Tuesday, April 6, 2010

သီရိလင်္ကာ၌ နေထိုင်ရပုံ

သီရိလင်္ကာနိုင်ငံ၌ ပညာသင်လာကြသော မြန်မာရဟန်းတော်များသည် ကုလားကျောင်းများ၌ ကပ်နေရသော ရဟန်းများရှိသလို မြန်မာကျောင်း၌နေရသော ရဟန်းတော်များလည်း ရှိပါသည်။ ထို့တွင် ဆွမ်းအတွက်ကို ကုလားကျောင်းမှာနေသော ရဟန်းများက ကုလားကျောင်းကဆွမ်းကို စားရသော ရဟန်းများရှိသကဲ့သို့ ကိုယ်ဘာသာချက်စားရသော ကုလားကျောင်းများလည်း ရှိပါသည်။ မြန်မာကျောင်းမှာတော့ အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ကို စုပေါင်းချက်စားကြပါသည်။ ထို့သို့ ချက်စားဖို့ရန် ငွေကို လစဉ်ကြေးဖြင့် စုထားပြီး ဆွမ်းချက် အလှည့်ကိုလည်း ကိုယ့်ရက်နဲ့ကိုယ် တာဝန်ယူကြရပါသည်။


မြန်မာကျောင်းသည် တစ်ကျောင်းသာရှိပြီး အခန်းလည်း နည်းသောကြောင့် သံဃာ (၆၀)လောက်သာ နေရပါသည်။ မြန်မာကျောင်းမှာ နေရာမရှိသောအခါ နောက်မှရောက်လာသော ရဟန်းတော်များသည် ကုလား ကျောင်းတွေမှာ ကပ်နေရပါသည်။ ဘယ်ကျောင်းမှာနေနေ နေ့ဆွမ်းကတော့ စုပေါင်းချက်စားရသည်ကများပြီး ကုလားကျောင်းမှာ ကုလားထမင်း ကုလားဟင်းစားရသည်ကနည်းပါသည်။ အာရုဏ်ဆွမ်းကတော့ မြန်မာကျောင်းမှာ ချက်စားကြသော်လည်း ကုလားကျောင်းမှာတော့ မြန်မာပြည်က ပါလာသော ကော်ဖီမစ်နဲ့ ရောင်းရဲရပါသည်။

သို့သော်လည်း တစ်ခါတလေ ဆွမ်းကပ်ပွဲဆိုတာ ရှိပါသည်။ ကိုးရီးယား၊ စင်္ကာပူ၊ မလေးရှား၊ အမေရိကန်စသည့်နိုင်ငံများမှ ဒကာ၊ ဒကာမများကလည်းကောင်း ဘုန်းကံကြီးမားသော သံဃာများမှ လည်းကောင်း ဆွမ်းကပ်လျှင် သီရိလင်္ကာမှာနေသော ရဟန်းတော်များသည် မြန်မာကျောင်းသို့ လာရောက်ပြီး ဆွမ်းစားကြပါသည်။ ဆွမ်းကပ်ရှိလျှင် အချင်းချင်းဖုန်းဆက်ကာ အကြောင်းကြားကြပါသည်။ အဲဒီလို ဆွမ်းကပ်ရှိသောနေ့ဆိုလျှင် မြန်မာသံဃာတော်များကို စုံညီစွာဖူးမြင်ရပါသည်။ ဒီနိုင်ငံမှာ ဖုန်းကလည်း လူတိုင်းကိုင်နိုင်သည့်မို့ ဆက်သွယ်ရေးကတော့ အလွန်ကောင်းမွန်ပါသည်။ အင်တာနက်ကလည်း ကိုယ်စီသုံးကြပါသည်။ အင်တာနက်မှ အင်္ဂလိပ်စာလေ့လာ ၀က်ဆိုက်တွေကနေ အင်္ဂလိပ်စာဖြေကြပါသည်။ အင်တာနက်ကိုယ်ပိုင်သုံးကြသောကြောင့် စာရေးဝါသနာပါသော သံဃာများသည် ဘလော့များ ၀က်ဆိုက် များလည်း ကိုယ်ပိုင်ရှိကြပါသည်။ အင်တာနက်မှ ဗဟုသုတများလည်း ရှာဖွေကြပါသည်။

သီရိလင်္ကာနိုင်ငံသည် တခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် တိုးတက်သောနိုင်ငံသောမဟုတ်ပါ။ သို့သော် ဒီနိုင်ငံသည် ပညာရေးကို အထူးအားပေးကာ ပညာရေးကို အထူးအလေးထားပါသည်။ ထို့ကြောင့်လည်း ဒီနိုင်ငံကို ဘာသာရေးပညာ သိချင်သူများသည် လာရောက်ပညာသင်ကြပါသည်။ ဒီနိုင်ငံသည် ဘာသာရေး ပညာကို ပိုအလေးထားသည်ကို တွေ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့ ဘုန်းတော်ကြီးများတတ်သော တက္ကသိုလ်တွင် မြန်မာရဟန်းတော်များသာမက ကိုးရီးယားရဟန်း၊ သီလရှင်၊ ဘင်္ဂလားဒေ့ရှ်ရဟန်း၊ သီလရှင်၊ သီရိလင်္ကာရဟန်း၊ သီလရှင်၊ နောက်ပြီး သီရိလင်္ကာနိုင်ငံမှ အသက်(၂၀)ကျော်လူငယ်များနဲ့ အသက် (၅၀)ကျော် လူကြီးများနှင့်မိန်းမကြီးများပါ လာရောက်တတ်ကြပါသည်။ သူတို့သည် ဘာသာရေးကို သိလိုတာရော ပညာရေးကို တတ်ချင်တာရောကြောင့်သာ အသက်အရွယ်ကြီးသော်လည်း ပညာသင်ကြပါသည်။

မိမိတို့မြန်မာနိုင်ငံမှာ အသက်(၅၀)ကျော်တွေ ပညာသင်သည်ကို မတွေ့ဖူးခဲ့ပါပေ။ မိမိတို့မြန်မာနိုင်ငံမှာ ဘာသာရေးပညာ ယဉ်ကျေးမှုသင်တန်းဆိုလျှင် တတ်ချင်သိချင်တဲ့လူ အင်မတန်နည်းပါးသည်ကို တွေ့ရပါ သည်။ နောက်ပြီး ဆယ်တန်းကျော်သော လူငယ်တွေ လူကြီးတွေဆိုလျှင် ဘာသာရေးပညာ ယဉ်ကျေးမှု သင်တန်းကို မတတ်ကြပါ။ သိလို့လားဆိုတော့ ဘာသာရေးနဲ့ပတ်သတ်လျှင် ဘာမှမသိပါ။ ထို့ကြောင့်လည်း ဘာသာခြားတို့က စီးပွားရေးနဲ့ဖြားယောင်းလျှင်လည်းကောင်း၊ ကိလေသာနဲ့ဖြားယောင်းလျှင်လည်းကောင်း ဘာသာရေးကို တန်ဖိုးထားရမှန်း တန်ဖိုးရှိမှန်း၊ မိမိဘာသာဟာ ဘယ်လောက်ထိ အသုံးဝင်တယ် အကျိုးရှိတယ်ဆိုတာကို မသိသောကြောင့် ဘာသာခြားတို့နောက်ပါကာ ဘာသာပြောင်းဘ၀သို့ ရောက်သွားကြသည်ကို မကြာခဏ တွေ့ရမြင်ရ ကြားရပါသည်။ အဘယ့်ကြောင့် သင်တန်းမတတ်တာလဲဟု မေးလျှင် ပညာရေးကို တန်ဖိုးထားရမှန်း မသိတာရယ် ဘာသာရေးကို တန်ဖိုးမထားတာရယ် အပျင်းကြီးပြီး အပျော်အပါးမက်တာရယ်ကြောင့် ဖြစ်ပါသည်။

မိမိတို့လည်း ဒီနိုင်ငံကိုရောက်မှ မြန်မာနိုင်ငံရဲ့ ပညာရေးကို အလေ့ထားမှုနည်းတာရယ်၊ ဘာသာရေးကို အလေးထားမှုနည်းတာရယ်၊ မြန်မာလူမျိုးများဟာ အပျော်အပါးမက်ပြီး အပျင်းကြီးတာရယ် ပညာသင်တဲ့ နေရာမှာ အသက်ကြီးလို့ ပညာသင်ရမှာ မရှက်သင့်တာရယ် တို့ကို သိရှိခဲ့ရပါသည်။ တကယ်တော့ ပညာရေး ထဲမှာ ဘာသာရေးပညာဟာ အထိန်းအကွတ်ပါ။ အဲဒီအထိန်းအကွတ်မရှိလျှင် ပညာရေးဘယ်လောက် တတ်တတ် လိုအပ်သလို အသုံးမ၀င်ဘဲ ဖြစ်တတ်ပါသည်။ မြတ်စွာဘုရားကိုယ်တိုင်ကလည်း ၀ိဇ္ဖာစရဏ သမ္ပန္နောလို့ မိန့်ခဲ့ပါသည်။ အတတ်ပညာတစ်ခုတည်းနဲ့ လူတော်လူကောင်း မဖြစ်နိုင်ပါဘူး။ ပညာရေးရော အကျင့်စာရိတ္တရော ကောင်းမှသာလျင် လူတော်လူကောင်းဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ဘာသာရေးပညာကို အထူးသင် အထူးသိဖို့ လိုပါသည်။

ထို့ကြောင့်လည်း ဦးဇင်းအနေနဲ့ ကိုယ့်မြန်မာလူမျိုးတွေကို အတတ်ပညာ အသိပညာ ဘာသာရေးပညာများကို အထူးကြိုးစားသင်ယူပြီး မပျင်းကြဖို့ တိုက်တွန်းလိုက်ပါသည်။

0 comments:

Post a Comment

Powered by Blogger.