Tuesday, March 18, 2014

ယဉ်ကျေးမှုကဗျာများ

“ကျောင်းပိတ်ရက်”

ကျောင်းပိတ်ရက်ဝယ် အိမ်မှာနားတော့။
ဆော့ကစားလို့ မနေသင့်တယ်။
နိုင်တဲ့ဝန်ကို ပါဝင်ထမ်းလို့။
တတ်စွမ်းသမျှ ကူကြကွယ်။
ကိုယ့်အိမ်ကိုယ့်ယာ သန့်သန့်ရှင်းနဲ့။
အမှိုက်လှည်းကျင်းနေရမယ်။
အားလပ်ချိန်မှာ စာကိုဖတ်တော့။
မှတ်စုမှတ်ရာ သုတကြွယ်။
စည်းကမ်းရိုသေ ယဉ်ယဉ်ကျေးနဲ့။
လိမ္မာရေးခြား တို့လူငယ်။
နောင်တစ်ခေတ်မှာ ခေါင်းဆောင်ဖြစ်တော့။
စည်းစနစ်က အခြေခံတယ်။
ကြိုးစားကွယ် တိုးပွားမယ်။ ။ ။

(ကဗျာဆရာ အောင်သန်းဦး (ရေနံ့သာ)၊
ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ အပိုင်း(၁) စာအုပ်မှ)

”မြန်မာမလေး မသိင်္ဂီ”

မြန်မာမလေး မသိင်္ဂီ၊ စိတ်ထားမွန်မြတ်သည်။
ဖြောင့်မတ်တည်ကြည်၊ ဖြူစင်သည့်။
သစ္စာစောင့်သိ၊ သိက္ခာရှိ။
မိမိဇာတိ၊ မြတ်နိုးကာ။
ထုံတမ်းစဉ်လာ၊ လေးစားတာ။
မြန်မာ့ရိုးရာ၊ ဓလေ့များ။
ပျော်မွေ့တန်ဖိုးထား။
သနပ်ခါးနဲ့ ပါးကွက်ခြယ်၊ တစ်ပွင့်ပန်းနဲ့ ယဉ်ကျေးတယ်။
အလိမ္မာကြွယ်၊ လှပဂေး။
မြန်မာ့သမီးလေး။ ။ ။

(ရေနံ့သာ မောင်ကျော်ညွှန့်၊
ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ အပိုင်း(၁) စာအုပ်မှ)

“ညီကျင့်ဝတ်”

မဟုတ်မမှန်၊ လိမ်ညာစကားကို။
မပြောကြားနဲ့ ညီထွေးရယ်။
ပိုးကောင်လေးတွေ၊ ကြင်နာသနားလို့။
သွားမသတ်နဲ့ ညီညီရယ်။
သူ့ပစ္စည်းကို မသိဘဲပေါ့။
ခိုးဝှက်ယူဆော့ မပြုနဲ့ကွယ်။
ဒီလိုမှကွယ်၊ လူတွေချစ်လို့။
ကိုလေးကလည်း ပိုချစ်မယ်။
ညီထွေးရယ်၊ မှတ်သားကွယ်။ ။ ။

(ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ အပိုင်း(၁) စာအုပ်မှ)

“ရှုတိုင်းယဉ်”

အဖေ အမေ မြန်မာသွေးမို့၊ မြန်မာမလေး အစစ်ပါရှင့်။
မြန်မာဆန်အောင် တမင်ရွေးလို့၊ စံပယ်လေးလို့ နာမည်တွင်။
မြန်မာ့အမြင် ရှုမငြီးအောင်၊ ကြက်တောင်စည်နဲ့ အလှပြင်။
မြန်မာ့ရိုးရာ သနပ်ခါးနဲ့၊ ပါးကွက်ကျားလေး ပါးမှာတင်။
ရင်ဖုံးအင်္ကျီ ချိတ်ထမီလှနဲ့၊ မြန်မာပီသ ဝတ်စားဆင်။
သူများဟန်ပန် ဘယ်မတုနဲ့၊ ကိုယ့်ယဉ်ကျေးမှု ကိုယ်ချစ်ခင်။
ရှုတိုင်းယဉ် ရှုတိုင်းယဉ်။ ။ ။

(ကဗျာဆရာမြေလတ်-မောင်မြင့်သူ
ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ အပိုင်း(၁) စာအုပ်မှ)

မနက်ဖြန် (၁၇.၃.၂၀၁၄) ရက်ဆို မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ရွာမှာ ယဉ်ကျေးမှုလိမ္မာသင်တန်း သင်ပေးတာ (၁၀)ရက်ပြည့်ပြီ။ မိမိလုပ်ပေးစရာ တာဝန်တွေက တခြားနေရာတွေမှာ တခြားစာမေးပွဲတွေ၊ သင်တန်းတွေလုပ်ပေးဖို့ တာဝန်ယူထားသေးတာဆိုတော့ ယခုနှစ်တော့ (၁၀)ရက်ပဲ အားတာမို့ ဒီလောက်နဲ့ပဲ သင်တန်းသိမ်းပေးမယ်ဆိုပြီး ရွာက လူကြီးတွေကို ပြောလိုက်ရတယ်။

ကလေးတွေကို မိမိသင်ပေးသမျှ ဦးနှောက်ထဲရောက်အောင် ယနေ့ (၁၀)ရက်ပြည့်တဲ့နေ့မှာပဲ သင်သမျှအလွတ်ရအောင် ကျက်ခိုင်း၊ ရေးခိုင်း၊ ဆိုခိုင်းလုပ်ပေးလိုက်တာ (၄)နာရီကျော် ကြာသွားတယ်။ မနက်ဖြန်စာမေးပွဲမှာတော့ အပေါ်က ကဗျာများထဲက တစ်ခုကို ဖြေခိုင်းဖို့ မေးခွန်းထုတ်နေတယ်။ ကျန်တဲ့မေးခွန်းတွေလည်း ဦးဇင်းစာဖတ်ပရိသတ် လူကြီး၊ လူလတ်များ ကလေးတွေလောက် အသိပညာ ဗဟုသုတ ရှိမရှိသိရအောင် မနက်ဖြန်ကျရင် ဖြေခိုင်းကြည့်ဦးမှထင်တယ်။

0 comments:

Post a Comment

Powered by Blogger.