Friday, September 3, 2010

သီရိလင်္ကာနှင့် Sunday School


စာရေးသူမှတ်တမ်းတင်ထားသော Sunday School ကျောင်းသူ ကျောင်းသားများ၏ပုံရိပ်များ





ဗုဒ္ဓဘာသာနိုင်ငံများတွင် သီရိလင်္ကာနိုင်ငံ၏ ဘာသာတရားသိမ်းသွင်းမှု အားသာချက် တစ်ခုရှိပါသည်။ ၎င်းမှာ Sunday School ဖွင့်လှစ်ပြီး သင်ပေးခြင်း ဖြစ်ပါသည်။


သီရိလင်္ကာနိုင်ငံ၌ရှိသော ကျောင်းသူကျောင်းသားများသည် Sunday School ကို တနင်္ဂနွေနေ့တိုင်း ဘုန်းတော်ကြီးကျောင်းများတွင် မူကြိုးတန်းအရွယ်မှစ၍ တက္ကသိုလ်ပြီးသည်အထိ သွားရောက်သင်ကြားရပါ သည်။ ဤနိုင်ငံမှကျောင်းသူ ကျောင်းသားများသည် စနေနေ့တစ်ရက်သာ အားလပ်ရက် ရှိပါသည်။

ရုံးဝန်ထမ်းအလုပ်ကို လုပ်ကိုင်မည်ဆိုလျှင် လောကီအတန်းပညာများ မည်မျှပင် တတ်မြောက်စေကာမှု Sunday School မှ အဆင့်မြင့်အောင်လက်မှတ် ရရှိမထားပါက အဆင့်မြင့်သောရာထူးကို မရရှိပါ။ ထိုကဲ့သို့ အစိုးရနှင့်ပြည်သူများ၏ သတ်မှတ်ထားသော စည်းစနစ်ကြောင့် ကျောင်းသားကျောင်းသူများသည် Sunday School ကို နှစ်စဉ်သတ်မှတ်ထားသော အတန်းများပြီးသည်အထိ အတန်းလိုက် မဖြစ်မနေ သင်ကြားလေ့လာ ရပါသည်။

ကုမ္ပဏီ၊ ရုံးစသည်တို့ကို အလုပ်လုပ်ဖို့ လျှောက်လွှာတင်သွင်းရာတွင် Sunday School အောင်လက်မှတ်ပါ ပြသရပါသည်။ ထို့ပြင် အင်တာဗျူးဖြေဆိုရာ၌လည်း ဘာသာရေးနဲ့ ပတ်သတ်သော အချက်အလက်တို့ကို မေးမြန်းပါသည်။ Sunday School အောင်လက်မှတ်လည်းပါမှ ဘာသာရေးဗဟုသုတအသိဉာဏ်လည်း ရှိမှသာလျှင် ရာထူးကောင်းများကို ပေးပါသည်။ အစိုးရလုပ်ငန်းအရာရှိများခန့်ရာ၌လည်း Sunday School အောင်မြင်ထားမှသာ အဆင့်မြင့်ရာထူး ရရှိသည်ကိုတွေ့ရပါသည်။

ထိုကဲ့သို့ ကလေးဘဝကတည်းက ဘာသာရေး သိမ်းသွင်းပေးထားမှုကြောင့် ကလေးလူကြီးမရွေး ဘာသာရေးနဲ့ပတ်သတ်သမျှကို သိနားလည်ကြ၍ ဂုဏ်ယူစရာကောင်းလှပါသည်။ စာရေးသူတို့ နိုင်ငံမှာ ယခုခေတ်လူငယ်တွေ အတော်များများသည် ဘုန်းကြီးရဟန်းတော်များနဲ့ စကားမပြော တတ်ကြသည်က များနေသည်ကို တွေ့ရပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘာသာတရားအသိဉာဏ် နည်းပါးမှု၊ ဘာသာတရားနဲ့ဝေးကွာမှု၊ ဘာသာတရားများကို သင်ကြားလေ့လာ စိတ်ဝင်စားမှု မရှိခြင်းတို့ကြောင့်ပင် ဖြစ်ပေသည်။ ဒီလိုဖြစ်နေခြင်းသည် စာရေးသူတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အတွက် အလွန်အင်မတန် ၀မ်းနည်းစရာ ကောင်းလှပါတယ်။

အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာလူမျိုးများသည် အယဉ်ကျေးဆုံးသောနိုင်ငံဖြစ်သည်ဟု ကမ္ဘာကထင်မှတ်နေသော်လည်း တကယ်တမ်း လက်တွေ့ ကျကျ လေ့လာကြည့်သောပုဂ္ဂိုလ်များနဲ့ ထိပ်တိုက်တွေ့ကြုံလာသောအခါ ယဉ်ကျေးမှုပြကွက်များ မတွေ့ရလျှင် မည်မျှလောက် ၀မ်းနည်းကြေကွဲဖွယ် ကောင်းမလဲနော်။ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာ၏ အဆုံးအမအောက်မှာ တည်ရှိသောကြောင့် ဘာသာတရား အသိဉာဏ်မရှိလေ ယဉ်ကျေးမှုမဲ့လေ ဖြစ်နေပါလိမ့်မည်။

ယခုခေတ်နောင်ပိုင်း မြန်မာလူမျိုးများသည် ဘုန်းတော်ကြီးကျောင်းများ ပညာသင်သော အစဉ်အလာပျောက်ပျက်သွားသည်နဲ့ တဖြည်းဖြည်း ဘာသာရေးအသိဉာဏ် မဲ့သွားကြသည်ကို တွေ့မြင်နေရပါသည်။ ထို့ကြောင့် ရဟန်းငယ်များသည် ခေတ်နဲ့လျော်ညီသော ပညာများဖြင့် ဘာသာတရားကို သင်ပြပေးနိုင်ရန် ကြိုးစားနေရခြင်း ဖြစ်ပါသည်။ ဘုန်တော်ကြီးကျောင်းများက လူငယ်တွေလိုချင်သည့် ခေတ်ပညာများ သင်ပေးနိုင်မှသာ စာရေးသူတို့ မြန်မာနိုင်ငံသည် မြန်မာယဉ်ကျေးမှုများနှင့် ဘာသာရေးအသိဉာဏ်များ အရာရာကို စဉ်းစားဆင်ခြင်လုပ်ကိုင်နိုင် သော အရည်အချင်းများ တိုးတတ်လာပါ လိမ့်မည်။ သို့သော် ထိုခေတ်ပညာများ သင်ကြား ပေးနိုင်မည့် ရဟန်းတော်များကို ထောက်ပံ့ကူညီ အားပေးရန်မှာတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုး တိုင်းတွင် တာဝန်ရှိနေပါသေးသည်။

တာဝန်ရှိသည်ဆိုသည်မှာ မိဘဆွေမျိုးများက မိမိတို့၏ နောက်အနာဂတ်ဖူးပွင့်လာ မည့် ရင်သွေးငယ်များအား ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ပညာများ သင်ယူနိုင်ရန် တိုက်တွန်းနှိုးဆော်ပေးရန်နှင့် လိုအပ်သောထောက်ပံ့မှုများ ပြုလုပ်ပေးရန်ပင် ဖြစ်ပါသည်။

သီရိလင်္ကာနိုင်ငံရှိသော ကလေးလူငယ်များသည် ငယ်စဉ်ကထဲက ဘာသာရေး အသိအမြင်တွေ ရှိနေကြသည့်အတွက် လူတိုင်းလိုလို ဒေါသနည်းကြပြီး ရောင့်ရဲလွယ်ကြသည့် အချက်များသည် စာရေးသူတို့နိုင်ငံနဲ့ အတော်လေးကွာနေသည်ကို တွေ့ရှိရပါသည်။

ဥပမာ-စာရေးသူတို့နိုင်ငံမှ ကားသမားတွေဆိုပါတော့ (ဥပမာတင်ပြတာပါ၊ ကားသမားတွေသာ မဟုတ်ပါ၊ နေရာတိုင်းတွင်စဉ်းစားကြည့်လျှင် သိမြင်ပါလိမ့်မည်၊ စာရေးသူက ကားသမားပဲ အမြင်နေတာမဟုတ်ပါဘူး။ အားလုံးကို သူနေရာသူ အတုယူဖွယ်လေးတွေကို အတုယူဖို့ ရေးသားတင်ပြပေးတာပါ၊ ဤနိုင်ငံကို အထင်ကြီးတာမဟုတ်သလို စာရေးသူတို့နိုင်ငံကိုလည်း အထင်သေးခြင်းမျိုးမဟုတ်ပါ။ ဒီထက်မက တိုးတတ်အောင် အတုယူသင့်သည့်အချက်များကို မီးမောင်းထိုးပြခြင်းသာ ဖြစ်ပေသည်။) လမ်းပေါ်မှာ ဟွန်းတီးလို့ မရှောင်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေချင်လို့လား လူ့ပြည်မနေချင်တော့ဘူးလား၊ မုဆိုးမ၊ တစ်ခုလတ်ဖြစ်ချင်လို့လား၊ ယောက်ျား, မိန်းမ မရချင်တော့ဘူးထင်တယ်၊ ဘာညာစသည်ဖြင့် ပြောဆိုကြ ဆဲရေးကြသော်လည်း ဤနိုင်ငံမှ ကားသမားများကျတော့ လူကူးနေတာမြင်ရင် ကားကိုသေချာရပ်ပေးတယ်။ ကားချင်းထိပ်တိုက် ပွတ်မိ တိုက်မိရင်လဲ အပြုံးမပျက်ဘဲ ကိုယ့်ခရီးကို သင့်သလို ဆက်မောင်းသွားကြပါသည်။

ဤနိုင်ငံ၏ ကားလမ်းများသည် အင်မတန်ကျဉ်းမြောင်သော်လည်း သူတို့၏ စိတ်ထားနဲ့တော့ ကိုက်ညီမှုရှိနေပါသည်။ ယာဉ်အချင်းချင်း စိတ်ရှည်စွာဖြင့် တစ်စီးကိုတစ်စီး စောင့်ဆိုင်း၍ မောင်းနှင် ပေးကြသည်ကို မြင်တွေ့ရပါသည်။ စာရေးသူတို့ မြန်မာနိုင်ငံမှ လူမျိုးများ ဤနိုင်ငံလောက် လမ်းကျဉ်းမည်ဆိုလျှင် ဘယ်လောက်များ ဆဲရေးတိုင်ထွာမှုတွေ ယာဉ်တိုက်မှုတွေ ဖြစ်နေမလဲ မသိဘူးနော်။

စာရေးသူက ကျောင်းကို ဘတ်(စ်)ကားနဲ့သွားလာရတဲ့အခါ မိမိတို့ရဟန်းသံဃာများကို ကားရှေ့ခန်းမှာ စီးခိုင်းတာဆိုတော့ ပို၍သတိပြုမိပါတယ်။ တစ်ခါတွင် ကားသမားကို ခင်ဗျာတို့ အချင်းချင်း ဒီလိုဖြစ်နေတာတွေကို စိတ်မတိုဘူးလားလို့မေးကြည့်ရာတွင် သူကပြောတယ် (no problem) ကိစ္စမရှိပါဘူးတဲ့၊ (It is always happen. But we aren't angry someone.)မိမိလဲ အတော်လေကိုး အံသြသွားမိတယ်၊ သီရိလင်္ကာမှ ကားအများစုသည် ကားနောက်ပိုင်းတွေမှာ အပိန်အရှုံ့တွေကသာ များနေတာ ဒါ့ကြောင်းကိုးလို့ စာရေးသူလဲ သတိထားမိခဲ့ပါတယ်လေ။ “နွားသိုးမှန်ရင် ဂျိုရာ မကင်းဘူးဆိုသလိုပါပဲ ဒါဟာ ဒေါသနည်းလို့ လုပ်နိုင်ကြတာပဲ”ဟု စိတ်ထဲမှာ တွေးတောရင်း စာရေးသူ၏ ဆောင်းပါးကို နိဂုံးချုပ်ပါရစေ။ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး အများအကျိုးကို နေ့စဉ်လုပ်ဆောင်နိုင်ပါစေလို့ မေတ္တာပို့ ဆန္ဒပြုလျက်................


အရှင်ကောမလ(Sanninaymin@gmail.com)
သာသနတက္ကသီလဓမ္မာစရိယ
B.A (Buddhism)
M.A (university of Kelaniya)
Colombo, Sri lanka.



0 comments:

Post a Comment

Powered by Blogger.