Sunday, August 29, 2010

မြတ်ဗုဒ္ဓစွယ်တော်

၂၄.၀၈.၂၀၁၀ ရက်နေ့တွင် စာရေးသူတို့ သူငယ်ချင်းတစ်စု သီရိလင်္ကာနိုင်ငံ မြတ်ဗုဒ္ဓစွယ်တော်တည်ရှိရာ ကန်ဒီမြို့သို့ ညနေ(၂)နာရီခွဲတွင် သွားရောက်ခဲ့ကြပါသည်။ စာရေးသူတို့ သီတင်းသုံးရာ မြို့တော်ကိုလံဘိုမှ ကန်ဒီသို့ ကားဖြင့်သွားလျှင် (၂)နာရီကျော် ကားစီးရပါသည်။ ကန်ဒီမြို့သည် မြန်မာပြည်က ပြင်ဦးလွင်မြို့လေးနဲ့ ရာသီဥတုတူသကဲ့သို့ လမ်းကြောကွေ့ကောက်မှုမှာလည်း တူနေသည်ကို တွေ့ရပါသည်။ သို့သော် ကန်ဒီမြို့သို့သွားသော ကားလမ်းသည် လမ်းကောင်းမွန်ခြင်း၊ လမ်းဖောက်ထားသည်မှာ စည်းစနစ်ကျခြင်းတို့ကြောင့် ကားမောင်းရသည်မှာ လွယ်ကူးချောမွေ့ပါသည်။ ကန်ဒီမြို့သည် ပြင်ဦးလွင်မြို့ကဲ့သို့ တောင်ပေါ်၌ တည်ဆောက်ထားသော မြို့တော်လေးဖြစ်ပါသည်။



ကန်ဒီမြို့လေးကို ရောက်တယ်ဆိုလျှင်ပဲ စာရေးသူတို့အဖွဲ့သည် ကားရပ်နားရမည့်နေရာတွင် ကားကိုရပ်ခဲ့ပြီး မြတ်ဗုဒ္ဓစွယ်တော်လှည့်လည်ပူဇော်ခံမည့် စွယ်တော်တိုက်ထားရာ ကားလမ်းဘေးနား ပတ်ဝန်းကျင်သို့ သွားရောက်ခဲ့ကြပါသည်။ မြတ်ဗုဒ္ဓစွယ်တော်တိုက်သည် စာရေးသူတို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရယူရန် ဗိုလ်ချုပ်တို့ လက်မှတ်ထိုးသော ကန်ဒီအဆောက်အဦးကြီး၏ အနီးနားပင် တည်ရှိပါသည်။ ဗိုလ်ချုပ်တို့ လက်မှတ်ထိုးခဲ့သော အဆောက်အဦးသည် ယခုအခါမှာတော့ နိုင်ငံခြားသားများ တည်းခိုးရာ အဆောက်အဦးဖြစ်နေပေသည်။ စာရေးသူတို့လည်း ထိုကန်ဒီအဆောက်အဦးကြီးနားတွင် နေရာရ၍ ထိုနေရာမှပင် ကြည့်ရူ့၍ မှတ်တမ်းတင်ဓာတ်ပုံများကို ဗုဒ္ဓဘာသာလူမျိုးများ ဖူးတွေ့ရန်အတွက် လူကြားတိုးဝှေ့ပြီး မှတ်တမ်းတင်များကို မရမက ရိုက်ကူးခဲ့ရပေသည်။


သီရိလင်္ကာပြည်သူများသည် နှစ်စဉ် သြဂုတ်လတွင် မြတ်ဗုဒ္ဓစွယ်တော်ဓာတ်အား ပူဇော်သောအနေဖြင့် စွယ်တော်ကို ရတနာတွေနဲ့အလှဆင်ထားသော ဆင်အကောင်(၁၀၀)ခန့်နှင့် သီရိလင်္ကာနိုင်ငံ၏ ရိုးရာတေးဂီတ အကပဒေသာ အနုပညာများဖြင့် စီတန်းလှည့်လည်ပူဇော်ပွဲကို (၇)ရက်ကျော် လှည့်လည်ပူဇော်ခံကြပါသည်။


ထိုပူဇော်ပွဲသည် သီရိလင်္ကာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ဘာသာရေးပွဲဖြစ်သကဲ့သို့ အာရှရဲ့စိတ်ဝင်စားဖွယ်အကောင်းဆုံး ဘာသာရေးဆိုင်ရာ အလှပြ စီတန်း လှည့်လည်ပူဇော်ပွဲ တစ်ခုအနေနဲ့လည်း ထင်ရှားကျော်ကြားသော ပွဲတော်တစ်ခု ဖြစ်ပါသည်။ စာရေးသူတွေ့မြင်ဖူးသမျှထဲမှာတော့ ဤစွယ်တော်ပူဇော်ပွဲသည် အလှပဆုံး၊ အစည်းကားဆုံး၊ ကြည့်ရူ့စိတ်ချမ်းသာဖွယ်အကောင်းဆုံးနှင့် အံ့သြပီတိဖြစ်စရာအကောင်းဆုံးသော ပွဲတော်တစ်ခုဟု ခံစားမိပါသည်။


ညအချိန်တွင် ရောင်စုံမီးများဖြင့် လှလှပပ အနုပညာလက်ရာမြောက်များစွာ အလှဆင်ထားသော စွယ်တော်တိုက်နှင့် ကန်ဒီမြို့ရှိ လမ်းများ၊ အဆောက်အဦးများသည် နတ်ဘုံနတ်နန်းအလား ထင်မှတ်စရာကောင်းလှအောင် လှပနေသည်ကိုလည်း တွေ့မြင်ရ၍ စိတ်ချမ်းမြေ့ခဲ့ရပါသည်။


မြတ်ဗုဒ္ဓ၏ စွယ်တော်ဓာတ်ကို ယခုကဲ့သို့ ဂုဏ်ပြုအလေးထားပူဇော်မှုပြုလုပ်ခြင်းသည် မြတ်ဗုဒ္ဓကို အမှန်တကယ်ယုံကြည်ခြင်းဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကိုလည်း လက်တွေ့ပြခြင်းဖြစ်သောကြောင့် စာရေးသူတော့ ဗုဒ္ဓဘာသာကိုချီးမြှောက်သော ဒီပွဲတော်လေးကို အမြဲမှတ်ရနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ယခုကျင်းပသော ပွဲတော်လေးကိုကြည့်၍ စာရေးသူရဲ့စိတ်ထဲမှာ ဗုဒ္ဓဘာသာအတွက် ဂုဏ်ယူမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ယခုပွဲတော်ကို မြင်တွေ့ရသော ဘာသာခြားများ၏ စိတ်သန္တာန်တွင် ဗုဒ္ဓဘာသာလူမျိုးများသည် သူတို့ဘာသာကို အလွန်တန်ဖိုးထားကြပါသည်လားဟု ဘာသာခြားတို့၏ စိတ်ထဲ၌ ထူးခြားမှုဖြစ်နေမည်မှာ သေချာသောကြောင့် ဗုဒ္ဓဘာသာအတွက် ဂုဏ်ယူထိုက်သော ပွဲတော်လေးလည်း ဖြစ်နေသည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်ပါသည်။


မြတ်ဗုဒ္ဓစွယ်တော်ဓာတ်သည် မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် စွယ်တော်ဓာတ် လေးဆူကြွင်းကျန်ခဲ့ရာ တစ်ဆူမှာ ယခုပွဲတော်ကျင်းပ၍ ပူဇော်နေသော ကန်ဒီမြို့ရှိ စွယ်တော်တစ်ခုဖြစ်ပြီး၊ အခြားသုံးဆူမှာ တရုတ်ပြည်၌ တစ်ဆူ၊ နတ်ပြည်၌တစ်ဆူ၊ နဂါးပြည်၌တစ်ဆူ ရှိနေပါသည်။

ယခုသီရိလင်္ကာ၌ရှိနေသော စွယ်တော်ဓာတ်သည် မြတ်ဗုဒ္ဓ၏ စွယ်တော်အစစ်ဖြစ်၍ သီရိလင်္ကာဗုဒ္ဓဘာသာဝင်များသည် စွယ်တော်ကို သူတို့၏အသက်ကဲ့သို့ လေးစားယုံကြည် တန်ဖိုးထားကြသောကြောင့် အိမ်တိုင်းတွင် မည်သည့်အလှူပြုလုပ်သည်ဖြစ်စေ စွယ်တော်ပွားကို ပင့်ဆောင်ပြီး ကိုးကွယ်ထားကြပါသည်။ ထိုနည်းတူစွာ စွယ်တော်ကဲ့သို့ တန်ဖိုးထားသောအရာတစ်ခုမှာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မြတ်စွာဘုရားရှင် သဗ္ဗညုတရွှေဉာဏ်တော် ရရှိတော်မူခဲ့သည့် မူရင်းဗောဓိပင်မှ ပင့်ဆောင်ခဲ့သော သီရိမဟာဗောဓိပင် ဖြစ်ပါသည်။ သီရိလင်္ကာပြည်သူများသည် ဗောဓိပင်ကိုလည်း တန်ဖိုးထားကြသောကြောင့် နေ့စဉ်ညနေချမ်းအချိန်တွင် ဗောဓိပင်များသို့ ဆီးမီးအမွှေးတိုင်များဖြင့် ထွန်းညှိပူဇော်ကြပါသည်။


ထိုပူဇော်ပွဲတွင် မြန်မာပြည်ကဲ့သို့ ပွဲလမ်းသဘင်များဖြင့် ပူဇော်ခြင်းမျိုး မလုပ်ကြဘဲ မိမိတို့ရိုးးရာ အကများနဲ့ လှည့်လည်ပူဇော်ကြသည်ကို တွေ့ရပါသည်။ ဤပွဲတော်တွင် သီရိလင်္ကာပြည်သူလူထုနှင့်အစိုးရ၏ စည်းလုံးညီညွတ်မှု၊ ဘာသာရေးစိတ်ဓာတ် လေးစားမှုတို့ကို တွေ့ခဲ့ရပေသည်။ သီရိလင်္ကာပြည်သူများသည် ပွဲတော်အတွက် မြန်မာပြည်ကဲ့သို့ ပွဲလမ်းသဘင် ငှါးရမ်းခ၊ စားသောက်စရိတ်ကုန်ကျမှု၊ ပွဲတော်အတွင်း ရောင်းသော ပစ္စည်းများ ၀ယ်ယူမှုအတွက် ကုန်ကျမှုစရိတ်များ မရှိပေ။ သီရိလင်္ကာအစိုးရသည် ပွဲတော်အတွက် ပြည်သူများထံမှ ပိုက်ဆံကောက်ယူစရာမလိုဘဲ ကမ္ဘာလှည့်ခရီးသည်များထံမှ ရသောငွေများဖြင့်ပင် ပွဲတော်အတွက်ကုန်ကျစရိတ် လုံလောက်မှုရှိပါလိမ့်မည်။ စွယ်တော်လှည့်လည်ပူဇော်ခံကျင်းပသည့် ရက်များတွင် တည်းခိုးခန်းများသည် အရင်ထက်(၂)ဆတိုး၍ ဈေးနှုန်းများထားသော်လည်း နိုင်ငံတကာမှ ဧည့်သည်များ လာရောက်မှုသည် တည်းခိုးခန်းမလောက်အောင် များပြားသည်ကို တွေ့ရှိခဲ့ရပေသည်။ သူတို့ရိုးရာအကများနဲ့ ပူဇော်ပုံ ပူဇော်နည်းများကို ဓာတ်ပုံများဖြင့် တင်ပြပေးပါမည်။ သူတို့မှတ်တမ်းတင်ထားသော ဗွီဒီယိုကိုလည်း စာရေးသူဝယ်ဖြစ်လျှင် တင်ပြပေးပါအုန်းမည်။


စာရေးသူမှတ်မိသလောက် တင်ပြရမည်ဆိုလျှင် စွယ်တော်လှည့်လည်မည့် ကားလမ်းကို ရေများဖြင့် သန့်စင်အောင် ဆေးကြောထားပြီး ပထမရှေ့ဆုံးမှ လမ်းရှင်းရန်နှင့် အချက်ပြအဖြစ် တစ်ယောက်သုံးပေခန့်အကွာ၌ လူတစ်ယောက်စီက ကြိုးကျစ်များဖြင့် “ဖြောက်....ဖြောက်နဲ့မြည်းအောင် လမ်းကိုရိုက်ယမ်း၍ သွားကြပါသည်။


ဒုတိယမြောက် ထွက်ပေါ်လာကြသော အလှအပများမှာ ဆင်စီးသူကို ရှေ့မှတစ်ဖွဲ့ နောက်မှတစ်ဖွဲ့လူစုတို့က မီးပန်းအလှများဖြင့် ရိုးရာအက ကလျက်သွားကြပါသည်။ ထိုကသူများကို နားဘေးမှမီးတုတ်ကြီးများကိုင်၍ မီးပြသူများကလည်း လိုက်ပါပေးကြသည်။ ဆင်စီးသူများက သာသနာ့အလံကို ကိုင်ဆောင်၍သော်လည်းကောင်း၊ စေတီများကို ပူဇော်၍လည်းကောင်း လိုက်ပါကြသကဲ့သို့ ဆင်တစ်စီးစီရဲ့ ရှေ့နောက်တို့မှာလည်း ရိုးရာအကမျိုးစုံတို့ဖြင့် လိုက်ပါပူဇော်ကြသည်ကို တွေ့ရပါသည်။


ဆင်ပေါင်းမည်မျှများပြားသည်ကို စာရေးသူတော့ ဓာတ်ပုံရိုက်နေတာနဲ့ မမှတ်မိသော်လည်း ဆင်တစ်စီးနှင့်တစ်စီး အလွန်မဝေးကွာဘဲ တစ်နေရာတည်းမှ စွယ်တော်လှည့်လည်ပူဇော်သည်ကို ကြည့်နေချိန်သည် ည(၈)နာရီကနေ ည(၁၁)နာရီကျော်ထိ ကြာမြင့်ပါသည်။ အများပြောစကား ကြားရသည်မှာတော့ ဆင်အကောင်ပေါင်း(၁၀၀)ရှိသည်ဟု သိရှိရပါသည်။ ထိုပွဲတော်သို့ သီရိလင်္ကာနိုင်ငံ၌ရှိသော ပြည်သူပေါင်းစုံနှင့် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်များ လာရောက်ကြည့်ရှု့ကြသည်မှာ တိုး၍ပင် မပေါက်အောင် များပြားလှပါသည်။


သီရိလင်္ကာနိုင်ငံသည် ဘုရားပွဲများကျင်းပရာတွင် ပွဲလမ်းသဘင်များဖြင့် ကျင်းပခြင်းမရှိဘဲ မိမိတို့၏ရိုးရာအက၊ မိမိတို့၏ဘာသာရေးတရားတော်များဖြင့်သာ ပူဇော်ကြသည်ကို တွေ့ရှိရပါသည်။ စာရေးသူ ဒီနိုင်ငံတွင် ဘုရားပွဲကျင်းပသည်မှာ စွယ်တော်လှည့်လည်ပူဇော်ပွဲနဲ့ဆို (၂)ခါမျှသာ တွေ့ဖူးပါသည်။ တစ်ခုက မြတ်ဗုဒ္ဓဘုရားဖြစ်တော်မူသည့် ကဆုန်လပြည့်နေ့နှင့် ယခု မြတ်ဗုဒ္ဓ၏စွယ်တော် လှည့်လည်ပူဇော်ပွဲတို့သာ ဖြစ်ပါသည်။


ကဆုန်လပြည့်(Wesak day)နေ့ ဗုဒ္ဓပွဲတော်ကျင်းပချိန်(၇)ရက်လုံးတွင် သီရိလင်္ကာပြည်သူများသည် ဘုရားဖြစ်စဉ်ပုံတော်များကို ကြည့်ရူ့ခြင်း၊ တရားတော်များကို နားထောင်ခြင်း၊ စတုဒိသာကျွေးသော နေရာများတွင် စည်းစနစ်တကျ စားသောက်နေကြသည်တို့ကို တွေ့ရပါသည်။ လာရောက်ကြည့်ရူ့သူများသည် ထူးထူးထွေထွေ ကြည့်စရာမရှိလှသော်လည်း သူတို့ပွဲတော်နဲ့သူတို့မှာတော့ ပျော်ရွှင်နေကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။


ယခုကျင်းပသော မြတ်ဗုဒ္ဓစွယ်တော် လှည့်လည်ပူဇော်ပွဲတွင်လည်း လာရောက်ကြည့်ရူ့သူများသည် မတိုးပေါက်နိုင်လောက်အောင် များပြားလှသော်လည်း သီရိလင်္ကာပြည်သူများနှင့်စီစဉ်သောတာဝန်ရှိသူများ၏ စနစ်ကျမှုကြောင့် သူ့နေရာနှင့်သူ ကြည့်ရူ့နေကြသည်ကို တွေ့မြင်ခဲ့ရပါသည်။ မရေမတွက်နိုင်လောက်အောင် လာရောက်ကြည့်ရူ့သူ များပြားသောကြောင့် ရဲအရာရှိများက လမ်းဘေးတန်းစီပေးရာ၌ စနစ်တကျဖြစ်အောင် စီစဉ်ပေးနေသော်လည်း အစဦးဆုံးဝင်ပေါက်မှာ မနည်းတိုးဝှေ့၍ ၀င်ခဲ့ရသည်ကို စိတ်ပျက်သလိုခံစားမိခဲ့ရပေမဲ့ ရဲအရာရှိများက စာရေးသူတို့ ဘုန်းကြီးများကို ဦးစားပေးခေါ်ယူသောကြောင့် တခဏမျှသာ တိုးဝှေ့ခဲ့ရပါသည်။

မြတ်ဗုဒ္ဓစွယ်တော်လှည့်လည်ပူဇော်ပွဲတွင် သီရိလင်္ကာပြည်သူများသည် သူ့နေရာသူ လှည့်လည်ရန်တာဝန်ယူသည်ကို မြင်တွေ့ရသောအခါ “သြော်-သူတို့သည် ဗုဒ္ဓဘာသာပီပီ ဗုဒ္ဓပွဲအတွက် လှည့်လည်ပူဇော်ပေးရမည့် ကြာရှည်လှသော တန်းစီလှည့်လည်ပွဲတွင် မည်မျှပင်းပန်းစေကာမှု အပင်းပန်းခံမည်”ဟု စိတ်ဆုံးဖြတ်ထားသည့်ပုံကို တွေ့ရပါသည်။ စွယ်တော်လှည့်လည်သည်မှာ ခန့်မှန်းခြေအားဖြင့် (၅)နာရီကျော် ကြာမြင့်မည်ဖြစ်သောကြောင့် ထိုအချိန်တိုင်းတွင် က၍သွားနေသောသူ၊ တီးမှုတ်သောသူ၊ မီးတုတ်ကြီးများကို ကိုင်ဆောင်ရသောသူ၊ ဆင်များနားဘေးမှ ခြေလျင်လျှောက်၍ လိုက်ရသောသူများသည် မည်မျှပင်းပန်းမည်ကို စာရေးသူစဉ်းစားကြည့်မိသည်မှာ ဘာသာရေးစိတ်ဓာတ်သာ မပြင်းပြပါက လွယ်ကူလှသော လုပ်ဆောင်မှုများ မဟုတ်သောကြောင့် ခံနိုင်ရည်ရှိဖို့ မလွယ်ကူလှပေ။ သီရိလင်္ကာပြည်သူများ၏ ဘာသာရေးစိတ်ဓာတ်ကို ဤပွဲတော်ကြည့်ရူ့မှုဖြင့် စာရေးသူလေးစားမိသကဲ့သို့ ဗုဒ္ဓဘာသာအတွက်လည်း ဂုဏ်ယူဝမ်းမြောက်မှု ဖြစ်ခဲ့ရပေသည်။


မြတ်ဗုဒ္ဓစွယ်တော်ဆောင်းပါးကို ဤမျှနဲ့ပဲ နိဂုံးသတ်ပါရစေ။ ဆက်လက်၍ စာရေးသူ မြင်တွေ့သမျှထဲမှ စာဖတ်သူများ အကျိုးဗဟုသုတ အသိဉာဏ်ရရှိမည့် အကြောင်းအရာတို့ကို ကျောင်းပိတ်ချိန်များတွင် ဆက်လက်ရေးသား တင်ပြပေးပါမည်။


0 comments:

Post a Comment

Powered by Blogger.