Saturday, March 1, 2014

မသိမသာ

လောကတွင် ပြောဆိုနေကြသော “မသိမသာ”ဆိုသည်မှာ လူမသိ သူမသိ မထင်ရှားသောပုဂ္ဂိုလ် သေဆုံးသွားလျှင် ထိုမသာကိစ္စကို မည်သူကမျှ မသိလိုက်သောကြောင့် လူမသိသော မသာကို ဆိုလိုခြင်းဖြစ်သည်။ ထိုကဲ့သို့ လူသိနည်းသော မသာသည် အများကောင်းကျိုး မပြုလုပ်သူဖြစ်၍သာ လူမသိရခြင်းဖြစ်သည်။ သေသောအခါတွင်လည်း သူ့အတွက် ဝမ်းနည်းမည့်သူပင် မရှိလေသောကြောင့် မသာကိစ္စတွင် လူနည်းစုဖြင့်သာ ကိစ္စပြီးသွားရလေသည်။

လူသိများသော ထင်ရှားသောပုဂ္ဂိုလ်ဆိုတာ အများကောင်းကျိုးသယ်ပိုးသူပါ။ ထိုကဲ့သို့ အများကောင်းကျိုးပြုလုပ်သူ သေဆုံးသွားလျှင် ထိုမသာသည် လူများစွာဖြင့် စည်းကားသိုက်မြိုက်နေသကဲ့သို့ လူသိများသော မသာလည်း ဖြစ်ရပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ သေဆုံးလျှင် “မသိမသာ”မဖြစ်ရလေအောင် အများကောင်းကျိုးများ ပြုလုပ်လျက် နေထိုင်သွားဖို့ လိုပေသည်။ တချို့က ငွေရှိမှ၊ ရာထူးရှိမှ၊ ကျော်စောမှုရှိမှ အများကောင်းကျိုးလုပ်နိုင်သည်ဟု ထင်မြင်နေကြပေသည်။

ရပ်ကွက်တစ်ခုတွင် စိတ္တဇဝေဒနာသည် တစ်ဦးသေဆုံးသောအခါ လူပေါင်းများစွာ လိုက်ပို့ကြလေသည်။ ထိုစိတ္တဇဝေဒနာသည်သည် ငွေရော၊ ရာထူးရော၊ ကျော်စောမှုရော တစ်ခုမှ မရှိပါဘူး။ ဒါဆို ဘာကြောင့် လူတွေက ထိုလူမသာကိစ္စကို ဝမ်းနည်းမှုဖြစ်ပြီး လိုက်လံပို့ဆောင်ပေးကြတာလဲ။ ဘာမှမရှိသည့်အပြင် စိတ္တဇဝေဒနာပါ ခံစားနေရသော ထိုလူ၏ မသာကိစ္စသည် ဘာကြောင့် “မသိမသာ”မဖြစ်ဘဲ သိသိသာသာ မသာပွဲကြီး ဖြစ်နေရသနည်း။

အဖြေကား.....ထိုစိတ္တဇဝေဒနာသည်သည် နေ့စဉ်တိုင်း မနက်မိုးလင်းသည်နှင့် လမ်းတိုင်းကို ရေများလိုက်ဖြန်းသည်။ ရေဖြန်းပြီးမှ တံမြတ်စည်းလှည်းသည်။ တံမြတ်စည်းလှည်းသောအခါ ရေမဖြန်းဘဲ ဝတ်ကျေတန်ကျေမပြုလုပ် စေတနာရှိစွာနှင့် အများသူငှာ ညစ်ပေမှုမဖြစ်ရလေအောင် ရေဖြန်းပြီးမှ တံမြတ်စည်း လှည်းသည်။ ထိုကဲ့သို့ လူအများ သန့်သန့်ရှင်းရှင်းနှင့် သွားလာနိုင်အောင်၊ မြင်ရသည်မှာ စိတ်ချမ်းသာကြည်နူးစရာဖြစ်အောင် သန့်ရှင်းရေးကုသိုလ်ပြုလုပ်ခြင်းသည် တစ်ရက်မဟုတ်ဘဲ နေ့စဉ်နေ့တိုင်း ပြုလုပ်နေထိုင်လျက် ဘဝကိုဖြတ်သန်းခဲ့သည်။ ဤကဲ့သို့ အများအကျိုးအတွက် ပြုလုပ်ပေးသောသူကို အများက မချစ်နှစ်သက်ဘဲ နေပါမလား။ ချစ်ခင်စရာနှမြှောစရာမို့ သူသေသောအခါ ဝမ်းနည်းစွားဖြင့် အသုဘလိုက်ပို့ကြလေသည်။

စိတ္တဇဝေဒနာသည်၏ လုပ်ဆောင်မှုကိုကြည့်ရင် သူ့မှာ ဘာမှမရှိပေမဲ့ လက်နှစ်ဖက်ရှိရုံနှင့်ပင် အများအကျိုး ပြုလုပ်ပေး၍ ရသည်ဆိုတာကို နားလည်သဘောပေါက်ကြမယ်ဆိုရင် မိမိတို့အားလုံးလည်း မိမိတို့တက်နိုင်သည့်ဘက်မှ အများအကျိုးရှိစေမည့်အရာများကို နေ့စဉ်နေ့တိုင်း ပြုလုပ်လျက် ဘဝကိုဖြတ်သန်းကြမည်ဆိုလျှင် “မသိမသာ”မဖြစ်ဘဲ သိသာသော မသာဘဝဖြင့် အဆုံးသတ်နိုင်ပါလိမ့်မည်။ သိသာသောဘဝဖြင့် နိဂုံးချုပ်နိုင်မှသာ ထိုသူ၏ အနာဂတ်ဘဝများသည်လည်း သာယာလှပချမ်းသာသုခပြည့်စုံသော ဘဝလေး ဖြစ်ပါလိမ့်မည်။

မှတ်ချက်/ မေတ္တာရှင် (ရွှေပြည်သာ)ဆရာတော် ပြောပြတာလေးကို ပြန်လည်ရေးသား တင်ပြပေးလိုက်တာပါ။ စာဖတ်သူများအားလုံး စံပယ်ပန်းလေးလို မွှေးပြီး စံပယ်ပန်းလေးလို လှနိုင်ကြပါစေလို့ ဆန္ဒပြုလျက်....။

အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

Powered by Blogger.