည်”ဟု သုမနပန်းသည်ကို အမျက်ထွက်သည့်ဟန်ဖြင့် ပြောဆိုပြီး ပန်းသည်မကို ပြန်ခိုင်းလိုက်လေ၏။ ထိုမိန်းမသည် သူ့ကို အမှုမပတ်တော့သဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး ပြန်သွားလေသည်။


ဗိမ္ဗိသာရမင်းကြီးသည် သုမနပန်းသည်ကို ခေါ်ခိုင်းပြီး ရောက်လာသောအခါ “ငါ့အားဆက်သရန် ယူဆောင်လာသော ပန်းတို့ကို အဘယ်သို့နှလုံးသွင်းပြီး ဘုရားရှင်အား လှူဒါန်းပူဇော်လိုက်ပါသလဲ”ဟု မေးသောအခါ သုမနပန်းသည်က “အရှင်မင်းကြီးသည် အကျွန်ုပ်အား သတ်လိုလည်း သတ်ပါစေ၊ တိုင်းပြည်မှ နှင်းထုတ်မှုလည်း နှင်းထုတ်ပါစေဟု အသက်ကိုစွန့်ပြီး လှူဒါန်းပူဇော်ခဲ့ပါသည်”ဟု လျှောက်ထားလေသည်။ ထိုကဲ့သို့ သုမနပန်းသည် ဖြေကြားပြီးသောအခါတွင် မင်းကြီးသည် သုမနပန်းသည်ကို ဆုတော်လာဘ်တော်များ ပေးလိုက်လေသည်။


သုမနပန်းသည်၏ အလှူဒါနသည် အံ့သြဖွယ်ကောင်းသောကြောင့် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်အား ဘယ်လိုသောအကျိုးကျေးဇူးများ ရလိမ့်မည်နည်းဟု မေးလေ၏။ ထိုအခါ ဘုရားရှင်က “သုမနသည်သည် ငါ့ဘုရားအား ကြည်ညိုသောသဒ္ဓါတရား ပြင်းထန်စွာဖြစ်ပြီး အသက်ကိုစွန့်လွှတ်၍ လှူဒါန်းပူဇော်ပူဇော်ခဲ့ခြင်းကြောင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး အပါယ်လေးပါးသို့ မကျရောက်ရဘဲ သုမနမည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်။ အကြင်သို့သော ကောင်းမှုကုသိုလ်ကို ပြုအပ်သည်၏အဖြစ်ကြောင့် နောင်တတဖန် ပူပန်ကြေကွဲဆင်းရဲခြင်း မဖြစ်၊ အောက်မေ့တိုင်း အောက်မေ့တိုင်းခဏ၌ နှစ်သက်ဝမ်းသာခြင်း ပီတိသောမနဿသာလျှင် ဖြစ်၍နေ၏။ ထိုကဲ့သို့ နောင်တတဖန် မပူပန်ရသော နှလုံးပီတိတို့ဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်၍ ဆည်းပူးကြိုးကုတ် အားထုတ်အပ်သော ကောင်းမှုကုသိုလ်၏ အကျိုးတရားသည် မျက်မှောက်တမလွန်နှစ်ဖြာလုံး၌ ကောင်းမွန်သောချမ်းသာသုခတို့ကိုသာ ခံစားရလိမ့်မည်”ဟု မိန့်ကြားတော်မူလေသည်။


ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ကောင်းမှုကုသိုလ်ပြုလုပ်ခွင့်ရသော ဘုရားသာသနာနဲ့လည်း တွေ့ကြုံနေချိန်၊ လူ့ဘ၀ကိုလည်း ရရှိနေချိန်၊ ကောင်းမှုမကောင်းမှုကို ခွဲခြားတတ်သော ဗုဒ္ဓရဲ့အသိဉာဏ်ရှိနေချိန်တွင် ကောင်းမှုကုသိုလ်ကို မပြုလုပ်ပါက ထိုသူထက်မိုက်သောသူ အဘယ်မှာရှိတော့မည်နည်း။ ကောင်းမှုကုသိုလ်ပြုလုပ်သောအခါ၌လည်း သုမနပန်းသည်ကဲ့သို့ အသက်ကိုစွန့်ပြီး ယုံကြည်သောသဒ္ဓါတရား မဖြစ်နိုင်စေကာမှု သဒ္ဓါတရားအပြည့်အ၀ဖြင့် ယုံကြည်ပြီး လှူဒါန်းကြရန် လိုပါသည်။


သို့မှသာလျှင် သုမနပန်းသည်ကဲ့သို့ မျက်မှောက်ဘ၀မှာလည်း ချမ်းသာပြီး တမလွန်ဘ၀မှာလည်း နိဗ္ဗာန်သို့မရောက်သေးသမျှ ကာလပတ်လုံး ချမ်းသာသုခခံစားရာအမှန် လူ့ဘ၀၊ နတ်ဘ၀တို့သို့သာ ရောက်ရှိခံစားရမည် ဖြစ်ပါသည်။


သီလ၏ အဓိပ္ပါယ်ကို နောက်တစ်ပါတ်တွင် ဆက်လက်ရေးသား တင်ပြပါမည်။

0 comments:

Post a Comment

Powered by Blogger.