Tuesday, April 6, 2010

ဗောဓိပူဇာ...

ယခုတင်ပြထားသော ဓာတ်ပုံများမှာ 08.03.2010 ရက်နေ့တွင် ကျင်းပသော သီရိင်္ကာနိုင်ငံ၏ ဗောဓိပူဇာပွဲသဘင်ဖြစ်ပါသည်။ ဦးဇင်းတို့ မြန်မာနိုင်ငံဆိုရင်တော့ ညောင်ရေသွန်းပွဲပုံစံ ဖြစ်ပါသည်။ သူတို့ရဲ့ဓလေ့မှာ ဗောဓိညောင်ပင်ရှိသော ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ လူတွေစုပေါင်းပြီး ရေလောင်းခြင်း၊ ဆီးမီးထွန်းခြင်းများ ပြုလုပ်ကြပါသည်။ ထို့နောက် မြို့၌ရှိသော သံဃာများကို ပင့်ဖိတ်၍ သီလယူ ပရိတ်တရားများ နာယူကြပါသည်။ သံဃာများကို သင်္ကန်းစသည်များ လှူဒါန်းကြပါသည်။ နိုင်ငံ၏ အရာရှိသော လူများလည်း လာရောက်ပူဇော် ပရိတ်တရား နာကြပါသည်။

ဦးဇင်းလည်း သူတို့နိုင်ငံက သူတို့လူမျိုး ဘုန်းကြီးများကိုပင့်သော ထိုပွဲတော်၌ မိမိ၏သူငယ်ချင်း ကုလားဘုန်းကြီး တစ်ပါးက သူမလိုက်သောကြောင့် မိမိကို သူ့ကိုယ်စားထည့်လိုက်၍ လိုက်သွားဖြစ်ခဲ့ပါသည်။ ဒီနိုင်ငံ၏ ထူးခြားချက်မှာ ဘုရားသံဃာရှေ့၌ ထိုင်သောအခါ တင်ပလ္လင်ခွေ မထိုင်ကြပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင်ကို လိုက်တုပြီးထိုင်သလို ဖြစ်နေမှာဆိုးသောကြောင့် မထိုင်ကြခြင်းဖြစ်လိမ့်မည်ဟု ထင်ရပါသည်။ များသောအားဖြင့်တော့ တင်မလွဲ ထိုင်ကြသော်လည်း အချိန်ကြာမည်ဟု ထင်ရသောပွဲမျိုး၌ ခြေထောက်ဆင်း၍ ထိုင်ကြပါသည်။ လူတွေသာ တင်ပလ္လင်ခွေ မထိုင်ရခြင်းမဟုတ်ဘဲ ဘုန်းကြီးများလည်း မထိုင်ရပါ။ ဘုန်းကြီးများသည် ထိုင်ခုံပေါ်မှာ ခြေချထိုင်ရပါသည်။ ထိုပွဲမှာ လူများစည်းကားလှသည်ကို တွေ့ရပါသည်။


သူတို့လူမျိုးတွေ အံ့သြစရာတစ်ခုတော့ ကောင်းပါသည်။ ဘုန်းကြီးကတရားဟောတာ ဘယ်လောက်ရှည်ရှည် ထပြန်သွားတာ အပြင်ထွက်တာ မရှိကြပါ။ နောက်ပြီး အခမ်းအနားမှာ ဘယ်သူက ဘယ်လောက်စကားရှည်ရှည် ဆူးညံ့မှုလုပ်တာ ထသွားတာလည်း မရှိပါ။ ထိုပွဲကိုလာသော အရာရှိများက တရားနာလာသော ပရိတ်သတ်တွေကို အကျီင်္စတွေ ဝေပေးသည်ကို တွေ့ရပါသည်။ အရာရှိတွေကလည်း လူတွေကို ဖော်ဖော်ရွေရွေနဲ့ တစ်ယောက်မကျန် လိုက်ပေးပါသည်။ ဘုန်းကြီးတွေကို သင်္ကန်းတစ်စုံဆီ လှူပါသည်။

နောက်ပြီး ဒီနိုင်ငံရဲ့ ထုံးစံက ဘုန်းကြီးများကို လမ်းဘေးထိုင်တာ အိမ်တွေရုံးတွေ ကားပေါ်တွေမှာ မတ်တတ်ရပ်တာလည်း မလုပ်ရပါ။ သင်္ကန်းကို ခေါင်းပေါ်မတင်ရပါ။ သင်္ကန်းကိုနောက်၌ တွဲလွဲချမထားရပါ။ ဘာဖြစ်လို့လဲဆိုတော့ သင်္ကန်းကိုခေါင်းပေါ်တင်တာသည် ဆာရီကုလားမများ ခေါင်းတင်တာနဲ့ တူနေသလို သင်္ကန်းကိုနောက်၌ တွဲလွဲချထားခြင်းသည် ဆာရီကုလားမများ အ၀တ်ဝတ်သော ပုံစံနဲ့တူသောကြောင့်ဟု သိရပါသည်။ ထို့ကြောင့် သင်္ကန်းကို နောက်ကနေသိမ်းပြီး ကိုင်ရပါသည်။ နောက်ပြီး ဒီမှာက ခေါင်းရမ်း ပြတာသည် ဟုတ်ကဲ့၊ ကောင်းပါတယ်ဟု ယူဆပါသည်။

ထို့ကြောင့်လည်း ဦးဇင်းသူငယ်ချင်းတစ်ပါး ဆွမ်းစားတစ်ခါလိုက်သွားသောအခါ သူတို့သီရိလင်္ကာကလူတွေရဲ့ ထုံးစံအတိုင်း ဟင်းများလိုက်ထည့်ပေးသောအခါ ထိုဦးဇင်းက ဟင်းမကြိုက်၍ မစားချင်ဘူး မကြိုက်ဘူးဆိုသော အမူအရာနဲ့ မြန်မာထုံစံအတိုင်း ခေါင်းရမ်းပြလိုက်သောအခါ လူတွေက ”အင်း“လို့ ပြောတာပဲဟု ယူဆကာ ဟင်းကို အတင်းထည့်ပါတော့သည်။

ဒီနိုင်ငံမှာ ကားတွေက ပေါပြီး လမ်းနေရာက ကျဉ်းနေပါသည်။ လမ်းကျဉ်းဆို နှစ်လမ်းသွားတွေဖြစ်ပါသည်။ ဒါပေမဲ့ ဒီနိုင်ငံက ကားပေါသည်၊ နိုင်ငံက ကျွန်းနိုင်ငံဆိုတော့ မြေနေရာရှားပါးသည်။ သို့သော်လည်း ကားလမ်းဘေးတိုင်းမှာ လူသွားလမ်းကို သီးသန့်ထားကြပါသည်။ ဒီနိုင်ငံကလူတွေ ဒေါသထွက် နည်းသည်ကိုလည်း တွေ့ရပါသည်။ ကားမောင်းသောအခါ ကားတွေကို့လို့ကန့်လန့် လုပ်ရင်လည်းကောင်း လမ်းသွားလူတွေက ကို့လို့ကန့်လန့်လုပ်ရင်လည်းကောင်း ဆဲတာ ကြိမ်းမောင်းတာတွေ မရှိကြပါ။ ကားချင်းမတော်တဆ တိုက်မိရင်တောင် ဘာမှဒေါသထွက်ခြင်းမရှိဘဲ အသာလေး မောင်းသွားသည်ကို တွေ့ရပါသည်။

ဒီတစ်ခါတော့ ဒီလောက်နဲ့ပဲ တော်လိုက်ပါအုန်းမယ်။ နောက်မှ တွေ့ကြုံရသော ဗဟုသုတများကို ထပ်ရေးပါအုန်းမည်။

0 comments:

Post a Comment

Powered by Blogger.