Wednesday, October 27, 2010

ဆန်နီနေမင်း အမေးအဖြေ ဒုသနသောနဲ့ပတ်သတ်၍

ဆရာတော်ဘုရား။ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ဒုသနသောအကြောင်း သိသ၍ အကြောင်းပြန်ကြား ပေးစေချင်ပါတယ်။ ဆရာတော်ဆီက ပြန်စာရမှ မသိသေးတဲ့သူများကိုပြန်၍ ဖေါက်သည်ချနိုင်ပါမည်ဘုရား။

ရိုသေစွာဖြင့်

ဒကာတော်ရေ ဒုသနသောနဲ့ပတ်သတ်ပြီး မြန်မာဇာတ်ကား ရိုက်ထားတာရှိပါတယ်လေ။ ကဿပဘုရားရှင် လက်ထက်တော်အခါတုန်းက သူဌေးသား(၄)ဦးသည် ယောက်ျားရှိသော မိန်းမများအားလည်းကောင်း၊ ပိုက်ဆံပေးပြီး ငှားရမ်း၍ရသော မိန်းကလေးများအားလည်းကောင်း ကာမေသုမိစ္ဆာစာရကံကို ကျူးလွန် ခဲ့ကြတယ်။


အဲဒီကံကြောင့် သူတို့လေးဦးသည် သေလွန်သောအခါမှာ လောဟကုမ္ဘီငရဲ၌ ဆင်းရဲဒုက္ခများစွာကို ခံစားနေရလေတယ်။ ဒီလိုနဲ့ ယခုပွင့်တော်မူခဲ့သော ဂေါတမဗုဒ္ဓလက်ထက်တွင် ကောသလအမည်ရှိသောဘုရင်သည် တစ်ပါးသောယောက်ျားရှိ မယားတစ်ယောက်အား လိုချင်၍ ယောက်ျားဖြစ်သူကို သေဒဏ်ပေးနိုင်အောင် မဖြစ်နိုင်သောအလုပ်တစ်ခုကို ခိုင်းခဲ့လေသည်။ ထိုယောက်ျားသည် သူတော်ကောင်းတစ်ယောက်ဖြစ်သောကြောင့် သူမဖြစ်နိုင်သည့် နဂါးပြည်ရှိသော မြေမုန့်နှင့်သစ်ပင်ကို နဂါးမင်း၏ အကူအညီဖြင့် ရရှိခဲ့လေသည်။

သို့သော်လည်း နေ့ချင်းမပြန်နိုင်အောင် ဘုရင်၏ အထောက်တော်အမတ်များက မြို့ရိုးတံခါးကို မိုးမချုပ်ခင် ပိတ်ထားခဲ့ကြတယ်။ ယောက်ျားဖြစ်သူလည်း တံခါးပိတ်ထားသောကြောင့် မြို့ပြင်မှာပင် အိပ်ခဲ့ရ၏။ ကောသလဘုရင်သည် သူ၏ မကောင်းသော အကြံကြောင့် ထိုညမှာပင် ကဿပဘုရားရှင်လက်ထက်၌ ကာမေသုမိစ္ဆာစာရကံကို ကျုးလွန်ခဲ့သော သူဌေးသားလေးဦးတို့၏ အော်ဟစ်သံကို ကြားခဲ့ရလေသည်။ သူဌေးသားလေးဦးတို့သည် ၎င်းတို့ခံနေရသော ငရဲပြည်ဒယ်အိုးကြီးထဲမှ အပေါ်သို့ ခေတ္တပေါ်လာချိန်တွင် နောက်တစ်ခါ ငရဲပြည်မှလွတ်၍ လူပြည်ပြန်ရောက်လျှင် ထိုကာမေသုမိစ္ဆာစာရကံစသော မကောင်းမှုများကိုရှောင်ကြဉ်ပြီး ကောင်းမှုကုသိုလ်များကိုသာ ပြုလုပ်မည်ဟု အော်ဟစ်ပြောဆိုကြလေသည်။

ထိုလေးဦးတို့သည် တစ်ယောက်ပေါ်လာလျှင် တစ်ခါအော်ဟစ်ကြရာ လေးဦးလုံးခေတ္တပေါ်ပေါက်လာချိန် သူတို့ပြောချင်သောစကားများကို အကုန်ပြောချင်ကြသော်လည်း ငရဲအိုးထဲမှ ခေတ္တမျှသာ အပေါ်သို့ လည်ပင်းပေါ်ရုံလေးပေါ်လာပြီး အောက်သို့ပြန်နစ်မြုစ်သွားကြလေသည်။ ထို့ကြောင့် သူတို့ပြောသောစကား၏ အဓိပ္ပါယ်ကို ကောသလမင်းသည် အကုန်မကြားရဘဲ လေးယောက်လုံး၏ အစဦးဆုံးတစ်လုံးစီသာ ကြားခဲ့ရလေ၏။

ကောသလဘုရင်သည် အဲဒီသူဌေးသားလေးဦးတို့၏ ဒုသနသော လေးလုံးကိုကြားရသောအခါ ထိတ်လန့်ခြင်းများဖြစ်ပြီး ဇောချွေးပြန်၍ နှိုးခဲ့လေသည်။ ထိုအကြောင်းအရာများကို မြတ်စွာဘုရားအား သွားရောက်မေးမြန်းသောအခါ မြတ်ဗုဒ္ဓက ထိုဒုသနသောဟူသော အသံလေးမျိုးသည် အရင်ဘုရားရှင်လက်ထက်က ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သော သူဌေးသားလေးဦး၏ အော်သံများဖြစ်ကြောင်း မိန့်ကြားခဲ့လေသည်။

ကာမေသုမိစ္ဆာစာရကံနဲ့ပတ်သတ်၍ သိသင့်သိထိုက်သော အချက်အလက်များကို ဦးဇင်းအရင်က ကိုယ်ပိုင်ဘဘော့၌လည်းကောင်း သူများဝက်ဆိုက်များ၌လည်းကောင်း တင်ထားခဲ့ပြီးဖြစ်သောကြောင့် ထိုနေရာများ၌သာ ဖတ်ရှု့ကြပါလေ။

(ဓမ္မပဒအဋ္ဌကထာ(ပ)အုပ်၊ စာမျက်နှာ(၂၈၄)တွင် အကျယ်ကြည့်ရှု့နိုင်ပါသည်။)

0 comments:

Post a Comment

Powered by Blogger.