Sunday, May 30, 2010

ပညာပါရမီရှင်များ၏ ဆုံဆည်းရာ


28.05.2010. နေ့က ဒါနသီရိလင်္ကာအဖွဲ့မှ သီရိလင်္ကာနိုင်ငံ၌ Ph.D. M.phi. M.A. B.A ပညာ သင်ကြားနေကြသော မြန်မာသံဃာတော်များအား စင်္ကာပူ၊ ဘရူးးနိုင်း၊ အမေရိကန်၊ ထိုင်း၊ ကိုးရီယားစသော နိုင်ငံများမှ ပညာပါရမီရှင် ဒကာ-ဒကာမများမှ ပညာပါရမီ ထောက်ပံ့သော ပွဲပြုလုပ်ပါသည်။

ဘရူးးနိုင်းနိုင်ငံမှ ပညာပါရမီရှင် မယ်တော်ကြီး ဒေါက်တာ ဒေါ်သက်သက်နွယ်နှင့် စင်္ကာပူနိုင်ငံမှ ပညာပါရမီရှင် မယ်တော်ကြီး ဒေါ်တင်တင်မြင့်တို့မှ ဒါနသီရိလင်္ကာအဖွဲ့၏ကိုယ်စား ဦးဆောင်ပြီး လာရောက်လှူဒါန်း ကြပါသည်။ ပညာပါရမီရှင် မယ်တော်ကြီးတို့ ဦးဆောင်သော ဒါနသီရိလင်္ကာ အဖွဲ့သည် (၁၅)ကြိမ်မြောက် လာရောက် လှူဒါန်းခြင်း ဖြစ်ပါသည်။


ဒါနသီရိလင်္ကာအဖွဲ့သည် သီရိလင်္ကာနိုင်ငံ၌ ပညာသင်နေကြသော မြန်မာသံဃာပေါင်း (၂၀၀)နီးပါးကို ပညာသင်စရိတ် ထောက်ပံ့သည့်အပြင် သီရိလင်္ကာ၌ရှိသော မကုဋာရာမ မြန်မာကျောင်းကိုလည်း ဘက်စုံဖွဲ့ဖြိုး တိုးတက်အောင် လှူဒါန်းနေသော အဖွဲ့ပင် ဖြစ်ပါသည်။

သီရိလင်္ကာနိုင်ငံမှာ ပညာသင်လာကြသော မြန်မာရဟန်းတော်များသည် ချမ်းသာကြွယ်ဝပြီး ဘုန်းကံကြီးမား သော သံဃာတော်များ နည်းပါးပါသည်။ မိဘဆွေမျိုး ဒကာ-ဒကာမများဆီက မရှိမဲ့ရှိမဲ့လေးနဲ့ စုဆောင်းကာ လာရောက်ပညာ သင်ကြားနေရပါသည်။ ထို့ကြောင့်လည်း သူများနိုင်ငံမှာ လာရောက်ပညာသင် နေချိန်တွင် အသုံးစရိတ်များကို တတ်နိုင်သလောက် ချွေတာသုံးနေကြရပါသည်။ လိုင်းကားစီးသွားလို့ရသော နေရာတွင် Taxi မငှါးဘဲ လိုင်းကားစီးသွားပြီး အသုံးအဆောင်များကိုဝယ်ရာ၌လည်း မဖြစ်မနေအသုံးလိုသော ပစ္စည်းများကိုသာ ၀ယ်ယူကာ ချွေတာသုံးစွဲနေကြရပါတယ်။

မြန်မာနိုင်ငံမှာဆို အစားအသောက်ကို ကောင်းတာမှစားချင်လို့ ကောင်းတာဝယ်စား၊ ကောင်းတာကိုပဲ ဒကာ-ဒကာမတွေဆီမှာ အလှူခံပြီး စားခဲ့သောသံဃာတော်များသည် ဒီနိုင်ငံမှာ ပညာသင်နေချိန်တွင် မိမိဝတ္ထုငွေမလောက်မှာ စိုးရိမ်သောကြောင့် ကောင်းတာ စားချင်သော်လည်း ပိုက်ဆံသက်သာအောင် ဈေးအနည်းဆုံး အစားအစာများကို မကောင်းလည်း မြန်မာနိုင်ငံမှာလို ချေးများမနေနိုင်ဘဲ မှိတ်ကြိတ်ပြီး စားသောက်နေထိုင်ကြရပါသည်။ နေရာထိုင်ခင်းမှာလည်း မြန်မာနိုင်ငံမှာဆို အကောင်းဆုံး အိပ်ရာထိုင်ခင်း၊ အကောင်းဆုံးသင်္ကန်းတို့ကို သုံးဆောင်ခဲ့သော်လည်း ဒီမှာတော့ နေရာတကာချွေတာ နေရသောကြောင့် နေရာထိုင်ခင်း၊ သင်္ကန်းတို့မှာလည်း ဖြစ်သလိုနေ၊ ဖြစ်သလိုဝတ်၊ ဖြစ်သလိုစားကာ ဘ၀ကို ဖြတ်သန်း နေကြရပါသည်။

အခုလို ပညာတတ်သော ရဟန်းတော်များသည် မြန်မာနိုင်ငံမှာ ဇိမ်နဲ့ကိုယ်စားချင်တာစားပြီး ကိုယ်ဝတ်ချင်တာ၊ ကိုယ်နေချင်သလို နေနိုင်ဝတ်နိုင်သော်လည်း ဒီနိုင်ငံမှာ ဆင်းရဲပင်းပန်းခံကာ ဘာလို့ ပညာလာသင်ကြသလဲလို့ မေးလျှင် ကိုယ့်ဘာသာ သာသနာကို ဒီထက်မက တိုးတက်အောင်၊ ကိုယ့်လူမျိုးတွေကို အသိပညာ ဗဟုသုတတွေ တိုးတတ်အောင်၊ ကမ္ဘာကို မိမိတို့သာသနာဖြန့်ဖြူးနိုင်အောင် လုပ်ပေးချင်သောကြောင့် လာရောက် ပညာသင်ကြားနေကြခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ မရှိမဲ့ရှိမဲ့ ၀တ္ထုငွေလေးနဲ့ ကိုယ်ရောစိတ်ရော ပင်ပန်းခံပြီး ပညာလာသင်ကြသော မြန်မာရဟန်းတော် များကို မြန်မာနိုင်ငံမှ တခြားနိုင်ငံအသီးသီးသို့ ကိုယ်ရောစိတ်ရော ပင်ပန်းခံကာ နဖူးမှချွေး မြေကြီးကျအောင် တစ်ချို့ဆို ကိုယ်အသက်နဲ့ ရင်း၍လုပ်၍ရသော ပိုက်ဆံလေးတွေကို စုဆောင်းကာ သီရိလင်္ကာနိုင်ငံမှာ ပညာသင်နေကြသော ရဟန်းတော်များကို ပညာပါရမီဖြည့်ကျင့်တာသည် ကောင်းမွန်မြင့်မြတ်ပြီး အလွန် အကျိုးများသော အလုပ်ဖြစ်ပါသည်။

အခုလို ပြည်ပမှာ ပညာသင်ကြားနေကြသော မြန်မာရဟန်းတော်များကို ဒါနသီရိလင်္ကာအဖွဲ့မှ ထောက်ပံ့ လှူဒါန်းခြင်းသည် အများတကာထက် သာလွန်သော အလှူတစ်ခုလည်း ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သံဃာတော်များ လိုအပ်နေသော အချိန်မှာ လှူဒါန်းသောကြောင့်ပင် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ကိုယ်တိုင် ကလည်း ဒါန (၅)မျိုးထဲမှာ လိုအပ်နေတဲ့အချိန်မှာ လှူသောအလှူ (ကာလဒါန)သည် (ရွှန်းပျကျက်သရေ လက်လက်ဝေ) အမြဲတမ်းစိတ်ရွှန်းလန်းပြီး ကျက်သရေအပေါင်းနှင့်ပြည့်စုံကာ စည်းစိမ်ဥစ္စာများ လက်လက် ဝေနေနိုင်အောင် တိုးတတ်သောအကျိုးကို ခံစားရပါတယ်လို့ မိန့်ကြားခဲ့ပါသည်။

ဒီနိုင်ငံမှာပညာသင်ကြားနေကြသော မြန်မာရဟန်းတော်များသည် ယခုပညာသင်နေချိန်သာ ၀တ္ထုငွေရှားပါပြီး လိုအပ်နေပါလိမ့်မည်။ မြန်မာပြည်ကို ပြန်လာလျှင် သို့မဟုတ် ပညာတတ်ဖြစ်ပြီး တခြားနိုင်ငံမှာ သာသနာပြု နေထိုင်လျှင် ယခုလောက် လိုအပ်နေမည် မဟုတ်ပါ။ မြန်မာပြည်မှာပြန်လျှင်လည်း ပညာတတ် ဆရာတော်များ ဖြစ်သောကြောင့် သူ့ဒကာနဲ့သူတော့ ရှိနေပါလိမ့်မည်။ သို့မဟုတ်လည်း ကိုယ့်နိုင်ငံမှာမို့ အစစအရာရာ ပြည့်စုံ နေပါလိမ့်မည်။

အပြေးပြိုင်နေသောလူတစ်ယောက် မောပန်းနေချိန် လမ်းခုလပ်တွင် သူ့အတွက် ရေချမ်းတစ်ခွက်၊ သို့မဟုတ် လက်အုပ်သြဘာသံလေး တစ်ချက်ပေးလိုက်လျှင် အပြေးပြိုင်နေသူအတွက် အားရှိစရာ အဖိုးတန်ရတနာ တစ်ခုပင် ဖြစ်ပါသည်။ ပန်းတိုင်းရောက်လျှင် ပန်းကုံးစွပ်မည့်လူရော ရေချမ်းကမ်းမည့်လူရော လက်ခုပ်သြဘာသံ ပေးမည့်လူရော ပေါများနေချိန်တွင်ပေးသော ရေချမ်းတစ်ခွက်၊ လက်ခုပ်သြဘာသံ တစ်ချပ်သည် အများထဲတွင် ပေးသောအခါ ထိုအရာသည် မထင်ရှား၊ မထိရောက်ဘဲ ဖြစ်နေပါသည်။

ယခု ဒါနသီရိလင်္ကာအဖွဲ့သည် အပြေးပြိုင်နေသောသူကို လမ်းခုလပ်တွင် လက်ခုပ်သြဘာသံလို့တစ်မျိုး၊ ရေချမ်းလေးတစ်ခွက်လိုတစ်မျိုး ပေးကမ်းသကဲ့သို့ သီရိလင်္ကာ၌ ပညာသင်ကြားနေကြသော မြန်မာသံဃာ တော်များ လိုအပ်နေချိန်တွင် လှူဒါန်းသော အလှူငွေသည် မများသော်လည်း အလွန်ထိရောက် တန်ဖိုးရှိသော အလှူဒါနပင် ဖြစ်ပါသည်။ ထိုကဲ့သို့ တန်ဖိုးရှိပြီး မွန်မြတ်သော အလှူများကို ဒီထက်မက လှူနိုင်တန်နိုင်အောင် သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာများဖြင့် ပြည့်စုံကြပါစေလို့ အမြဲထာဝရစဉ် ဆုတောင်း မေတ္တာ ပို့သနေလျက်ပါ။

ထို့ပြင် ဒါနသီရိလင်္ကာအဖွဲ့သည် ဒီထက်မက ပညာပါရမီများ ဖြည့်ဆည်းနိုင်အောင် နိုင်ငံတကာ၌ နေကြသော မြန်မာများနှင့်လူမျိုးအားလုံး ဘာသာအားလုံးသည် ထိုဖွဲ့ကို ထောက်ပံ့လှူဒါန်းနိုင်ရန်လည်း ဆုတောင်းမေတ္တာ ပို့သနေရပါသည်။ နောက်ပြီး ဒါနသီရိလင်္ကာအဖွဲ့ကဲ့သို့ ပညာပါရမီဖြည့်သော အဖွဲ့များသည် နိုင်ငံတကာ၌ လည်း အဖွဲ့အစည်းများ ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်ပါ။

ဒါနသီရိလင်္ကာအဖွဲ့ကဲ့သို့ အဖွဲ့အစည်းများ အဘယ့်ကြောင့် နိုင်ငံတကာ၌ ရှိစေချင်တာလဲဟုမေးလျှင် ကောင်းသောအလုပ်၊ အများအကျိုးကို ဆောင်ရွက်သောအဖွဲ့ အစည်းမျိုးသည် ပိုများလေ ပိုကောင်းလေ ဖြစ်ပါသည်။ ဒါမှလည်း လူသားတို့သန္တာန်မှာ စိတ်ကောင်းလေးတွေ အမြဲတည်နေမှာပါ။ လူသားတို့သန္တာန်မှာ စိတ်ကောင်းရှိလေ ကမ္ဘာကြီး သာယာလေ ဖြစ်နေသောကြောင့် လူသားအားလုံးလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် နေထိုင်ရနေရပါလိမ့်မည်။

ပညာပါရမီသည် ဘ၀တိုင်းဘ၀တိုင်းမှာ အထူးလိုအပ်ပြီး အလွန်အရေးကြီးသော ပါရမီလည်းဖြစ်ပါသည်။ ပညာရှိမှ လူတော်ဖြစ်နိုင်သလို ပညာရှိမှ လူကောင်းလည်း ဖြစ်နိုင်ပြီး ဒုက္ခဆင်းရဲခပ်သိမ်း ကင်းငြိမ်းပြီး အချမ်းသာဆုံး အမြတ်ဆုံး ရွှေပြည်နိဗ္ဗာန်ကိုလည်း ပညာရှိမှ ရောက်ပါလိမ့်မည်။

ထို့ကြောင့် ပညာပါရမီပြည့်အောင် စာရေးသူလည်း ရခဲလှသော လူ့ဘ၀မှာ သိခဲလှသော ဗုဒ္ဓဘာသာ အသိဉာဏ်လေးရှိချိန် ကြုံခဲလှသော မြတ်စွာဘုရားသာသနာမှာ မိမိတတ်နိုင်သလောက် ပညာသင်ပြီး ကိုယ်တတ်သမျှကို ဘ၀နဲ့ရင်းပြီး အများအကျိုးရှိအောင် လုပ်ဆောင်သွားပြီးဟု ဆုံးဖြတ်ကာ တတ်နိုင်သလောက် ပညာသင်ကာ တတ်နိုင်သလောက်လည်း ဖြန့်ဖြူးပေးခဲ့ပြီးပါပြီ။ စာရေးသူသည် သာသနာ့တက္ကသိုလ်မှ B.A ဘွဲ့အောင်မြင်ပြီးချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့လေးသို့ သာသနာပြုတာဝန် (၂)နှစ်ထမ်းဆောင်ရန် မိမိဇာတိရပ်ရွာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ လက်ပန်မြောက်ရွာမှ ခွဲခွာပြီး တနိုင်းမြို့လေးကို သွားရောက်ကာ အတန်းပညာရေး၊ ဗုဒ္ဓဘာသာပညာရေး၊ ကွန်ပျုတာ၊ အင်္ဂလိပ်စာတို့ကို သင်ကြားပေးခဲ့ပါသည်။ (၂)နှစ်သာ တာဝန်ကျသော်လည်း မိမိသည် (၃)နှစ်တိုင်တိုင် ပညာပါရမီဖြည့်ခဲ့ပါသည်။

ယခု ဒီနိုင်ငံမှာ M.A တက်ပြီး နောက်နှစ်တွင် တနိုင်းမြို့လေးကို တဖန်ပြန်လည်ကာ ပညာပါရမီ ဖြည့်ဆည်းသွားဖို့ ဆုံးဖြတ်ထားခြင်းသည် မိမိရနေသော လူ့ဘ၀ကို အကျိုးရှိအောင် အသုံးချခြင်းပင် ဖြစ်ပါ သည်။ ထို့ကြောင့် လူသားအားလုံးသည် မိမိရနေသော လူ့ဘ၀ကို တန်ဖိုးရှိရှိနဲ့ ဘ၀ကို အသုံးချတတ်ကြပါစေလို့ မေတ္တာပို့သလျက်...........................
အရှင်ကောမလ
သာသနတက္ကသီလဓမ္မာစရိယ
B.A (Buddhism)
M.A (university of Kelaniya)
Colombo, Sri lanka.

0 comments:

Post a Comment

Powered by Blogger.