Sunday, October 24, 2010

ဆန်နီနေမင်း အမေးအဖြေ စိတ်စေတနာနှင့်ပတ်သတ်၍

အရှင်ဘုရား...အဝေးမှ ဦးတင်ပါသည်..အရှင်ဘုရား။

တပည့်တော်မှာမေးစရာမေးခွန်းတွေရှိနေလို့မေးခွင့်ပြုပါဘုရား။

၁။ စေတနာသည် ကံဖြစ်သည်လို့ဖတ်ဘူးပါတယ်(ဟုတ် မဟုတ်အရင်သိလိုပါတယ်ဘုရား) ဟုတ်ခဲ့ရင်

(က) စေတနာစေတသိက်ပါသော အမှုကိစ္စအားလုံးသည် သံသရာရှည်စေသော အကြောင်းရင်းဟုတ်ပါသလား (အရပ်သုံးပြောဆိုနေကြသောစေတနာသည် စေတနာစေတသိက်ကိုပဲ ရည်ရွယ်ပါသလား)

(ခ) ဘုရားရဟန္တာတွေရဲ့စိတ်တွေဟာ ကြိယာသက်သက်ဖြစ်တယ်လို့လဲ မှတ်သားဘူးပါတယ်ဘုရား။ (ဟုတ် မဟုတ်) ဟုတ်ခဲ့ရင်။

(ဂ) ကြိယာစိတ်မှာ ဘယ်လိုစေတသိတ်တွေနဲ့ ဘယ်လိုအမှုကိစ္စတွေဆောင်ရွက်လဲ သိချင်ပါတယ်ဘုရား။

၂။ ကောင်းမှုမကောင်းမှု ဘယ်လိုအမှုပဲပြုပြု သဘာဝနိယာမအရ တူညီတဲ့အကျိုး ပြန်လည် သက်ရောက်တယ်.(ကောင်းတာရော..မကောင်းတာတွေပါ..ပြန်လည်လာမယ်)လို့လဲမှတ်သားဘူးပါတယ်ဘုရား။ (ဟုတ် မဟုတ်) ဟုတ်ခဲ့ရင် ဥပမာလေးတခုနဲ့ စိတ်တခုဖြစ်ပုံနဲ့ စိတ်ရဲ့ ဘယ်အခြေအနေ ဘယ်အဆင့်မှာ ဘယ်လိုစွမ်းအားနဲ့ (action & reaction) သဘာဝနိယာမကို ဘယ်လိုဆက်စပ်ဆင်ခြင်ရမလဲဆိုတာ သိချင်ပါတယ်ဘုရား။ ရိုသေစွာဦးတင်လျှက်..


ဖြေ။ ။ (၁-က) စေတနာသည် ကံဖြစ်တယ်ဆိုတာ ဟုတ်ပါပေသည်။ စေတနာသည် စေတသိက်ပင်ဖြစ်ပါသည်။ အလုပ်ကိစ္စမှန်သမျှသည် ကံပင်ဖြစ်ပါတယ်။ စေတနာပါသော အမှုကိစ္စအားလုံးသည် သံသရာရှည်စေသော အလုပ်များမဟုတ်ပါပေ။ သံသရာမှ တဖြည်းဖြည်း လွှတ်အောင်အားထုတ်မှုနဲ့ အမြန်လွှတ်အောင် အားထုတ်မှုသာ ကွာခြားပေသည်။

ဒါနအမှုကိုပြုလုပ်သောသူသည် သံသရာတွင် ကြီးပွားချမ်းသာပြည့်စုံ၍ နေသောကြောင့် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာကို အေးဆေးစွာ ပြုလုပ်နိုင်ပါသည်။ ဒါနအမှုကို မလုပ်ခဲ့၍ ဆင်းရဲနေသောပုဂ္ဂိုလ်သည် စားဝတ်နေရေးအတွက် အလုပ်မအားသောကြောင့် ဥပုသ်သီလ ဆောက်တည်ရန် ခက်ခဲသကဲ့သို့ တရားအလုပ်ကို အေးဆေးစွာလုပ်ရန်မှာလည်း မိမိမှာ မပြည့်စုံသောကြောင့် နောက်ကြောင်းမအေးဘဲဖြစ်နေတတ်၍ တရားအလုပ်ကို စိတ်ချလက်ချ မပြုလုပ်နိုင်ကြပေ။

ထို့ကြောင့် ဒါနအလုပ်သည် သီလ ဘာဝနာတို့ကိုလုပ်ဆောင်ရန်အတွက် နောက်ခံအထောက်အပံ့ဖြစ်ပေသည်။ သို့ဖြစ်၍ ဘုရားရှင်သည် ဒါနပါရမီကို အစဦးစွာ ဖြည့်ကျင့်ခဲ့ပေသည်။

သံသရာရှည်စေသောတရားများသည် အကုသိုလ်အလုပ်များသာ ဖြစ်ပေသည်။ တစ်ချို့က ဒါနလုပ်ခဲ့၍ ချမ်းသာသော်လည်း သီလအလုပ် တရားအလုပ်တို့ကို မလုပ်သောကြောင့် သံသရာ၌ ရှည်လျားနေတတ်ပေသည်။ ဒီလောက်ဆိုရင် နံပါတ်(၁-က) ရှင်းလိမ့်မည်ထင်ပါသည်။

(ခ) ဘုရားရဟန္တာများ၏ စိတ်သည် ကြိယာစိတ်ဖြစ်ပါပေသည်။

(ဂ) ကြိယာစိတ်ဆိုသည်မှာ ကုသိုလ်အကုသိုလ်မှလွတ်သောစိတ်ကို ဆိုလိုပေသည်။ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်တယ်ဆိုရာ၌ အကြောင်းတရား၏ ရည်ရွယ်ချက် မျှော်လင့်မှုပေါ်မှာမူတည်ပြီး အလုပ်လုပ်ကြသောကြောင့် ထိုမူတည်လုပ်သော အမှုကိစ္စအလျောက် အကျိုးပေးဆိုတာ ဖြစ်လာရပေသည်။

ဥပမာ-မိမိက လူတစ်ယောက်ကို ကူညီရာ၌ သူ့ဆီမှ ပြန်လည်၍ ကူညီမှုကို လိုချင်သောကြောင့်လည်းကောင်း၊ သူ့၏ ကျေးဇူးဆပ်ခြင်းတစ်ခုခုကို လိုချင်သောကြောင့် လည်းကောင်း ပြုလုပ်ပေးလျှင် ထိုသူထံမှ တုန့်ပြန်မှုကို မိမိက ခံစားချင်သော ဆန္ဒနဲ့ပြုလုပ်ခြင်းကြောင့် ထိုသူက ကောင်းသောတုန့်ပြန်မှုကိုပေးလျှင် ကောင်းသောတုန့်ပြန်မှုကို ခံစားရမည်။ မကောင်းသောတုန့်ပြန်မှုကို ပေးလျှင် မကောင်းသော တုန့်ပြန်မှုကို ခံစားရပေမည်။

မိမိက လူတစ်ယောက်ကို ကူညီသောအခါ သူ့ဆီမှ ဘာမျှော်လင့်ချက် အကူအညီ တုန့်ပြန်မှုကိုမှ မလိုချင်ဘဲ ကူညီရုံသက်သက်ဖြစ်လျှင် ထိုလူဆီမှ ဘယ်လိုတုန့်ပြန်မှုလာလာ မိမိသည် လက်မခံသောကြောင့် သူ၏တုန့်ပြန်မှုသည် အရာမရောက်တော့ပေ။

ထို့အတူ ကိလေသာမကင်းသေးသော ပုဂ္ဂိုလ်များသည် အကြောင်းတစ်ခုခုကိုပြုလုပ်ရာတွင် အကျိုးတစ်ခုခုရဖို့ရန် မျှော်လင့်ချက်ထားပြီး ပြုလုပ်ကြသောကြောင့် မိမိလုပ်သောအကြောင်းတရားသည် အကျိုးပေးတစ်ခုခု ရရှိနေပေသည်။ ထို့ပြင် မိမိတို့မှာ အကျိုးပေးရန်အတွက် အကျိုးပေးကိုခံစားရန် ခန္ဓာတစ်ခုခုဖြစ်ရန်လည်း ရှိနေပေသေးသည်။ ထိုအကျိုးပေးရန် ခန္ဓာကိုယ်ကို နောက်ထပ်ခန္ဓာကိုယ်မဖြစ်အောင် မပယ်သတ်နိုင်သေးသောကြောင့်လည်းကောင်း အကြောင်းတစ်ခုကို ပြုလုပ်ရာတွင်လည်း မျှော်လင့်ချက်ကိလေသာတစ်ခုခုနဲ့ လုပ်နေသေးသောကြောင့် ကုသိုလ်အကုသိုလ်ကံ တို့က အကျိုးပေးနေခြင်း ဖြစ်ပေသည်။

ဘုရားရဟန္တာတို့သည် အကျိုးပေးရန် ခန္ဓာကိုယ်ကိုလည်း နောက်ထပ် မဖြစ်နိုင်အောင် ပယ်သတ်ထားသောကြောင့်လည်းကောင်း အကြောင်းတစ်ခုခုကို လုပ်သောအခါ၌လည်း ဘာမျှော်လင့်ချက်မှမရှိဘဲ လူတစ်ယောက်အပေါ်မှာ ကူညီရုံသက်သက်မျှသာ သဘောထားသကဲ့သို့ လုပ်ဆောင်သောကြောင့် ကုသိုလ်ကံတို့က အကျိုးပေးချင်သော်လည်း အကျိုးပေးခွင့်မရဘဲ ပြောက်ပျယ်သွားရပေ သည်။ ဘုရားရဟန္တာများသည် မိမိချမ်းသာသလို နေနိုင်သော်လည်း သူတော်ကောင်းများဖြစ်၍ သူတို့လုပ်ပေးနိုင်သောအလုပ်များကို လုပ်ပေးနေခြင်း ဖြစ်ပေသည်။

(၂) ကုသိုလ်အကုသိုလ်တို့ရဲ့ အကျိုးပေးပုံကိုတော့ ဦးဇင်းရှေ့၌တင်ပြခဲ့သော ရေတွင်းထဲက ခဲလုံးကလေး ဥပမာနဲ့ဆို လုံလောက်မယ်ထင်ပါတယ်လေ။ ဒီလောက်ဆို လုံလောက်ပြီးဟု ထင်မြင်မိသောကြောင့် ဒီမျှနဲ့ပဲ နားပါရစေ။ မရှင်းလင်းတာများရှိပါက ထပ်မံမေးမြန်းဆွေးနွေးနိုင်ပါသည်။

0 comments:

Post a Comment

Powered by Blogger.