Wednesday, February 5, 2014

နိုင်ငံခြားသားများနဲ့ အမေးအဖြေ (၃)

မေး။ ဖေဖဝါရီ(၄)ရက်နေ့က မေတ္တာရှင် (ရွှေပြည်သာ)ဆရာတော်ရိပ်သာမှာ ဒုတိယအကြိမ် နောက်ထပ် နိုင်ငံခြားသား များ လာရောက်ပြီး တရားအားထုတ်ကြပါတယ်။ အရင်တစ်ဖွဲ့တုန်းကတော့ ဆရာတော်ကျောင်းရှိတဲ့ရက်နဲ့ မတွေ့ကြလိုက်ပေမဲ့ ယခုတစ်ဖွဲ့ကတော့ ဆရာတော်ကို ဖူးတွေ့ခွင့် ရခဲ့ကြပါတယ်။ ဒါနဲ့ သိလိုရာလေးတွေ မေးဖြေ လုပ်ပေးရင်း ဆရာတော်က ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ ဘာကြောင့် နည်းနေရသလဲဆိုတာ ထင်မြင်ချက်လေးတွေ သိချင်ပါတယ်လို့ မေးလိုက်ပါတယ်။


ဖြေ။ ။ ဒါနဲ့ နိုင်ငံခြားသား(၃)ယောက်က ဖြေပါတယ်။ ပထမတစ်ယောက်က တခြားဘာသာတွေမှာ ကိုယ်တိုင်လုပ်စရာမလိုဘဲ ဖန်ဆင်းရှင်များက ပြုလုပ်ပေးမယ်ဆိုတော့ လွယ်လွယ်ကူကူရတဲ့ သဘောမျိုးဖြစ်နေတယ်။ ဗုဒ္ဓဘာသာရဲ့ မြတ်ဗုဒ္ဓကတော့ ဘယ်ရာမဆို ကိုယ်လုပ်မှကိုယ်ရတယ်၊ နိဗ္ဗာန်ချမ်းသာကိုလည်း ကိုယ်တိုင်လုပ်မှရသလို အပါယ်ဘုံကိုလည်း ကိုယ်တိုင်လုပ်မှ ရောက်ရတာ။ အဲဒီတော့ လူအများစုဟာ လွယ်လွယ်ကူကူနဲ့ ဘယ်ရာမဆို လိုချင်ကြတဲ့အတွက် သူများက ချမ်းသာသုခရရှိအောင် ပို့ပေးမယ်လို့ပြောတဲ့ နည်းလမ်းကို လိုက်ကြတာမို့ ဖန်ဆင်းရှင်ဘက်က များနေတာပါ။

ဒုတိယတစ်ယောက်ကတော့ တိုးတတ်တဲ့နိုင်ငံတွေမှာ လူတွေဟာ စက္ကန့်မလပ် လှုပ်ရှားရုန်းကန်နေရတာမို့ သူတို့ဟာ စိတ်ချမ်းသာမှု အစစ်အမှန်ကို လိုချင်နေကြပါတယ်။ အဲဒီစိတ်ချမ်းသာမှုရဖို့ရာက မြတ်ဗုဒ္ဓနည်းပေးခဲ့တဲ့ တရားဘာဝနာအားထုတ်ခြင်းသာ တစ်ခုတည်းသောနည်းလမ်းပဲ ရှိပါတယ်။ ဒါကြောင့် လူအများစုလိုချင်နေတဲ့ တကယ့်ချမ်းသာစစ်အမှန်ကို ရရှိဖို့ရှာလာကြမှာမို့ မြတ်ဗုဒ္ဓအဆုံးအမများ၊ နည်းလမ်းများဟာ လူကြိုက်များလာမှာပါ။ တကယ်တော့ တိုးတတ်တဲ့နိုင်ငံမှ မဟုတ်ပါဘူး။ မိမိမြန်မာပြည်ကလူအချို့တောင် မိသားစုအတွက်၊ ဘာအတွက်၊ ညာအတွက်ဆိုပြီး တဏှာလောဘရဲ့ စေခိုင်းသမျှ လုပ်ကိုင်နေကြတာမို့ မနေမနား လှုပ်ရှားရုန်းကန်နေရလို့ စိတ်အေးချမ်းမှု အရသာကို မခံစားကြပါဘူး။ တဏှာရဲ့ကျေးကျွန်၊ အလုပ်သမားဘဝကနေ မလွတ်မြောက်သေးသမျှ တဏှာလောဘကို ဆရာတင်နေသမျှတော့ ပင်းပန်းမှုတွေနဲ့ပဲ လုံးပမ်းနေရဦးမှာပါ။

တတိယတစ်ယောက်ကတော့ တချို့ဟာ မြတ်ဗုဒ္ဓရဲ့နည်းလမ်းတွေကို ကျင့်သုံးနေထိုင်ကြပါတယ်။ သူတို့တွေဟာ မြတ်ဗုဒ္ဓလမ်းညွှန်ချက်တွေအတိုင်း ကျင့်သုံးနေထိုင်လို့ အောင်မြင်မှု၊ ချမ်းသာမှု၊ စိတ်အေးချမ်းမှုတွေ ရရှိနေတာ သူတို့ကိုယ်တိုင်လည်း သိကြပါတယ်။ ဒါပေမဲ့ မိဘဆွေမျိုးအသိုင်းအဝိုင်းစတဲ့ ပယောဂတစ်စုံတစ်ခုကြောင့်သာ တရားဝင် ဗုဒ္ဓဘာသာလို့ စာရင်းမသွင်းပေမဲ့ သူတို့နေထိုင် ကျင့်ကြံနေတာတွေကတော့ မြတ်ဗုဒ္ဓရဲ့ နည်းလမ်းတွေပါပဲ။ ဒါကြောင့် အရေအတွက်စာရင်းကို အဓိကထားစရာမလိုဘဲ မြတ်ဗုဒ္ဓရဲ့နည်းပေးလမ်းညွှန်မှုဟာ ဘယ်လောက်ထိရောက်တယ်ဆိုတာ ကျင့်သုံးနေထိုင်သူ တိုင်း သိကြတာမို့ အရေအတွက် စာရင်းဇယားကို အဓိကမထားပါနဲ့။

ဆက်လက်ပြီး ကျန်ရှိနေသေးသော မေးဖြေလေးများ ရေးသားတင်ပေးပါဦးမယ်။

စာဖတ်သူများ ဗဟုသုတအသိပညာများ ကြွယ်ဝကြပြီး စိတ်အေးချမ်းသာမှု အစစ်အမှန်ကို စက္ကန့်မလပ် ခံစားနိုင်အောင် ကျင့်ကြံနေထိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်….။

အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

Powered by Blogger.