Friday, October 15, 2010

သံသရာနဲ့ လူသားစတင်ဖြစ်ပေါ်လာပုံ

ဦးဇင်းရဲ့ ဘာသာရေးအမေးအဖြေကဏ္ဍ `မြန်မာချစ်သူများ´ဆိုဒ်ထဲမှာ သံသရာအစနဲ့လူသားစတင်ဖြစ်ပေါ်လာပုံကို ငြင်းနေကြတာ တွေ့မြင်ရတဲ့အတွက် ဒီခေါင်းစဉ်ကို တင်ပြပေးလိုက်ခြင်း ဖြစ်ပါပေတယ်။

တချို့က သံသရာအစ ဘယ်ကလဲလို့ မေးကြ၊ သိချင်ကြပါတယ်။ သံသရာအစ ဘယ်ကလဲလို့မေးရင် အ၀ိဇ္ဇာ-အမှန်ကိုအမှန်တိုင်း မသိခြင်းက စတယ်လို့ ပြောရမှာပါပဲ။ သတ္တ၀ါတစ်ဦးနဲ့တစ်ဦးဟာ ဖြစ်တာခြင်းလည်း မတူဘဲ ကံစီမံရာ မိမိတို့ပြုလုပ်သလို ဖြစ်ပျက်နေရတာဆိုတော့ သတ္တ၀ါတစ်ဦးနဲ့တစ်ဦးရဲ့ အစလည်း မတူနိုင်ပါဘူး။ ဒါကြောင့် ဘယ်သူက ဘယ်လိုစတယ်ဆိုတဲ့ အချက်ပေါင်းများစွာကို ရှာဖွေရမှာမို့ ဈာန်အဘိညာဉ်ရသူများတောင် သူတို့ရဲ့သံသရာအစကို မသိနိုင်တဲ့အတွက် မြတ်ဗုဒ္ဓက အချိန်ကုန်တယ်။ မင့်တို့ တစ်ဦးနဲ့တစ်ဦးဟာလည်း ဖြစ်တာခြင်းမတူကြဘူး။ အဲဒီတော့ တခြားအကျိုးရှိမဲ့အရာတွေနဲ့ပဲ အချိန်ကုန်အောင်လုပ်ကြပါလို့ မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓပြောတာလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတ္တ၀ါတွေမှမဟုတ်ပါဘူး။ ကျန်တဲ့ရုပ်တရားတွေမှာလည်း တစ်ခုနဲ့တစ်ခု စဖြစ်တာခြင်းမတူသလို ပျက်စီးတာခြင်းလည်း မတူကြပါဘူး။ ကွန်ပျုတာတစ်လုံးရဲ့ အစကိုရှာမယ်ဆိုရင်တောင် ကုမ္ပဏီတည်ထောင်သူက ငါကစတာ၊ ဆော့ဝဲရေးသူက ငါကစတာ၊ ပရိုဂရမ်တီထွင်သူက ငါကစတာ၊ လျှပ်စစ်မီးတီထွင်သူကလည်း ငါတီထွင်လို့ ကွန်ပျုတာဆိုတာ ဖြစ်လာတာစသည်ဖြင့် သူကစတာ ငါကစတာနဲ့ အစပေါင်းများစွာ ဖြစ်နေပါတယ်။ ဒါက ကွန်ပျုတာတစ်ခုတည်း ရှိပါသေးတယ်။ သတ္တတွေဆိုရင် သတ္တ၀ါပေါင်း မြောက်များစွာရှိတဲ့အတွက် အဲဒီသတ္တ၀ါတွေအားလုံးရဲ့ အစဖြစ်တာခြင်းလည်း မတူနိုင်ပါဘူး။ အဲဒီလို မတူတာတွေကို လိုက်ရှာကြည့်ရင် ရှာတဲ့သူပဲ မောရုံပဲရှိမှာပေါ့။ အဲဒါကြောင့် မြတ်ဗုဒ္ဓက အချိန်ကုန်လူပန်းမဲ့အရာနဲ့ အချိန်ကုန်မခံဘဲ ကျန်တဲ့အကျိုးရှိမဲ့အရာများဖြင့် မိမိအသက်ရှင်စဉ်လေးကို အသုံးပြုကြပါလို့ မိန့်ခဲ့တာပါ။

သတ္တ၀ါအားလုံးရဲ့ အစကိုအသာထားပါဦး။ သက်မဲ့ဖြစ်တဲ့ ၀ါးလုံးတစ်လုံးရဲ့ အ၀ိုင်းကလေးတစ်ခုကို အဲဒီအ၀ိုင်းလေးမှာ စ၀ိုင်းတဲ့နေရာက ဘယ်နေရာဖြစ်မယ်ဆိုတာကိုပဲ မိမိတို့ဘ၀အသက်ရှင်စဉ်လေးမှာ အဖြေမှန်အောင် စဉ်းစားတွေးခေါ်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်ပြီး လူတစ်ယောက်ကနေ စက်ဝိုင်းလေးတစ်ခုကို ၀ိုင်းနေအောင်ဝိုင်းထားပြီး ကျန်တဲ့လူကို ဒီစက်ဝိုင်းရဲ့ အစက ဘယ်နေရာကဖြစ်မလဲလို့မေးရင် အမေးခံရတဲ့သူဟာ အချိန်သာကုန်သွားမယ်။ အဖြေရှာရမှာမဟုတ်ပါဘူး။ ၀လုံးတစ်ခုတောင် အဖြေရှာမရရင် ၀လုံးပေါင်းသိန်းသန်းချီနေတဲ့ ၀လုံးတွေရဲ့ အစတွေကို ရှာခိုင်းရင် ရှာတဲ့လူဟာ ဒီဘ၀မှာ အဖြေရှာတွေ့နိုင်ပါ့မလား။ အဲဒါကြောင့် မြောက်များစွာသော သတ္တ၀ါတွေရဲ့အစကို ရှာနေရင် မိမိအသက်ရှင်စဉ်လေးမှာ ဘာမှမလုပ်ရဘဲ အချိန်ကုန်သွားမှာဆိုးလို့ အကျိုးမရှိတာကိုမလုပ်နဲ့၊ အကျိုးရှိတာနဲ့ အချိန်ကိုအသုံးချပါလို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလောက်ဆို သံသရာအစသိချင်သူများ ရှင်းလောက်မယ်ထင်ပါတယ်။ 


လူသားသည် မျောက်ဘ၀မှ စတင်ခြင်းမဟုတ်သလို ဖန်ဆင်ရှင်တွေက ဖန်ဆင်ပေးတာလည်း မဟုတ်ပါ။ ကမ္ဘာတစ်ခုပျက်ပြီး နောက်တစ်ခုကမ္ဘာအသစ်ဖြစ်ပေါ်လာတဲ့အခါ ဗြဟ္မာပြည်က သက်တမ်းကုန်သော ဗြဟ္မာများသည် လူ့ဘုံ၌ အထီးအမ မခွဲခြားသေးဘဲ လူသားများ ဖြစ်လာကြလေတယ်။


ဗြဟ္မာပြည်ကနေ လူ့ပြည်၌ လူလာဖြစ်ကြသော ဗြဟ္မာတွေမှာ သူတို့ရဲ့ ကုသိုလ်ကံ ဘုန်းတန်ခိုးအရှိန်ကြောင့် လူ့ပြည်မှာဘာမှလုပ်စရာမလိုဘဲ စားစရာ အသီးအပင်များ ၀တ်စရာအ၀တ်အထည်ပင်များသည် ပဒေသာပင်သီးကုံးထားသကဲ့သို့ အလိုလို မြေကြီးပေါ်မှာ ပေါက်ရောက်နေကြတဲ့အတွက် အဲဒီအပင်တွေကနေ အသာလေး ယူစားဝတ်ဆင်ရုံပါပဲ။ ထို့ပြင် ပထ၀ီမြေဓါတ်ကြီးဟာလည်း သန့်ရှင်စင်ကြယ်ပြီး အဆီသြဇာတို့နဲ့ ပြည့်စုံနေတဲ့အတွက် စားချင်သဖွယ် ရှိနေပေတယ်။

ဒီလိုနဲ့ တစ်နေ့မှာ အသိဉာဏ်ကင်းမဲ့တဲ့ လူတစ်ယောက်သည် မြေကြီးကိုလက်နဲ့ကလော်ပြီး လျှာပေါ်တင်ကြည့်ရာ အရသာတစ်မျိုးခံစားရသောကြောင့် ထိုရသပေါ်၌ ခံစားရသော ရသတဏှာစတင် ပေါ်ပေါက်ခဲ့ပေသည်။ အဲဒီပုဂ္ဂိုလ်မှ စတင်စားလိုက်တာ ကျန်တဲ့လူသားအားလုံးလည်း လိုက်စားကြသည့်အတွက် လောဘအကုသိုလ်စိတ်တွေဖြစ်ကုန်ကျတာနဲ့ အလိုလိုသီးပွင့်ပေးနေတဲ့ ပဒေသာပင်တွေသည် ပျောက်ကွယ်သွားပါပေသည်။ မြေကြီးပေါ်က အဆီသြဇာတွေကို စားသောက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲကနေ အပုတ်အသိုးတွေ ယိုးစီးဖို့ရန် အင်္ဂါအပေါက်တွေ ပေါ်ပေါက်လာပြီး ကုသိုလ်ကံအလိုက် ယောက်ျားမိန်းမ ကွဲပြားလာခဲ့ပေတယ်။


ဒီလိုနဲ့ မြေအဆီအနှစ်များကို ယူစားရင်း လောဘကြီးသူတွေက တစ်နေ့စာအပြင် နောက်တစ်ရက်စာ ယူထားကြလို့ သူ့နေရာ ကိုယ့်နေရာဟု မြေကြီးကို သတ်မှတ်ခွဲဝေခြင်း ပြုလုပ်ကြရပြန်ပါတယ်။ ယောက်ျားမိန်းမ အင်္ဂါဇာတ်တွေ ပေါ်လာတဲ့အခါ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုကနေ ကာမစိတ်ကျူးလွန်ခြင်းများ ဖြစ်လာကြပေတယ်။ ကာမကျူးလွန်ကြတဲ့ပုဂ္ဂိုလ်များသည် မကျူးလွန်သောသူများက သိလျှင် ကဲ့ရဲ့ကြမှာကြောက်၍ အကာအကွယ်အိမ်များ စတင်ဆောက်လုပ်လာကြပေတယ်။


ထိုသို့ ကာမစိတ်များ တဖြည်းဖြည်းချင်း လူသားတွေမှာ တိုးပွားလာတာနဲ့ မြေကြီးမှာရှိတဲ့ မြေသြဇာတွေကလည်း တဖြည်းဖြည်းချင်း ယုတ်လျှော့လာသည့်အတွက် စိုက်ပျိုးခြင်း ထွန်းယက်ခြင်းများ စတင်၍ ပြုလုပ်လာကြလေတယ်။ ကမ္ဘာတစ်ခုပြီး၍ နောက်ကမ္ဘာအသစ်ပေါ်ပေါက်လာပုံကို ဆက်လက်ရေးသားတင်ပြပေးပါမယ်။ ယခုတော့ ဒီမျှနဲ့ နားပါရစေ။

0 comments:

Post a Comment

Powered by Blogger.