Saturday, June 5, 2010

သဒ္ဓါအစစ် အတု ခွဲခြားပုံ

သဒ္ဓါအစစ်ဆိုသည်မှာ သဒ္ဓါ၏အကျယ်ဖွင့်ဆိုချက်၌ ဖော်ပြခဲ့သော အချက်အလက်တို့ကို အမှန်တကယ် တတ်သိနားလည်၍ ယုံကြည်ခြင်း၊ ကောင်းမွန်မှန်ကန်သော အကြောင်းအရာတို့ကို ယုံကြည်ခြင်း၊ အပြစ်ကင်းစင်၍ သန့်သန့်ရှင်းရှင်း ယုံကြည်ခြင်းတို့သည် သဒ္ဓါအစစ်ပင် ဖြစ်ပါသည်။


သဒ္ဓါအတုဆိုသည်မှာ ဘုရားက ရောင်ခြည်တော်မလွှတ်ပါဘဲ ”ရောင်ခြည်တော်လွှတ်သည်”ဟု ပြောဆိုပြီး ဘုရားကို မှီခိုစားနေသူတို့က လိမ်ပြောသည်ကို ယုံကြည်ခြင်း၊ ဓာတ်တော်အစစ် မဟုတ်ပါဘဲ ဓာတ်တော်အစစ်ဟု လိမ်ပြောသည်ကို ယုံကြည်ခြင်း၊ မိစ္ဆာအယူရှိသူများသည် မိမိတို့အယူဝါဒကို ယုံကြည်ခြင်းအစရှိသော လွဲမှားသော ယုံကြည်မှုများသည် သဒ္ဓါအစစ်မဟုတ်ပါ။ ရိုးအညံ့ဖျင်း အသိဉာဏ်မရှိသော မောဟအကုသိုလ်သာ ဖြစ်ပေသည်။


ထို့ပြင် အပြောကောင်း၊ အသံကောင်း၊ အကျိုးဆောင်ကောင်း၊ ဆေးကောင်း ၀ါးကောင်းပေးခြင်း၊ ဗေဒင်ဟောပေးခြင်း၊ ချဲထီတွက်ပေးခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးသော ရဟန်းတော်များကို ”ကြည်ညိုလှပါသည်”ဟု ပြောဆိုကြသော မိန်းမများနှင့် အချို့သော ယောက်ျားများ၏ ကြည်ညိုလှူဒါန်းမှုများသည် သဒ္ဓါအစစ် မဖြစ်နိုင်ပါ။ ရင်းနှီးမှုတဏှာပေမ-မကင်းသော မောဟအကုသိုလ်ပင် ဖြစ်ပေသည်။ ထိုကဲ့သို့သော သဒ္ဓါအတုကို ကျန်းဂန်တို့၌ ”မုဒ္ဓပန္န-ဖျင်းသောကြည်ညိုမှု”ဟု ပြဆိုထားပါသည်။


ထို့ကြောင့် ထေရ၀ါဗုဒ္ဓဘာသာ အစစ်အမှန်ဖြစ်သော ပုဂ္ဂိုလ်များသည် သဒ္ဓါအစစ်ဖြင့် ပေးကမ်းလှူဒါန်းတက်ရန် အရေးကြီးလှပေသည်။ ထိုသို့မဟုတ်ဘဲ သဒ္ဓါအတုဖြင့် ပေးကမ်းစွန့်ကြဲလှူဒါန်းပါက လိုအပ်သောအကျိုးထူးများ မရရှိဘဲ ဖြစ်နေပေလိမ့်မည်။ ယခုခေတ်ကာလသည် အညာအဖြန်းပေါသော ကာလဖြစ်သောကြောင့် သဒ္ဓါအစစ်ဖြင့် ပေးလှူတက်ရန် အထူးသတိထားပြီး ဆင်ခြင်စဉ်းစားမှုဖြင့် ပေးလှူမှသာလျှင် အကျိုးရှိသော သဒ္ဓါအစစ်ဖြစ်ရကား လိုအပ်သော အကျိုးထူးတရားများကို ရရှိပေလိမ့်မည်။


ယခုခေတ်၌ ဘာသာခြားတို့၏ သွေးဆောင်ဖြားယောင်းသည်ဘက်သို့ လိုက်သွားသူများလည်း ရှိပါသည်။ ထိုသူများသည် မိမိကိုယ်ပိုင်ဉာဏ်၌ သဒ္ဓါတရား အစစ်မရှိသောကြောင့် ဖြစ်ပေသည်။ ထိုသို့ ဘာသာခြားများက ဖြားယောင်းနေသည့်ခေတ်တွင် ဗုဒ္ဓဘာသာဆိုသူတို့အတွင်းမှာ တရားအဆန်း၊ ကမ္မဋ္ဌာန်အဆန်း၊ ဆေးဝါးအဆန်းတို့ဖြင့် လှည့်စားဖြားယောင်းသူများလည်း ရှိသေး၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို ပေးကမ်းလှူဒါန်းရာ၌လည်း သဒ္ဓါပေးမဟုတ်၊ တဏှာ-အချစ်ပေး အဖျင်းအနပေးသာ ဖြစ်ပေသည်။


ထိုအဆန်းအပြားဉာဏ်သမားများကို ပညာရှိသူတော်ကောင်းများနှင့် တာဝန်ရှိသူများသည် ”အရေးမစိုက်လောက်ဘူး”ဟု လျစ်လျူရှု့ထားသည့်အတွက် ထိုကဲ့သို့သော အဆန်းသမားများသည် အိမ်ဦးတက်လျက် ရှိကြပေသည်။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ တရားဘက်ဆိုင်ရာဝယ် မိန်းမသားများက ခေါင်းဆောင် လုပ်နေကြသည်ကို တွေ့ရပါသည်။ ထို့ကြောင့် မည်သည့်ကိစ္စမဆို ယုံသင့် မယုံသင့် နှိုင်းချင့်ဖို့ရာ လိုပေသည်။ ထို့ပြင် ဘာသာရေးနှင့်ဆိုင်သော အသိဉာဏ်ပညာများကို ယခုလက်ရှိအခြေအနေထက် တိုးတက်ပြန့်ပွားရန် မိန်းမသားများက စပြီး အားလုံးကြိုးစားကြရန် လိုပေသည်။


သဒ္ဓါနှင့်ချစ်ခြင်းပေမ ရောနှောနေပုံ


ယခုခေတ်တွင် အချို့သော “လူတော်လူကောင်း”များ၌ သဒ္ဓါနှင့်ချစ်ခြင်းပေမ ရောနှောနေသည်ကို တွေ့ရပါသည်။ အနေအထိုင်နှင့်အပြော အဟော အဆုံအမ ကောင်းမွန်သော ပုဂ္ဂိုလ်ပေါ်တွင် အနေအထိုင် အပြောအဟော ကောင်းသည့်အတွက် ကြည်ညိုပြီး သဒ္ဓါတရား ဖြစ်ကြပါသည်။ မိမိကို သွန်သင်ဆုံးမသည့်အတွက် ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်ကြ၏။ ထိုကဲ့သို့ ကြည်ညိုခြင်းသည်ကား သဒ္ဓါ-ချစ်ခင်ခြင်းသဘော ပေမရင်းနှီးခြင်းသာ ဖြစ်ပါသည်။


ဘုရားရှင်ကြည်ညိုသော ၀က္ကလိသည်ပင် ဘုရားရှင်ကို ချစ်ခင်နှစ်သက်သော ကြည်ညိုခြင်းဖြင့် ကြည်ညိုသောကြောင့် ချစ်ခြင်းပေမသာဖြစ်ခဲ့၏။ သဒ္ဓါအစစ်ဖြင့် ကြည်ညိုခြင်း မဟုတ်ပေ။ ထို့ကြောင့် မြတ်စွာဘုရားရှင်က “ငါ၏ ခန္ဓာကိုယ်နှင့်ငါ့ကို သံယောဇဉ်ဖြင့် ချစ်ခင်ခြင်းဖြင့် တရားမရနိုင်၊ ငါဟောကြားသွန်သင်သော တရားတို့ကို လိုက်နာကျင့်ကြံမှသာလျှင် တရားထူးရရှိပြီး ငါ့ကိုချစ်ရာရောက်ပေမည်”ဟု မိန့်ကြားတော်မူခဲ့ပါသည်။ ထို့အတူ ဘုရားရှင်၏ ငယ်ကျွန်ရင်း ဆန္နအမတ်မထေရ်သည်လည်း ဘုရားရှင်အပေါ်၌ သခင်ချစ်ဖြင့် ချစ်ခင်ကြည်ညိုနေသည်မှာ သဒ္ဓါအစစ်မဟုတ်ဘဲ ချစ်ခြင်းပေမဖြင့်သာ ကြည်ညိုခဲ့လေသည်။ ထို့ကြောင့် ဆန္နအမတ်မထေရ်ကိုလည်း ရှေးနည်းတူစွာ ဟောပြောဆုံးမသောကြောင့် ဘုရားရှင်နားမှ ခွဲခွာပြီး တရားအားထုတ်မှသာလျှင် တရားထူးရခဲ့ပါသည်။


ထေရ၀ါဒဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည် သဒ္ဓါနှင့်ပေမခွဲခြားပြီး ကြည်ညိုတက်ရန် လိုအပ်သကဲ့သို့ လှူဒါန်းပေးကမ်းတက်ရန်လည်း လိုပါသည်။ ပုထုဇဉ်လူသားမှန်သမျှသည် မိမိကို တစ်စုံတစ်ခု နှစ်သက်သဘောကျအောင် လုပ်ဆောင်ပေးသော ပုဂ္ဂိုလ်ကို ချစ်ခင်နှစ်သက်ခြင်းမှာ ဓမ္မတာဖြစ်နေ၏။ သို့သော်လည်း မိမိက ပေးကမ်းလှူဒါန်းသောအခါ သဒ္ဓါယုံကြည်ခြင်း အပြည့်အ၀ဖြင့် လှူဒါန်းမှသာလျှင် ကုသိုလ်အစစ်ဖြစ်ပြီး လိုအပ်သောအကျိုးတရားတို့ကိုလည်း အပြည့်အ၀ ရရှိပေမည်။ မိမိက ပေးကမ်းလှူဒါန်းမည်ဆိုလျှင် ထိုပုဂ္ဂိုလ်၏ မိမိအပေါ်၌ရှိသော ကျေးဇူးတရား နှစ်သက်ခြင်းသဘောတရားများကို ဖယ်ခွာပြီးလျှင် မိမိလှူဒါန်းရခြင်း အကျိုးကျေးဇူးသည် ဒုက္ခဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ရောက်ဖို့ဖြစ်သည်ဟု အာရုံပြုပြီး လှူဒါန်းကြရန် လိုပါသည်။


တခြားဆုများကို တောင်းတနေစရာ မလိုပါ။ နောက်ဆုံးပန်းတိုင်ကို ရောက်ဖို့ပြုလုပ်နေသူသည် အလယ်ကဖြတ်သန်းသွားရမည့် ရောက်ရမည့်နေရာကို မလိုချင် မဖြစ်ချင်လည်း သူ့အလိုလိုဖြစ်လာမည့် ရောက်လာမည့် အရာများဖြစ်ပါသည်။ နောက်ဆုံး ပန်းတိုင်ကို ရောက်မည်ဆိုမှတော့ ခြားက နေရာများသည် မရောက်ချင်လည်း ရောက်ပါလိမ့်မည်။ ဥပမာ- မန္တလေးမြို့မှ ရန်ကုန်ကို သွားမည့်လူသည် သူ၏ပန်းတိုင်ဖြစ်သော ရန်ကုန်ကို ရောက်မည်ဆိုလျှင် ရောက်အောင် သွားနေလျှင် မိမိဖြတ်သန်းကျော်လွှားရမည့် နေပြည်တော်မြို့၊ ပျောဘွယ်မြို့၊ ပဲခူးမြို့တို့ကို မရောက်ချင်လျှင်လည်း ရောက်ရပါလိမ့်မည်။ ထို့အတူ ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို ဆုတောင်းပြီး ရောက်အောင် လုပ်နေလျှင် ခြားကဖြတ်သွားရမည့် လူ့စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ်များကို တောင်းတနေစရာမလိုပါ။


သဒ္ဓါနှင့်ပေမ ရောနှောနေလျှင် သဒ္ဓါသဘောက ကုသိုလ်အစစ်ဖြစ်သော်လည်း သံယောဇဉ်ပေမမှာ အကုသိုလ်ဖြစ်၏။ ထိုသို့သော သံယောဇဉ်များဖြစ်ပြီး ပုဂ္ဂိုလ်ခင်၍ တရားမင်ကာ အသိအလိမ္မာနှင့် ကုသိုလ်ပါရမီတိုးပွားမှု “အကုသလောဓမ္မော-အကုသိုလ်တရားသည်၊ ကုသလဿဓမ္မဿ-ကုသိုလ်တရားအား၊ ဥပနိဿယပစ္စယေန-ပကတူပနိဿယဟု ခေါ်သော ပဋ္ဌာန်းပစ္စည်းတစ်မျိုးဖြင့်၊ ပစ္စယော-ကျေးဇူးပြုနိုင်၏”ဟူသော ပဋ္ဌာန်းပါဠိတော်နှင့်အညီ အကုသိုလ်ကလေးက များစွာသောကုသိုလ်အား ကျေးဇူးပြုရန် အကြောင်းကောင်းဖြစ်သော်လည်း ဆရားသမားဖြစ်သူက စေတနာရင်းဖြင့် ဟောပြောဆုံးမပြီး တပည့်ဖြစ်သူကလည်း ဟောပြောသမျှ လိုက်နာစောင့်ထိန်းမှသာလျှင် ကုသိုလ်ရရန် အကြောင်းကောင်းဖြစ်ပြီး အကျိုးရပေမည်။ ပေးကမ်းလှူဒါန်းမှုပြုလုပ်တက်ရန် ပေးကမ်းလှူဒါန်းမှုနဲ့ပတ်သတ်ပြီး အကျယ်ကို စာဂ-ဒါနခန်းတွင် ရေးသား တင်ပြပေးပါမည်။


သဒ္ဓါနဲ့တူသော ဥပမာများ


လောက၌ ပို့ဆောင်ရေး သေချာနိုင်ရန် ဆက်သွယ်ရေးကောင်းဖို့ လိုပါသည်။ ထို့အတူ ဓမ္မနယ်ပယ်မှာလည်း တရားဒေသနာများ တိုးတက်အောင် ဆက်သွယ်ရေးကောင်းရန် လိုပါသည်။ ဓမ္မနယ်ပယ်မှာ ဆက်သွယ်ရေးတာဝန်ကို သဒ္ဓါတရားက ဆက်သွယ်ပေးပါသည်။ အကြောင်းအကျိုးပြပြီး ကောင်းမှုတရားတွေနှင့်စိတ်ကို သဒ္ဓါတရားက ဆက်သွယ်ပေးနေပါသည်။ သဒ္ဓါတရားသည် စိတ်ကိုယုံကြည်လာအောင်၊ လက်ခံနိုင်အောင်၊ ခံယူချက် ပြတ်သားနိုင်အောင် လုပ်ပေးပါသည်။ ထို့ပြင် ဘ၀ခန္ဓာနှင့်စိတ်အစဉ်ကို အညွှန့်တလူလူနဲ့ လွှင့်ထူပေးပါသည်။ စိတ်အစဉ်ကိုလည်း တံခါးဖွင့်ပေးပါသည်။


ထို့ကြောင့် သဒ္ဓါတရားကို “စိတ်ရှင်းကိရိယာ”လို့ ဆိုလျှင်လည်း မှန်ပါသည်။ ရှုပ်နေသောစိတ်ကို ရှင်းသွားစေသည်။ နောက်ကျူနေသောစိတ်ကို ကြည်လင်သွားစေသည်။ ပူနေသောစိတ်ကို အေးသွားစေသည်။ ခြောက်ကပ်ကပ်ဖြစ်နေသောစိတ်ကို စိုပြေလန်းဆန်း သွားစေသည်။


ထို့ပြင် သဒ္ဓါတရားသည် လက်နှင့်လည်း တူပါသည်။ လောကအသုံးအဆောင်ပစ္စည်းမှန်သမျှကို ပကတိလက်နဲ့ ကောက်ယူ၍ရသကဲ့သို့ ကောင်းမှုတရားမှန်သမျှကိုလည်း သဒ္ဓါတရားနဲ့ နှစ်သက်ကြည်ဖြူစွာ ကောက်ယူ၍ရပါသည်။ ပကတိလက်သည် မီးခဲကဲ့သို့ ပူသောအရာများကို မကိုင်ချင်ပေ။ အညစ်အကြေးရှိသော ပစ္စည်းများကိုလည်း မကိုင်ချင်ပါ။ အေးသောပစ္စည်း သန့်ရှင်းသောအရာမျိုးကိုသာ ကိုင်ချင်ပါသည်။ ထို့အတူ သဒ္ဓါတရားသည် မိမိကို ပူလောင်ညစ်နွမ်းစေတက်သော မကောင်းမှုဒုစရိုက်များကို မပြုလုပ်ချင်ပါ။ မိမိ၏စိတ်ကို အေးမြင်ကြည်လင် သန့်ရှင်းစင်ကြယ်စေတက်သော ကောင်းမှုတရားတို့ကို ပြုလုပ်ချင်ပါသည်။


နောက်မှ ဆက်လက်ရေးသားတင်ပြပါမည်။ ခုတော့ နားပါရစေ။

0 comments:

Post a Comment

Powered by Blogger.