Thursday, June 3, 2010

သီရိလင်္ကာနိုင်ငံ၏ ချစ်စရာကောင်းသော ဓလေ့များ

သီရိလင်္ကာနိုင်ငံ၌ နှစ်စဉ် မြတ်စွာဘုရားရှင်၏ မွေးနေ့၊ ဘုရားဖြစ်သောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့ ၊ ဗျာဒိတ်ခံယူသောနေ့၊ ပဋိသန္ဓေယူသောနေ့ဖြစ်သည့် မြတ်ဗုဒ္ဓ၏ နေ့ထူးနေ့မြတ်ဖြစ်သောမြန်မာပြည်ဆို ကဆုန်လပြည့်နေ့၊ ဒီမှာတော့ နှစ်စဉ် ၅-လပိုင်း၊ ၂၇-ရက်မှစတင်၍ (၇) ရက်ကျင်းပပါသည်။ သို့သော် (၂ရ.၂၈. ၂၉) ရက်နေ့များ၌သာ စည်းကားစွာ သွားလာကြည့်ရှု့ကြပါသည်။ မြန်မာလဆိုတော့ရင်တော့ နယုန်လပြည့်နေ့ဖြစ်ပါသည်။ ထိုနေ့များသည် ဒီနိုင်ငံ၏ အကြီးကျယ်ဆုံး ဗုဒ္ဓပွဲတော်ဖြစ်ပါသည်။


ဒီနိုင်ငံမှာ ပွဲတော်များ ကျင်းပသည်က နည်းပါးလှပါသည်။ အဓိကကျမည့် ပွဲတော်များသာ ကျင်းပကြပါသည်။ မြန်မာနိုင်ငံမှာကဲ့သို့ ပွဲလမ်းသဘင်များ မရှိပါ။ ဒီနိုင်ငံသည် ယဉ်ကျေးသိမ်မွေ့သော နိုင်ငံဖြစ်သည်ဟု ထင်မြင်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သလို ဗုဒ္ဓဘာသာကိုလည်း အထူးအလေးပေးသောကြောင့် ဖြစ်ပါသည်။ မြန်မာပြည်သူများသည် သဒ္ဓါတရားတွင် ဒီနိုင်ငံ၏ လူများထက် သာလွန်ပါသည်။ သို့သော် ဘာသာတရားနှင့်ယဉ်ကျေးမှုကို အလေးထားမှုမှာ ဒီနိုင်ငံရှိလူများကို မမှီကြပါ။


ယခု ကျင်းပသော ဗုဒ္ဓပွဲတော်တွင် ဗုဒ္ဓဘာသာ၏ အသိအမှတ်ပြုဖြစ်သော သာသနာ့အလံကို တစ်နိုင်ငံလုံးရှိ အိမ်များ ရုံးများ ကားများ လမ်းများမှာ ချိတ်ထားသည်မှာ မြင်ရသူအဖို့ အလွန်ပီတိဖြစ်စရာ ကောင်းပါသည်။ သာသနာ့အလံမှာလည်း မြန်မာနိုင်ငံကဲ့သို့ စက္ကူအလံမဟုတ်သလို အသေးလေးလည်း မဟုတ်ပါ။ အကောင်းစား ပိတ်စများဖြင့် လမ်းလုံးပြည့်အောင် အလျားရော အနံပါ ကြီးမားသော အလံများဖြင့် ချိတ်ဆွဲထားကြပါသည်။ ဘုရားကိုလည်း လျှစ်စစ်မီး မီးပုံများဖြင့် ပူဇော်ထားသည်မှာ ကြည်ညိုမဆုံးအောင် လုပ်ထားသည်ကို တွေ့ရပါသည်။


ထိုပွဲတော် ကျင်းပသောနေ့များတွင် တစ်နိုင်ငံလုံး အားလက်ရက်အနေဖြင့် သတ်မှတ်ထားသောကြောင့် ဒီနိုင်ငံရှိ လူများသည် ညပိုင်းအချိန်တွင် တစ်ညလုံး ဗုဒ္ဓရုပ်ပွားတော်များနှင့် ဗုဒ္ဓဖြစ်စဉ်ဗွီဒီယိုများကို လိုက်လံကြည့်ရှု့ကြပါသည်။ ဗုဒ္ဓဘာသာနိုင်ငံ၏ ပွဲတော်ဖြစ်သောကြောင့် ဘယ်ဘာသာလူမျိုးမဆို မိမိအိမ် လမ်းရှေ့တွင် မီးပုံများ သာသနာ့အလံများ ပြင်ဆင်ထားကြပါသည်။ ပွဲတော်ဖြစ်သော်လည်း ပွဲလမ်းကြီးများ မရှိပါ။ မီးများဖြင့် အလှဆင်ထားသော ဗုဒ္ဓရုပ်ပွားတော်များနှင့် ဗုဒ္ဓဖြစ်စဉ်ဗွီဒီယိုများ၊ စတုဒိသာ ကျွေးပွဲများသာ ပြုလုပ်ကြပါသည်။ အချို့နေရာ၌ ဒီနိုင်ငံ၏ ရိုးရာအကများ ရှိပါသည်။


ပွဲတော်ကျင်းပသော ဒုတိယမြောက်ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ သံဃာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပပါသည်။ မိမိတို့ ရပ်ကွက်မှာရှိသော ကျောင်းများရှိ သံဃာတော်များကို ရပ်ကွက်တွင် လှည့်လည်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူကြပါသည်။ စာရေးသူလည်း ကုလားကျောင်းတစ်ကျောင်းမှ ပင့်ဖတ်သဖြင့် ထိုဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကိုယ်တိုင်ဆင်နွဲခဲ့ရပါသည်။


ဗုဒ္ဓပွဲတော်နဲ့ပတ်သတ်၍ ကျင်းပသောပွဲတော်များတွင် ဒီနိုင်ငံကဲ့သို့ တစ်နိုင်ငံလုံးကျင်းပပြီး စည်းကားလှသော ပွဲတော်မျိုး မတွေ့ခဲဖူးလို့များတော့မသိ။ ဒီနိုင်ငံ၏ ဗုဒ္ဓပွဲတော်ကို စာရေးသူတို့ တစ်ညတွင် လှည့်လည်ကြည့်ရှု့ရာတွင် အလွန်အင်မတန် ပီတိဖြစ်ခဲ့ရပါသည်။


ဒီနိုင်ငံသည် ဗုဒ္ဓဘာသာကို အလေးထားသော နိုင်ငံဖြစ်သလို ယဉ်ကျေးသိမ်မွေ့သော နိုင်ငံလည်း ဖြစ်သည်ကို တွေ့ရပါသည်။ ဗုဒ္ဓဘာသာကို အလေးထားသော အချက်များမှာ


၁။ သံဃာတော်များ လိုင်းကားပေါ်တက်လာလျှင် ဘယ်လောက်ပင် လူများပြည့်နေပါစေ ထိုင်ခုံနေရာကို ဖယ်ပေးပြီး သံဃာတော်များကို ထိုင်ခိုင်းပါသည်။ မည့်သည့်ဘာသာလူမျိုးမဆို ထိုကဲ့သို့ ပြုလုပ်ပေးရပါသည်။ ရုံများ စတိုးဆိုင်များမှာလည်း သံဃာတော်များ မတ်တပ်ရပ်၍ မနေရပါ။ ထိုင်စရာခုံမရှိလျှင် သူတို့နေရာမှာ ထိုင်ခိုင်းပါသည်။


၂။ ဗုဒ္ဓဘာသာဝင်များ၏ ကလေးများသည် တနင်္ဂနွေနေ့တိုင်း ကျောင်းပိတ်ရက်တွင် Sunday School နေ့ဟု သတ်မှတ်ထားပြီး ကျောင်းသား၊ကျောင်းသူ ကလေးများသည် အဖြူရောင်ဝတ်စုံလေးများ ၀တ်ဆင်ပြီး ဘုန်းကြီးကျောင်းများသို့ ဗုဒ္ဓယဉ်ကျေးမှုစာပေများ သင်ကြားကြပါသည်။ ထို့ကြောင့်လည်း ဒီနိုင်ငံမှာရှိသော ဗုဒ္ဓဘာသာဝင်များသည် ကလေးရောလူကြီးပါ သံဃာတော်များနဲ့ ယဉ်ကျေးစွာ ဆက်ဆံပြောဆိုတက်ကြသကဲ့သို့ သံဃာတော်များ၏ စကားကိုလည်း နားထောင်ကြသည်ကို တွေ့ရပါသည်။ မိမိတို့ မြန်မာနိုင်ငံမှ လူငယ်များသည် မိမိတို့ ဗုဒ္ဓဘာသာအကြောင်းကို ကောင်းကောင်းမသိကြသလို ကောင်းကောင်းသိအောင်လည်း မလေ့လာ မသင်ယူချင်ကြပေ၊ ထို့ပြင် ဘုန်းကြီးကျောင်းများကို သွားရမည်မှာလည်း ပွဲလမ်းမရှိပါက မသွားချင်ကြပါ။ သံဃာတော်များနဲ့လည်း စကားမပြောတက်ဟု အကြောင်းပြပြီး သံဃာတော်များနဲ့ ခပ်ဝေးဝေးနေကာ စကားလက်ဆုံ မပြောဖြစ်သောကြောင့် ဗုဒ္ဓဘာသာအကြောင်းကိုလည်း မမေးဖြစ်၊ မဆွေးနွေးဖြစ်ကြပေ။ ထို့ကြောင့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် လူငယ်များသည် ဗုဒ္ဓဘာသာအကြောင်းကို မလေ့လာ မသင်ယူကြသောကြောင့် သံဃာတော်များနဲ့ မပြောဆိုတတ်သည့်အပြင် ဘာသာခြားများက ဆွဲဆောင်လျှင်လည်း ကိုယ့်ဘာသာကို အလေးထားရမှန်း မသိသောကြောင့် ဘာသာပြောင်းသွားတတ်ကြပါသည်။ မိမိတို့ မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာမှ ဆင်းသက်လာသောကြောင့် ဗုဒ္ဓဘာသာအကြောင်းကို ကောင်းကောင်းမသိကြသောကြောင့် ယဉ်ကျေးမှုကိုလည်း အလေးထားရမှန်း မသိကြခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံမှ လူငယ်များသည် မိမိတို့ ဗုဒ္ဓဘာသာအကြောင်းကို ကောင်းကောင်းနားလည်အောင် ကြိုးစားလေ့လာပြီး တန်ဖိုးထားရမှန်းသိအောင်လည်း ကြိုးစားကြပါဟု ဒီနေရာကနေပဲ တိုက်တွန်းလိုက်ပါရစေ။


၃။ သံဃာတော်များ ရွတ်ဖတ်ပေးသော ပရိတ်တရားကိုနာပြီးလျှင်လည်း ပရိတ်ကြိုးကို လက်မှာအမြဲတစေ ၀တ်ဆင်ထားကြပါသည်။ ဒီနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များသည် ပရိတ်ကြိုးကို အထူးယုံကြည်ကြပါသည်။ အရာရှိများကအစ သံဃာတော်များနှင့်တွေ့လျှင် ပရိတ်ကြိုး တောင်းကြပါသည်။


၎။ ဗုဒ္ဓဆင်တုများကို နေရတကာမှာ ပူဇော်လှူဒါန်းနိုင်အောင် ကားလမ်းဘေးများမှာ ကျကျနန အဆောက်အဦးများဖြင့် တည်ထားကိုးကွယ်ထားခြင်း၊


၅။ သံဃာများကို ဆွမ်းကပ်ပင့်လျှင် သံဃာများကို ခြေဆေးပေးပြီး ခြေသုတ်ပေးခြင်း၊ သံဃာများထိုင်သောနေရာ၊ ဆွမ်းစားသောနေရာနှင့် သံဃာတော်တို့သီတင်းသုံးသော နေရာ၏ အပေါ်တွင် ပိတ်စဖြူများဖြင့် ပြင်ဆင်ထားပါသည်။ ဆွမ်းစားပင့်သော ဒကာ-ဒကာမများသည်လည်း ပိတ်စဖြူများသာ ၀တ်ဆင်ထားကြပါသည်။


ဒီနိုင်ငံ၏ အဖြူရောင်ကို အသုံးပြုသော နေရာများမှာ ဘာသာရေးအခမ်းအနား၊ အောက်ထစ်ဆုံး အသုဘချရာတွင်လည်း အဖြူရောင် ၀တ်ဆင်ပါသည်။ ဆေးရုံဝန်ထမ်းများလည်း အဖြူရောင်ဝတ်ဆင်သလို ကျောင်းသားများသည်လည်း အပေါ်အောက် အဖြူရောင် ၀တ်ဆင်ကြပါသည်။


ယဉ်ကျေးသိမ်မွေ့သော အချက်များမှာ မိမိတို့ ရိုးရာဝတ်စုံများကို မပျောက်ပျက်အောင် လူကြီးလူငယ်မရွေ့ ၀တ်ဆင်ကြခြင်း၊ အတွဲစုံတွဲများ လမ်းဘေး၊ ဘုရားဘေး၊ ပန်းခြံများတွင် လူကြည့် မကောင်းအောင် မလုပ်ကြခြင်းပင် ဖြစ်ပါသည်။ ထို့ပြင် တစ်ယောက်နဲ့တစ်ယောက် ဆဲရေးတိုင်းထွာခြင်းများ မပြုလုပ်ကြပါ။ ကားချင်းတိုက်၍ ပွန်ပဲ့လျှင်လည်းကောင်း၊ ရှေ့ကားများက နောက်ကားကို လမ်းပိတ်ထားလျှင် လည်းကောင်း၊ ကားလမ်းကူးတွင် လူများက ရုတ်တရက် လမ်းကူးလျှင်လည်းကောင်း ကားကို သေချာရပ်ပေးပြီး တစ်ဦးကိုတစ်ဦး အော်ဟစ်ဆဲရေးခြင်းများ မပြုလုပ်သည်ကို တွေ့ရပါသည်။


ယခု ကျင်းပသော ဗုဒ္ဓပွဲတော်၌ နွားများကို ဘေးမဲ့ပေးကြသည်ကိုလည်း တွေ့ရပါသည်။ ဒီနိုင်ငံ၌ရှိသော ဗုဒ္ဓဘာသာဝင်များသည် အသားငါး မစားကြသည်က များပါသည်။ အထူးသဖြင့် အမဲသားကို မစားကြပါ။ သူတို့ကိုယ်တိုင် မစားကြသလို ဘုန်းကြီးကျောင်းများ၌ အမဲသားကို ချက်ခွင့်ပင် မရှိပါ။ အမဲသားချက်စားသောကျောင်းသည် ဗုဒ္ဓဘာသာဝင်များ၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရသည်ဟု သိရပါသည်။


သီရိလင်္ကာနိုင်ငံမှာ သစ်ပင်များကို အလေးပေးဂရုစိုက်ကြသည်ကို တွေ့ရပါသည်။ လမ်းဘေးမှာရှိသော သစ်ပင်၊ အိမ်နားမှာရှိသော သစ်ပင်များကို မလဲပစ်ပဲ ဒီတိုင်းထားပြီး လှပအောင်ပဲ ပြုပြင်ထားကြပါသည်။ ထို့ကြောင့်လည်း မိုးလေ၀သမှန်ကန်သည်ဟု ထင်မြင်မိပါသည်။ နွေရာသီပူသောအခါတွင် ဒီနိုင်ငံမှာ ပူသည်က လေနဲ့အမြဲထိတွေ့နေရသောကြောင့် သက်သာပါသည်။ မြန်မာနိုင်ငံမှာ ပူအိုက်နေချိန်တွင် ဒီနိုင်ငံမှာ နေသာထိုင်သာ ရှိပါသည်။ မိုးကလည်း တစ်ပတ်တစ်ရက်လောက်တော့ ပုံမှန်ရွာသည်ကို တွေ့ရပါသည်။ နေ့ခင်း အပူချိန်များပြီး ချွေးပြန်လျှင် ညအချိန်မှာ မိုးသေချာပေါက် ရွာပါသည်။


မိမိတို့ မြန်မာနိုင်ငံရှိ လူများသည် သစ်ပင်ကို တောရွာရှိ အိမ်များတွင် ရှိနေလျှင်ပင် ခုတ်လဲပစ်ကြပါသည်။ မြို့မှာဆို လမ်းလေးနဲ့ မြို့လယ်ခေါင်းမှာ သစ်ပင်ကို မတွေ့ရတော့ပါ။ ထို့ကြောင့်လည်း ရာသီဥတု ဖောက်ပြန်လာခြင်းဖြစ်သည်ဟု ထင်မြင်မိပါသည်။ မိမိတို့ နိုင်ငံရှိ လူများသည်လည်း သစ်ပင်ကို တန်ဖိုးထားတတ်စေချင်ပါသည်။

ယခုတော့ ဒီလောက်ပါပဲ။ နောက်မှ မိမိသိသော အကြောင်းအရာများ၊ ဗဟုသုတရှိပြီး အတုယူစရာများကို ဆက်လက်ရေးသားတင်ပြပါအုန်းမည်။ ယခု ရေးသားထားသော အကြောင်းအရာများသည် မိမိသိသလောက်သာ ရေးသားထားခြင်း ဖြစ်သောကြောင့် မပြည့်စုံနိုင်သေးသလို မှားယွင်းမှုများလည်း ပါရှိနိုင်ပါသည်။ မသိသေးသောသူများကို ဗဟုသုတပညာ ရရှိပါစေခြင်း အကျိုးငှါ မိမိသိသလောက် ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပါသည်။

3 comments:

Unknown said...

we also should our culture. it's duty for all citizen.

Unknown said...

that's why,we 'h known that there was no tree for no monk who got Neivanna,in Sri lankar

Unknown said...

"ဆရာတော်ဘုရား""သီရိလင်္ကာနိုင်ငံ" ၏
ဗုဒ္ဓဘာသာအပေါ်ရိုသေကိုင်းရိုင်းပုံကိုထပ်မံသိလိုပါသေး
တယ်ဘုရား။တပည့်တော်မတို့လဲမှားတာပြင်လို့ရတာပေါ့။ဘုရား၊အရှင်ဘုရားအဆင်ပြေမယ်ဆိုရင်ပုံနှင့်ကြည့်
ချင်ပါတယ်ဘုရား။တပည့်တော်တို့လို့နိုင်ငံရပ်ခြားမရောက်ဘူးတဲ့လူတွေအနေနဲ့၊ကိုယ်ဗုဒ္ဓဘာသာတိုင်းပြည်လေးအချင်းချင်းမြင်တွေ့လိုပါတယ်ဘုရား။အရှင်ဘုရားကျန်းမားပြီးသာသနာအကျိုးကိုသယ်ပိုးနိုင်ပါစေဘုရား

Post a Comment

Powered by Blogger.