Monday, March 10, 2014

ဒါနပြုတာခြင်းတူပါလျက် ဓမ္မဒါနက ပိုမြတ်ရခြင်း

အပေါ်က ခေါင်းစဉ်လေးကို စာရေးသူ ခဏခဏ အမေးခံရလွန်းလို့ မေးဖြေတွေမှာ ဖြေဆိုပေးခဲ့တာ မနည်းတော့ပါဘူး။ ခုတော့ စာရေးသူရဲ့ ရဟန်းဒါယကာ၊ ရဟန်းဒါယိကာမတို့ကို မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်မှ အလှူဒါနတွင် ဓမ္မဒါနပြုလုပ်ပေးခြင်းက ပိုမိုကောင်းမွန်ကြောင်း မိန့်ကြားပေးတာလေးကို စာဖတ်သူများလည်း သိရှိနားလည်ပြီး အကျိုးများအောင် ပြုလုပ်တတ်ဖို့ရန် ရေးသားတင်ပြပေးလိုက်ပါတယ်။
စာရေးသူရဲ့ ရဟန်းဒါယကာ၊ ဒါယိကာမတို့ဟာ နှစ်စဉ်နှစ်တိုင်း ပဲခူးမြို့က ဆင်းရဲသော ရပ်ကွက်တစ်ခုမှာနေထိုင်ကြတဲ့ ရှင်ပြုဖို့ရန် အခက်အခဲဖြစ်နေသော ကလေးများကို နွေရာသီမှာ ရှင်ပြုပေးခြင်း ကုသိုလ်ပြုလုပ်ပေးကြပါတယ်။ အဲဒီလိုပြုလုပ်ပေးနေတာကို မေတ္တာရှင်ဆရာတော်ကို လျှောက်ကြလေတော့ ဆရာတော်က ရှင်ပြုပေးတယ်ဆိုတာ ကောင်းမွန်တဲ့ကုသိုလ်ပါ။ သို့သော် မိမိရှင်ပြုပေးတဲ့ ကလေးများသည် ရှင်ပြုပြီး သူတို့အသိဉာဏ်ထဲမှာ ရတနာသုံးပါးအကြောင်း၊ ဗုဒ္ဓဘာသာအကြောင်း နားလည်မှုမရှိခဲ့ကြဘူးဆိုရင် မိမိတို့ရှင်ပြုပေးခြင်းသည် မိမိတို့အတွက် အကျိုးများသော်လည်း ရှင်ပြုကြတဲ့ ကလေးတွေမှာ အကျိုးနည်းတဲ့အတွက် နှစ်ဦးနှစ်ဘက်လုံး အကျိုးများအောင် နှလုံးသားဝယ်ဘုရားတည် စာမေးပွဲကျင်းပပေးရင် ပိုကောင်းလိမ့်မယ်။ ဒကာ၊ ဒကာမတို့ ရှင်ပြုပေးရင် ဘယ်လောက်ကုန်ကျသလဲလို့မေးတော့ သိန်း(၃၀)လောက် ကုန်ကျပါတယ်ဆိုတာနဲ့ ဆရာတော်မှ အဲဒီကုန်ကျစရိတ်ကို ကလေးတွေ စာမေးပွဲဖြေနိုင်အောင် စီစဉ်ပေးလိုက်ပါ။
ဒါဆို ကလေးတွေရဲ့ အသိဉာဏ်ထဲမှာ စာပေတွေ သိရှိလာမယ်။ ဗုဒ္ဓဘာသာအကြောင်း နားလည်လာမယ်။ ပထမဦးဆုံး ကလေးတွေသိဖို့ရန် အရေးကြီးတဲ့ သရဏဂုံအကြောင်းနှင့် ငါးပါးသီလအကြောင်းကို ဆရာတော်ရေးထားတဲ့ သရဏဂုံအစွမ်းအံ့မခန်းစာအုပ်နှင့် သီလအစွမ်းအံ့မခန်းစာအုပ်တို့ကို စာမေးပွဲကျင်းပပေးပါ။ စာမေးပွဲဖြေတဲ့အခါ စာအုပ်ကြည့်ဖြေခွင့်ပေးလိုက်ပါ။
မည်သူမဆို စာမေးပွဲဖြေရင် လက်လွတ်ဖြေရမယ်ဆိုပါက စာကြည့်ချင်စိတ်မရှိတော့ဘဲ စာအုပ်ကိုပါ မဖတ်ဖြစ်တော့ပါ။ စာအုပ်ကိုကြည့်ဖြေရမယ်ဆိုရင် လွယ်ပါတယ်ကွာဆိုပြီး စာအုပ်ကို အနည်းဆုံး တစ်ခေါက်လောက်တော့ ဖတ်ဖြစ်ကြလိမ့်မယ်။ တစ်ခေါက်ဖတ်ဖြစ်ရင်ကို သူတို့စိတ်ထဲမှာ သရဏဂုံအစွမ်း၊ သီလအစွမ်းတွေ သိမြင်သွားရင် သူတို့ရဲ့မျက်မှောက် တမလွန်ဘဝအတွက် အကျိုးများသွားပါပြီ။
စာရေးသူကိုလည်း သိက္ခာထပ်ပြီး ဘာလှူပေးရမလဲလို့မေးတဲ့အခါ အများအတွက် အကျိုးများအောင် ဦးဇင်းဟောကြားပေးထားတဲ့ အမေးအဖြေတရားပေါင်း(၁၀)ခွေကို တစ်ခွေတည်းပေါင်းထားတဲ့ မေးဖြေတရားခွေနှင့် တရားသီးသန့်ဟောကြားထားတဲ့ တရားခွေတွေကို ဖြန့်ဝေပေးလိုက်ပါလို့ ပြောဆိုပေးလိုက်ပါတယ်။ စာရေးသူဟောကြားထားတဲ့ တရားခွေတွေဟာ ဟောတိုင်းမစုဆောင်းထားတဲ့အတွက် သုံးလေးခွေသာ မိမိလက်ထဲ ရှိနေတာလေးကိုပဲ ဖြန့်ဝေပေးရအောင်ဆိုပြီး ပေးလိုက်ပါတယ်။ တရားဓမ္မများကို ဖြန့်ဝေပေးခြင်းဟာလည်း အများအတွက် အကျိုးဗဟုသုတများစေလို့ ဓမ္မဒါနကုသိုလ်ပါပဲ။
မိမိတို့ ဗုဒ္ဓဘာသာဝင်တွေဟာ အလှူဒါနနဲ့ပတ်သတ်ရင် လှူဖို့တန်ဖို့ အားသန်ကြတာ များပါတယ်။ သို့သော် ဘယ်လိုအလှူလှူရင် အလှူခံသူမှာ ပိုအကျိုးများမယ်၊ မိမိတို့လှူဒါန်းသူမှာလည်း ကောင်းကျိုးပိုရမယ်ဆိုတာကိုတော့ မစဉ်းစားမိကြတာ များပါတယ်။ ဒါဟာလည်း မိမိတို့မြန်မာလူမျိုးတွေဟာ စဉ်းစားတွေးခေါ်မှုမှာ အားနည်းခဲ့ကြတဲ့ အစဉ်လာကြောင့်ရယ်၊ သူများလှူရင် အလွယ်တကူပဲ မစဉ်းစားဘဲ လှူဒါန်းလိုက်ကြတာ ဝါသနာဖြစ်နေလို့ပါ။
ဒါကြောင့် မိမိတို့ အလှူဒါနပြုလုပ်မယ်ဆိုလျှင် မိမိနာမည်ကြီးဖို့၊ မိမိလှူရဖို့၊ မိမိကုသိုလ်ရဖို့အတွက်ပဲ မကြည့်ဘဲနဲ့ ဘယ်အရာကိုလှူရင် အလှူခံပုဂ္ဂိုလ်အတွက် အကျိုးရှိမယ်၊ အကျိုးများမယ်ဆိုတဲ့ အချက်များကိုပါကြည့်ပြီး လှူဒါန်းမှသာလျှင် ကုသိုလ်လည်းရ အကျိုးလည်းများသော အလှူဒါနဖြစ်အောင် ပြုလုပ်လှူဒါန်းကြပါ။
ဦးဇင်း မကြာမီက ဟောကြားခဲ့တဲ့ တရားခွေများကို အောက်ဖော်ပြပါ လိပ်စာများတွင် အခမဲ့ ဝင်ရောက်ယူကြပါလေ။
          ၁။ Channel
          Digital Inkjet Printing & Advertising
          No.583, သံသုမာလမ်း၊ ကမ္ဗောဇဘဏ်အနီး၊ တောင်ဥက္ကလာ။
          ၂။ Channel
          Digital Inkjet Printing & Advertising
          No.91, အနော်ရထာလမ်း၊ ကျောက်တံတားမြို့နယ်။
          ၃။ Channel
          Digital Inkjet Printing & Advertising
          No.73, ပြည်လမ်း၊ တက်ကြည်းကုန်း၊ မှော်ဘီမြို့။
          ၄။ Channel
          Digital Inkjet Printing & Advertising
          No. 249,31 လမ်း၊ ရုံကြီးရပ်၊ ပဲခူးမြို့။
အထက်ပါ ဓာတ်ပုံနှင့်ဗွီနိုင်းဆိုင်များသည် ဦးဇင်းရဲ့ ရဟန်းဒါယိကာ-ကိုအောင်ကိုနိုင်+ ရဟန်းဒါယိကာမ-မအေးသီတာတို့ရဲ့ ဆိုင်များဖြစ်ပြီး ၎င်းတို့မှ ဓမ္မဒါနပြုလုပ်ထားခြင်း ဖြစ်ပါသဖြင့် လွတ်လပ်စွာ အားနာခြင်းမရှိဘဲ ဝင်ရောက်ယူနိုင်ကြပါတယ်။








0 comments:

Post a Comment

Powered by Blogger.