Tuesday, March 18, 2014

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု မေးခွန်းနှင့်အဖြေများ

လွန်ခဲ့သော တစ်လကျော်က မြဝတီမြို့နှင့် ရွှေကုက္ကိုမြိုင်ရွာသို့ တရားဟောကြွရင်း ကလေးများကျောင်းပိတ်ရင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပြီး သင်ပေးချင်တယ်။ ဒီရွာက လူကြီးတွေ ဖြစ်မြောက်အောင် ကူညီပေးကြပါလို့ ပြောဆိုခဲ့တယ်။ ယခုတော့ ရွှေကုက္ကိုမြိုင်ရွာလူကြီးတွေက ကူညီပေးကြတာနဲ့ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ဖြစ်လို့ သွားရောက်သင်ပေးခဲ့တယ်။ ကလေးတွေများတာနဲ့ သူငယ်တန်းကနေ စတုတ္ထတန်းထိကိုတော့ တခြားခွဲသင်ခိုင်းလိုက်ပြီး မိမိကတော့ ပဉ္စမတန်းမှ နဝမတန်းထိ ကလေးများကိုသာ သင်ပေးလိုက်တယ်။ ကလေးတွေ သင်တန်းတတ်ချင်အောင် အင်္ဂလိပ်လိုပါ ဘာသာရေးစာပေများ ရေးခိုင်းကျက်ခိုင်းပေးလိုက်တယ်။

ကလေးများ မိမိဘာသာတရားအကြောင်း အဓိကလိုက်နာရမဲ့ အချက်များ သေချာသိထားဖို့၊ တခြားဘာသာများအကြောင်း ဗဟုသုတရှိထားဖို့၊ သရဏဂုံသုံးပါးမြဲဖို့၊ ငါးပါးသီလ နေ့စဉ်စောင့်ထိန်းလျှင် အကျိုးများမှန်းသိဖို့၊ ဝိပဿနာအားထုတ်ခြင်းသည် မျက်မှောက်ဘဝမှာ တကယ့်ချမ်းသာစစ်အမှန်ကို ရရှိတယ်ဆိုတာသိပြီး ဆက်လက်ကျင့်ကြံနေထိုင်ချင်စိတ်ဖြစ်ဖို့ ပြောဆိုသင်ပေးတယ်။ ဒီအချက်တွေသာ သူတို့လေးတွေ ပြည့်စုံနေမယ်ဆိုရင် ဒီဘဝတွင် တောင်းစားရတဲ့ ဘဝရောက်နေပါစေ မျက်မှောက်တမလွန်မှာ စိတ်ချမ်းသာမှုတော့ ရရှိနေမှာပါ။

(၁၇.၃.၂၀၁၄) ရက်နေ့မှာ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်ကြတဲ့ ကလေးငယ်ပေါင်း(၄၀၀)ကျော်ကို အတန်းခွဲပြီး စာမေးပွဲဖြေခိုင်းပြီးတာနဲ့ (၁၈.၃.၂၀၁၄)မှာ ဆုပေးပွဲပြုလုပ်ဖို့ရန်အတွက် ချက်ခြင်းအဖြေလွှာ စစ်လိုက်ရတာ နေ့(၁၂)နာရီကနေ ည(၁၂)နာရီမှ ပြီးတော့တယ်။ လူလည်း ညောင်းကိုက်သွားတော့တာပဲ။ “အော်-ဒါလည်း လူမျိုးဘာသာသာသနာအတွက် ပေးဆပ်ရတာ ဆိုတော့ မြတ်ဗုဒ္ဓရဲ့ကျေးဇူးကိုဆပ်ရာရောက်လို့ နိဗ္ဗာန်ရောက်ကြောင်းပဲမို့ ပင်းပန်းခံလုပ်ရတာပေါ့လေ။

ကလေးတွေကို သင်ပေးထားတာတွေထဲက အောက်ပါ မေးခွန်းများကို မေးဖြေခိုင်းခဲ့ပါတယ်။ ကလေးတွေဖြေခိုင်းတဲ့မေးခွန်းတွေကို မသိသေးသူများ သိရှိရအောင် တင်ပေးပါဆိုတာနဲ့ အဖြေများပါ တွဲတင်ပေးလိုက်ပါတယ်။

ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း မေးခွန်းလွှာ

စာဖြေချိန်-(၂)နာရီ    Date-17.3.2014

၁။ အောက်ပါတို့ကို ဖြေဆိုခဲ့ပါ။
(က) မြတ်စွာဘုရားကို ဘာကြောင့် ရှိခိုးရပါသလဲ။
(ခ) မိဘကို ဘာကြောင့် ရှိခိုးရပါသလဲ။
(ဂ) ချမ်းသာချင်လျှင် ဘာလုပ်ရမည်နည်း။
(ဃ) မိသားစုဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေချင်လျှင် ဘာလုပ်ရမည်နည်း။
(င) ထင်ပေါ်ကျော်ကြားချင်လျှင် ဘာလုပ်ရမည်နည်း။
၂။ ဒုစရိုက်(၁၀)ပါးကို မြန်မာလို ရေးသားခဲ့ပါ။
၃။ သင်္ဂါယနာ(၆)တန်တွင် ဒုတိယသင်္ဂါယနာနှင့် တတိယသင်္ဂါယနာအကြောင်း ကို ပြည့်စုံစွာ ရေးသားခဲ့ပါ။
၎။ သူယုတ်မာလက္ခဏာ(၄)ပါးကို ရေးသားခဲ့ပါ။
၅။ သူတော်ကောင်းဥစ္စာ(၇)ပါးနှင့် ဗြဟ္မစိုရ်တရား(၄)ပါးတို့ကို မြန်မာလို ရေးသားခဲ့ပါ။
၆။ ငယ်စဉ်အခါ ပညာမသင်ယူခဲ့မိခြင်းနောင်တနှင့် ငယ်စဉ်က အကျင့်မကောင်း ခဲ့ခြင်းနောင်တတို့ကို ရေးသားခဲ့ပါ။
၇။ မှားယွင်းသောအယူဝါဒ(၄)မျိုးကို ရေးသားခဲ့ပါ။
၈။ မဟာတာပနငရဲအကြောင်းကို ရေးသားခဲ့ပါ။
၉။ ကျောင်းပိတ်ရက်ကဗျာကို ရေးသားခဲ့ပါ။
၁၀။ အောက်ဖော်ပြပါ စိတ်ဓာတ်ရေးရာ ခေါင်းစဉ်(၂)ခုတွင် နှစ်သက်ရာခေါင်းစဉ်(၁)ခုကို သူတစ်ပါး အတုယူကျင့်သုံးစရာဖြစ်အောင် (၂)မျက်နှာခန့် ရေးသားခဲ့ပါ။
(က) After me/ you.
(ခ)  ငါနဲ့မဆိုင်ဘူးလို့ မပြောမိပါစေနဲ့။

အဖြေများ

၁။ (က) မြတ်စွာဘုရားသည် မိမိတို့အပေါ်၌ ကောင်းတာမကောင်းတာကို ခွဲခြားသိမြင်အောင် ဟောပြောဆုံးမပေးခဲ့သော ကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။ မြတ်စွာဘုရားသည် မိမိတို့ တုနှိုင်းမရသော ဂုဏ်သတ္တိများရှိသောကြောင့် ရှိခိုးရပါသည်။ မြတ်စွာဘုရားသည် မိမိတို့ မပြုလုပ်နိုင်သော ပါရမီများဖြည့်ခဲ့ခြင်း၊ မြတ်ဗုဒ္ဓဖြစ်ချိန်တို့တွင်လည်း မိမိတို့အကျိုးရှိစေရန် မနားမနေ ဆိုဆုံးမသြဝါဒများ ပြုလုပ်ပေးခဲ့သော ကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။
(ခ) မိဘများသည် မိမိတို့ကို လူဖြစ်လာအောင် မွေးဖွားပေးသောကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။ မိဘများသည် မိမိတို့ကို လူလားမြောက်လာအောင် ကျွေးမွေးစောင့်ရှောက် ပညာသင်ပေးခဲ့သော ကျေးဇူးရှိသောကြောင့် ရှိခိုးရပါသည်။
(ဂ) ချမ်းသာချင်လျှင် သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရပါမည်။
(ဃ) မိသားစုဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေချင်လျှင် သူတစ်ပါးသားမယား ကို ပြစ်မှားစော်ကားခြင်းမှ ရှောင်ကြဉ်ရပါမည်။
(င) ထင်ပေါ်ကျော်ကြားချင်လျှင် လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ရပါမည်။

၂။ ဒုစရိုက်(၁၀)ပါးတို့မှာ
သူတစ်ပါးကို အသက်ကိုသတ်ခြင်း၊ သူတစ်ပါးပစ္စည်း ခိုးယူခြင်း၊ မှားယွင်းစွာ ဖောက်ပြန်ခြင်း၊ မဟုတ်မမှန် မုသားပြောခြင်း၊ ကုန်းတိုက်စကား ပြောဆိုခြင်း၊ ကြမ်းတမ်းသောစကား ပြောဆိုခြင်း၊ အကျိုးမရှိသောစကား ပြောဆိုခြင်း၊ သူတစ်ပါးကြီးပွားချမ်းသာသည်ကို ဝန်တိုခြင်း၊ သူတစ်ပါးအား မကောင်းကြံခြင်း၊ အယူမှားခြင်းတို့ ဖြစ်ပါသည်။

၃။ ဒုတိယသင်္ဂါယနာကို သာသနာတော်နှစ် (၁၀၀) ဘီစီ (၄၄၃)ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကာလာသောကမင်းလက်ထက်တွင် အရှင်ယသမထေရ်ဦးဆောင်သော ရဟန္တာ(၇၀၀)တို့မှ မြတ်ဗုဒ္ဓ၏ တရားတော်များကို မှတ်တမ်းတင်ခဲ့ကြသည်။ အချိန်ကာလအားဖြင့် (၈)လ ကြာမြင့်သည်။
တတိယသင်္ဂါယနာကို သာသနာတော်နှစ်(၂၃၅)၊ ဘီစီ(၃၀၈)ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ပါဋလိပုတ်ပြည်၊ သီရိဓမ္မာသောကမင်းကြီးလက်ထွက်တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဦးဆောင်းသော ရဟန္တာ(၁၀၀၀)တို့မှ မြတ်ဗုဒ္ဓ၏တရားတော်များကို မှတ်တမ်းတင်ခဲ့ကြသည်။ အချိန်ကာလအားဖြင့် (၉)လ ကြာမြင့်သည်။

၎။ သူယုတ်မာလက္ခဏာ(၄)တို့မှာ သူတစ်ပါးမကောင်းကြောင်းကို မမေးဘဲနှင့်ပြောခြင်း၊ မေးလာလျှင် အကျယ်ချဲ့၍ ပြောခြင်း၊ သူတစ်ပါးကောင်းကြောင်းကို မမေးလျှင် မပြောခြင်း၊ မေးလာလျှင် အနည်းငယ်သာပြောခြင်း၊ မိမိမကောင်းကြောင်းကို မမေးလျှင် မပြောခြင်း၊ မေးလာလျှင် အနည်းသာပြောခြင်း၊ မိမိကောင်းကြောင်းကို မမေးဘဲနှင့်ပြောခြင်း၊ မေးလာလျှင် အကျယ်ချဲ့၍ ပြောခြင်းတို့ ဖြစ်သည်။

၅။ သူတော်ကောင်းဥစ္စာ(၇)ပါးတို့မှာ သဒ္ဓါ-ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်း၊ သီလ-ကိုယ်ကျင့်သီလစောင့်ထိန်းခြင်း၊ သုတ-အသိပညာ ဗဟုသုတရှိခြင်း၊ စာဂ-စွန့်ကြံပေးကမ်း လှူဒါန်းခြင်း၊ ပညာ-ကောင်းမှုမကောင်းမှုကို ခွဲခြားသိမြင်ပြီး လောကုတ္တရာပညာရှိခြင်း၊ ဟီရိ-မကောင်းမှုပြုလုပ်ရမည်ကို ရှက်ခြင်း၊ သြတ္တပ္ပ-မကောင်းမှုပြုလုပ်ရမည်ကို ကြောက်ခြင်းတို့ ဖြစ်ပါသည်။ ဗြဟ္မစိုရ်တရားလေးပါးမှာ မေတ္တာ-သတ္တဝါအားလုံးတို့အပေါ် တန်းတူညီမျှ မေတ္တာထားခြင်း၊ ကရုဏာ-သူတစ်ပါးဒုက္ခရောက်နေသည်မြင်လျှင် သနားခြင်း၊ မုဒိတာ-သူတစ်ပါးချမ်းသာသည်ကိုမြင်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊ ဥပေက္ခာ-သူတစ်ပါးအပေါ်၌ ချစ်ခြင်းမုန်းခြင်း တန်းတူညီမျှ ထားခြင်းတို့ ဖြစ်သည်။

၆။ ငယ်စဉ်က ပညာမသင်ယူမိခဲ့ခြင်းနောင်တ
ငယ်စဉ်အခါ ပညာသင်ရမည့်အရွယ်မှာ တက်သင့်တက်ထိုက်တဲ့ လက်မှု၊ စက်မှု စာပေပညာတို့ကို မသင်ဘဲ နေမယ်။ အပျော်အပါးလိုက်စားနေမယ်ဆိုရင် ကြီးလာတဲ့အခါ ဘ၀ရှေ့ရေးအတွက် စီးပွားလုပ်တဲ့အခါကျမှ ငယ်စဉ်ကပညာမသင်ယူခဲ့ခြင်းနောင်တတွေ ဖြစ်လာကြတယ်။ အလုပ်တစ်ခုမှာ မိမိကသူတစ်ပါးထက် ၀ီရိယမှာလည်း သာတယ်။ ဇွဲလည်းရှိပါရဲ့နဲ့ လုပ်ငန်းခွင့်မှာ ဦးစီးဦးဆောင်မလုပ်နိုင်ဘဲ မိမိထက်ငယ်သူ၊ သို့မဟုတ် အသက်အရွယ် တန်းတူဖြစ်ပါလျက် ပညာရပ်ကိုကောင်းစွာလေ့လာသူတို့ရဲ့ ခိုင်းစေမှုကို ခံရတဲ့အခါကမှ ငယ်ငယ်ကပညာမသင်ယူခဲ့ရတာ နာတယ်ကွာ၊ ငါသာသေချာလေ့လာ သင်ယူခဲ့မယ်ဆိုရင် ဒီလိုအခိုင်းခံရမှာ မဟုတ်ဘူး၊ ခုတော့ ငါဟာ သူများကို လက်ညိုးခိုင်းရမဲ့ဘဝရောက်အောင် မပြုလုပ်ခဲ့တဲ့အတွက် သူများလက်ညိုးထိုးခိုင်းတာ လုပ်ရတဲ့ဘဝဖြစ်နေရပါလားစသည်ဖြင့် နောင်တသံတွေ ထွက်တတ်ကြတယ်။ ဘယ်လိုပင်နောင်တတွေရရ အချိန်အခါနှောင်းမှရမယ်ဆိုရင် အကျိုးမရှိတော့ပါဘူး။ ဒါကြောင့် ကြီးလာတဲ့အခါ နောင်တမရအောင် ငယ်ငယ်ကတည်းက ဘ၀ရှေ့ရေးအတွက် တက်သင့်တက်ထိုက်တဲ့ပညာများကို သင်ယူဖို့ လိုပါပေတယ်။

ငယ်စဉ်က အကျင့်မကောင်းမိခဲ့ခြင်းနောင်တ
ငါငယ်စဉ်အခါတုန်းက မိဘစကားနားမထောင်ခဲ့ခြင်း၊ ဆရာသမားများစကား နားမထောင်ခဲ့ခြင်း၊ အကျင့်မကောင်းခဲ့တဲ့အတွက်ကြောင့် ကောင်းမှုများမလုပ်ခဲ့ခြင်းတို့သည် အသက်ကြီးလာသောအခါ မိမိက မိဘနေရာရောက်သောအခါ မိမိသားသမီးများက မိမိစကားနားမထောင်တဲ့အခါ၊ မိမိဆရာဖြစ်သောအခါ မိမိတပည့်များက မိမိစကားနားမထောင်သောအခါ၊ အကျင့်မကောင်းခဲ့လို့ ကောင်းမှုမရှိ၍ သေခါနီးအခါ မကောင်းသော ငရဲနိမိတ်၊ အပါယ်နိမိတ်များ မြင်လာရသောအခါကျမှ “အော်-ငါသည် ငယ်စဉ်အခါတုန်းက မိဘစကားနားမထောင်၊ ဆရာ့စကားနားမထောင်၊ အကျင့်မကောင်းခဲ့ခြင်းတို့သည် ငါပဲ ဒုက္ခရောက်ရတာပါလား”ဟု နောင်တရတတ်ပါသည်။

ဒီနောင်တဟာ မိဘဖြစ်သူတို့ သားသမီးတွေပေါ်မှာ သတိထားဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ မိမိကလေးဟာ ငယ်စဉ်ကတည်းက မကောင်းတဲ့အကျင့်ပျက်မှုတွေ တွေ့မြင်လာပြီဆိုရင် အကျိုးအကြောင်းပြောပြ ဆိုဆုံးမသင့်ပါတယ်။ လူတစ်ယောက်ရဲ့အကျင့်စရိုက်ဟာ ကြီးတဲ့အထိပါနိုင်တာကြောင့် မိဘဖြစ်သူများဟာ မကောင်းတဲ့အမူအကျင့်တွေ အတုမခိုးစေဘဲ ကောင်းတဲ့အကျင့်တွေကိုသာ သင်ပြပေးဖို့လိုအပ်ပါတယ်။ ငယ်စဉ်ကတည်းက မိမိသားလေး ခိုးတတ်မှန်းသိလျက်နဲ့ ခိုးခြင်းကြောင့် ရရှိမဲ့အပြစ်တွေကိုလည်းမပြော၊ ဆိုဆုံးမမှုလည်းမလုပ်ဘူးဆိုရင် ဒီကလေးဟာ ကြီးလာရင် သူတစ်ပါးပစ္စည်း ခိုးဖို့ရာ ၀န်လေးတော့မှာမဟုတ်ပါဘူး။ ဒီအခါမှာ ငါဒီလိုဖြစ်တာ မိဘတွေ မဆုံးမခဲ့လို့ပဲဆိုတဲ့ နောင်တတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် မိဘလုပ်သူများဟာ မိမိတို့ရဲ့သားသမီးများ လိမ္မာရေးခြားရှိရေးအတွက် မကောင်းတဲ့အကျင့်ပျက်မှုတွေကို မသင်ယူစေဘဲ အခွင့်ကြုံတိုင်း သားသမီးများကို ဆုံးမပေးရပါမယ်။ ဒါမှသာ ကလေးတစ်ယောက်အသက်ကြီးလာတဲ့အခါ နောင်တရမှုတွေမဖြစ်ဘဲ ဘ၀ကို ကောင်းမွန်စွာနဲ့ဖြတ်သန်းပြီး သကာလ ပန်းတိုင်ကိုလျင်မြန်စွာ လျှောက်လှမ်းနိုင်ပါလိမ့်မယ်။

၇။ မှားယွင်းသောအယူဝါဒ(၄)မျိုးတို့မှာ အဟေတုကဒိဋ္ဌိ-မိမိတို့ခံစားနေရသော ကောင်းကျိုးဆိုးကျိုးတို့သည် မိမိတို့ပြုလုပ်ခဲ့သော အကြောင်းတရားကြောင့်မဟုတ်ဘဲ လောကကြီးဟာ သူဖြစ်ချင်တာဖြစ်သည်ဟု အကြောင်းတရားကို ပယ်သောအယူဝါဒ။ အကိရိယဒိဋ္ဌိ-မိမိတို့ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် အကျိုးတရားဆိုတာမရှိဘဲ လောကကြီးဟာ သူဖြစ်ချင်တာဖြစ်သည်ဟု အကျိုးတရားကို ပယ်သောအယူဝါဒ။ နတ္ထိကဒိဋ္ဌိ- အကြောင်းအကျိုး နှစ်မျိုးလုံးကို ပယ်သောအယူဝါဒ။ နိယတမိစ္ဆာဒိဋ္ဌိ-မှားယွင်းနေသော အယူမှားကိုပဲ ဒါမှအမှန်ပဲဟု လက်ကိုင်ထား ယုံကြည်သောအယူဝါဒ။

၈။ ထိုငရဲသို့ကျရောက်ရသော ငရဲသားများကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်,တက်အောင် ရိုက်နှက်၍ တင်ကြသည်။ သံတောင်ပေါ်သို့ ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းများပေါ်ပေါက်လာပြီး ထိုလေမုန်တိုင်းက တောင်ခြေမှာရှိသော တံကျင်ပေါ်သို့ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်သည့် ဒုက္ခဆင်းရဲများ ခံကြရလေသည်။

၉။ “ကျောင်းပိတ်ရက်”
ကျောင်းပိတ်ရက်ဝယ်၊ အိမ်မှာနားတော့။
ဆော့ကစားလို့၊ မနေသင့်တယ်။
နိုင်တဲ့ဝန်ကို၊ ပါဝင်ထမ်းလို့။
တတ်စွမ်းသမျှ၊ ကူကြကွယ်။
ကိုယ့်အိမ်ကိုယ့်ယာ၊ သန့်သန့်ရှင်းနဲ့။
အမှိုက်လှည်းကျင်းနေရမယ်။
အားလပ်ချိန်မှာ၊ စာကိုဖတ်တော့။
မှတ်စုမှတ်ရာ၊ သုတကြွယ်။
စည်းကမ်းရိုသေ၊ ယဉ်ယဉ်ကျေးနဲ့။
လိမ္မာရေးခြား၊ တို့လူငယ်။
နောင်တစ်ခေတ်မှာ၊ ခေါင်းဆောင်ဖြစ်တော့။
စည်းစနစ်က၊ အခြေခံတယ်။
ကြိုးစားကွယ် တိုးပွားမယ်။ ။ ။


၁၀။ After you/ me

ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့်လေယာဉ်ကို ကျွန်တော် စောင့်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကိုဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခုရှိတယ်။ အဲဒီတယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်းဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် (၂၀)လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။ ကျွန်တော်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြောနေတဲ့လူတွေကိုကြည့်ပြီး “အားနာမှုမရှိလိုက်ကြတာလို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကိုသွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည်တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တိုးတက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။ ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။

လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစားအသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။ ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက်တယ်။ တကယ်တော့ အဲဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။“After you”အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။

အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။“After you” တဲ့။ After ဆိုတာ... ပြီးနောက်။ you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။ ဒီတော့... “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။ ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။ ကျွန်တော်ဟာ “After me” သမားပဲ။ ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။ ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။ ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။ အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။ ငါအဆင်ပြေဖို့...။

“After me”....“After me”....“After me”....ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။ တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစားဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။ အဖေက ၀င်ပြောတယ်။“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “

အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေများလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။သူကလည်း ကိုယ့်အပေါ် “After you”။ ကိုယ်ကလည်း သူ့အပေါ် “After you”။ မိဘကလည်း သားသမီးအပေါ် “After you”သားသမီးကလည်း မိဘအပေါ် “After you”လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”ဆရာကလည်း တပည့်အပေါ် “After you”တပည့်ကလည်း ဆရာ့အပေါ် “After you”အပြန်အလှန် “After you” ဆိုတဲ့....၀န်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။ ။

Credit-ကိုသောင်း (ပုလဲမြေ)

ဒီဆောင်းပါးလေးကို ဦးဇင်းဖတ်မိတာတော့ တော်တော်ကြာပါပြီ။ အခုလို ကလေးတွေကို စာသင်မယ်၊ စိတ်ဓာတ်ရေးရာနဲ့ပတ်သတ်ပြီး ဘယ်အကြောင်းအရာကို စာစီစာကုံးရေးခိုင်းရင် သူတို့လေးတွေ စိတ်ဓာတ်ကောင်းရရှိစေမလဲ၊ ပါးစပ်ကပြောပြတာကို လက်တွေ့မှာချရေးခိုင်းတာဟာ သူတို့လေးတွေအတွက် စာစီစာကုံး မြန်မာစာလည်း ရေးတတ်သွားမယ်ဆိုပြီး ပါးစပ်ကနေ အထက်ပါဆောင်းပါးကို ပြောပြပေးပြီး စာစီစာကုံးရေးခိုင်းတယ်။ စာမေးပွဲမှာ ထည့်ရေးခိုင်းလိုက်တယ်။

ဒီဆောင်းပါးလေးပြောပြရင်းနဲ့ပဲ ဆက်စပ်ပြီး ပြောစရာလေးတွေပေါ်လာတာနဲ့ အောက်ပါအတိုင်း ဆက်ပြောပြပေးလိုက်တယ်။

အမေရိကန်ရှိ မိသားစုတစ်စုဟာ ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းပေးရန် ပြင်ဆင်နေကြတယ်။ ဒုက္ခသည်မိသားစုမှာလည်း အမေရယ် သား (၂)ယောက် သမီးငယ်လေးတစ်ယောက်အားဖြင့် မိသားစု (၄)ယောက်ရှိတယ်။ လှူမဲ့မိသားစုမှာလည်း ထိုနည်းတူ မိသားစု(၄)ယောက်ပါပဲ။

အဲဒါနဲ့ လှူမဲ့မိသားစု အမေဖြစ်သူက သားသမီးတွေကို ကိုယ်မသုံးတော့တဲ့ ပစ္စည်းလေးတွေ ပေးရအောင်ဆိုပြီး အမေဖြစ်သူက သူမဝတ်တော့တဲ့ အဝတ်စားတွေ လှူဖို့ထည့်တယ်။ သား (၂)ယောက်ကလည်း သူတို့မကြိုက်တဲ့ပစ္စည်းတွေ ထည့်ကြတယ်။ အငယ်ဆုံးဖြစ်တဲ့ သမီးငယ်လေးကတော့ သူအကြိုက်ဆုံး နှစ်သက်ဆုံးဖြစ်တဲ့ ကစားစရာ အရုပ်ကလေးကို ဒုက္ခသည်ကလေးမလေးအတွက် လှူဖို့ ယူလာခဲ့တယ်။

အဲဒါကို အမေဖြစ်သူလည်းမြင်ရော သမီးလေး ဘာဖြစ်လို့ သမီးအကြိုက်ဆုံး အရုပ်လေးကို လှူရတာလဲ။ သမီး မလိုချင်တော့တဲ့ အရုပ်တွေ အများကြီးပဲ။ အဲဒါတွေ လှူဖို့ယူခဲ့ပါလို့ ပြောတဲ့အခါ သမီးဖြစ်သူက "အမေ သမီး ဒီအရုပ်လေးနဲ့ ကစားခဲ့တာ ရက်တော်တော်ကြာ ကစားခဲ့ရပေမဲ့ ဒုက္ခသည် ရွယ်တူကလေးမှာ တစ်ခါမှ ကစားရဦးမှာ မဟုတ်ဘူး။ ဒါကြောင့် သမီးက ကိုယ်ချင်းစာပြီး လှူပေးဖို့ ဆုံးဖြတ်လိုက်တာ။ သမီးတို့က ကိုယ်ချင်းစာပြီး ကိုယ်အကောင်းလိုချင်သလို သူများလည်း အကောင်းသုံးစေချင်တဲ့စိတ်ရှိရမှာပေါ့လို့ "ပြောတဲ့အခါကျမှ အမေဖြစ်သူလည်း အဝတ်စားအဟောင်းတွေ ပြန်ဖယ်ပြီး အကောင်းဆုံးအဝတ်စားတွေ လှူဖို့ပြန်ပြင်ပါတော့တယ်။ အကိုဖြစ်တဲ့ သား (၂)ယောက်လည်း သူတို့အကြိုက်ဆုံး အသုံးအဆောင်တွေ လှူဖို့ထည့်ကြပါတော့တယ်။

ဒါဟာ ကလေးကနေပေးလိုက်တဲ့ အသိပညာ ဒါနပြုပုံလေးပါ။

မိမိတို့ဟာ မဲနှိုက်တဲ့အခါ အကောင်းဆုံးကို လိုချင်တယ်။ ထီထိုးရင်လည်း အမြင့်ဆုံးဆုကို လိုချင်တယ်။ စီးပွားချမ်းသာကိုလည်း ကမ္ဘာ့ချမ်းသာဆုံး ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ အဲဒါတွေ ဖြစ်မလာကြပါဘူး။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ မိမိပေးကမ်းမှုပြုခြင်း မျိုးစေ့စိုက်တုန်းက အကောင်းဆုံး ကိုယ့်နှစ်သက်ဆုံး အရာဝတ္ထုများ မပေးကမ်း မလှူဒါန်းဘဲ အညံ့စားတွေပဲ ပေးကမ်းလှူဒါန်းခဲ့လို့ပါပဲ။ လုံးဝကို မပေးကမ်းခဲ့ဘူးဆိုရင်တော့ တောင်းစားရတဲ့အခြေနေထိ ဖြစ်ကြရမှာပါ။

ဒါကြောင့် မိမိတို့ဟာ လူကိုဖြစ်စေ သံဃာကိုဖြစ်စေ ပေးကမ်းလှူဒါန်းခြင်းများ ပြုလုပ်တော့မယ်ဆိုရင် မိမိအကြိုက်ဆုံး အကောင်းဆုံး ပစ္စည်းများဖြင့် ဒါနပြုကြစေချင်ပါတယ်။ ဒါမှ လက်ခံရရှိတဲ့သူကို စိတ်ချမ်းသာစေသလို မိမိရရှိတဲ့အချိန်မှာလည်း အကောင်းဆုံးတွေ ရရှိမှာပါ။ ဒါကြောင့် မိမိတို့ဟာ သူတစ်ပါးကို ပေးကမ်းတဲ့အခါမှာလည်း After you စိတ်ဓာတ်ဖြင့် ကောင်းတာကိုပဲ ပေးကမ်းကြဖို့ လိုအပ်ပါတယ်။ အဲဒါမှသာ မိမိတို့ဟာ မြတ်ဗုဒ္ဓရဲ့ နည်းလမ်းကို လိုက်နာရာလည်း ရောက်မှာပါ။

မြတ်ဗုဒ္ဓဟာ After you စိတ်ဓာတ်ရှိလို့သာလျှင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး သူတစ်ပါးကောင်းစားရေးအတွက် ခန္ဓကိုယ်မှာရှိတဲ့အရာရော၊ အပြင်မှာရှိတဲ့ ပစ္စည်းဥစ္စာ၊ ဇနီးမယားသားသမီးများကိုပါ ပေးကမ်းခဲ့တာပါ။ မြတ်ဗုဒ္ဓဖြစ်တဲ့အချိန်မှာလည်း သူတစ်ပါးအတွက် တစ်ရက်ကို (၂၄)နာရီရှိရာက (၂၂)နာရီခန့် မနားမနေ အလုပ်လုပ်ပေးခဲ့ပါတယ်။ ဒီလိုတွေပြုလုပ်ပေးတာဟာ မြတ်ဗုဒ္ဓသည် After you စိတ်ဓာတ် ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့သည် အသက်ရှင်သမျှကာလပတ်လုံး After you စိတ်ဓာတ်ကို လက်ကိုင်ကျင့်သုံးရမှာပါ။ ဒါမှသာ မိမိတို့သည် မျက်မှောက်သံသရာမှာ ပြီးပြည့်စုံသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ချမ်းသာသုခအစစ်မှန်ကို ခံစားကြရပါလိမ့်မယ်။

အဲဒီလို ကလေးတွေကိုပြောပြပေးပြီး သူတို့လေးတွေ ဦးနှောက်ထဲမှာ မှတ်မိတာတွေ များပေမဲ့လည်း စာမေးပွဲဖြေချိန်ကို ငဲ့ညာပြီး စာရွက်(၂)မျက်နှာခန့် ဖြေဆိုခိုင်းလိုက်ပါတယ်။

ကိုင်း-ဒီလောက်ဆိုရင်တော့ ဦးဇင်းစာဖတ်ပရိသတ်များလည်း ကလေးတွေလို ဗဟုသုတအသိပညာများ တိုးပွားပြီးမို့ လိုက်နာကျင့်သုံးနိုင်လောက်ပြီ ထင်ပါတယ်။ မိမိတို့နဲ့ နီးစပ်ရာကလေးများကိုလည်း တဆင့်ပြန်လည် သင်ပေးကြပေါ့လေ။

စာဖတ်ပရိသတ်များ အသိပညာဗဟုသုတကြွယ်ဝပြီး အများအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်......။

အရှင်ကောမလ ဆန်နီနေမင်း
သာသနတက္ကသီလ ဓမ္မာစရိယ
B.A (Buddhism), M.A (Sri Lanka)
Ph.D (Thesis) (သီရိလင်္ကာ)
ဖုန်း။ 09-33079721. 09-420064265











0 comments:

Post a Comment

Powered by Blogger.