Tuesday, February 25, 2014

မယ်တော်ကြီးနှင့် ၉၉ မိသားစု

ရှေးအတီတေ လွန်လေပြီးသောအခါက ပစ္စေကဗုဒ္ဓါလောင်းလျာဖြစ်သော ကုဋေရှစ်ဆယ်သူဌေးသားတစ်ဦးသည် မိဘနှစ်ပါး ကွယ်လွန်ပြီးနောက် အမွေအဖြစ်ရရှိခဲ့သော ကုဋေရှစ်ဆယ်ကို အလုံးစုံလှူဒါန်းကာ တောင်းဆု(၇)ပါး ပန်ကြားခဲ့ပါသည်။ ထိုသူဌေးသား၏ ခုနှစ်ပါးသော ဆုတောင်းမှာ ကျွန်တော်နှစ်သက်သဘောကျသော ဆုတောင်း(၄)ခု ရှိပါသည်။ ယင်းတို့မှာ

၁။ မည်သူ့ကိုမျှ အမျက်မထွက်၊ ဒေါသမဖြစ်ရပါစေနှင့်။
၂။ မည်သူ့ကိုမျှ မပြစ်မှားမိပါစေနှင့်။
၃။ မည်သူ့ကိုမျှ အထင်မလွဲမိပါစေနှင့်။
၎။ မည်သည့်ပစ္စည်းဥစ္စာကိုမျှ မလိုချင်မိပါစေနှင့်။
          ကျွန်တော်ကြိုက်သော ဤဆုတောင်း(၄)ခုတွင် သုံးခုမြောက်ဆုတောင်းသည် ပြည့်နိုင်ကောင်း ပြည့်နိုင်မည်ဖြစ်သော်လည်း စတုတ္ထမြောက်ဆုတောင်းမှာ ပြည့်မီရန် ခဲယဉ်းသည်ဟု ထင်မြင်ယူမိပါသည်။ အဘယ့်ကြောင့်ဟူမှု ဗိုလ်ချုပ်ဈေး၊ မီနီမားကတ်၊ ဈေးဝယ်စင်တာစသည့်နေရာများသို့ ရောက်ရှိသွားသည့်အခါ လိုချင်မက်မောဖွယ်ပစ္စည်းများကို မြင်တွေ့ရသောကြောင့် ဖြစ်ပါသည်။ ဤသို့တွေ့မြင်ရသည့်အတွက် လိုချင်စိတ်တို့ ပေါ်လာသည်နှင့် “ဓမ္မပီယဆရာတော်”၏ ဒဿနလေးကို သတိရလိုက်မိပါသည်။ ဆရာတော်၏ ဒဿနလေးမှာ-
“ဆင်းရဲတြ့လူတွေ လိုချင်ကြတာ၊ ချမ်းသာချင်ကြတာ အပြစ်မဟုတ်၊ ချမ်းသာသည့်လူတွေ ပိုပြီးချမ်းသာချင်တာကသာ အပြစ်ဖြစ်သည်”။
အဆိုပါဒဿနလေးကို တွေးမိမှ “သြော်…ငါတို့အရင်တုန်းက ခုလောက် မပြည့်စုံခဲ့ပါလား။ ဒါလည်း လိုနေတာပါပဲလား။ အလိုရမ္မက်ဆိုတာ လိုက်လို့မဆုံးနိုင်တဲ့အရာဖြစ်သလို ဖြည့်ဆည်းလို့လည်း မပြည့်နိုင်ပါလား”ဟု ဆင်ခြင်မိပါသည်။
တလောက စာအုပ်လေးတစ်အုပ် လက်ဆောင်ရသည်။ စာအုပ်အမည်က “နာမည်နှင့်နိဗ္ဗာန်”ဟူ၍ဖြစ်ပြီး စာရေးသူအား ကိုမြင့်ထွန်း(ဆုပြည့်စုံထွန်းစာပေ)က အမှတ်တရပေးလိုက်ခြင်း ဖြစ်သည်။ ထိုစာအုပ်တွင် ဖော်ပြပါရှိသော (၉၉)မိသားစုဆိုသည့် တရုတ်ပုံပြင်လေးကို ဖတ်ရပြီး ကိုယ့်ကိုယ်ကို (၉၉)မိသားစုဝင် ဖြစ်နေပါလားဟု စဉ်းစားမိလိုက်သည်။ သံဝေဂလည်း ရမိသည်။
ဤသို့တွေးမိသည်မှာလည်း ကွယ်လွန်သွားသည့်မိခင် (မယ်တော်ကြီး ဒေါ်သိန်းရင်)ကို အမှတ်ရမိလိုက်၍ ဖြစ်သည်။ ရွှေပြည်သာ၊ မန္တလေးကျောင်းတွင်ရှိစဉ် ဆရာတော်သည် တရားပွဲမှရလာသော ဓမ္မပူဇာဝတ္ထုငွေများကို မယ်တော်ကြီး လိုရာလှူနိုင်၊ သုံးစွဲနိုင်ရန် ပေးစွန့်ထား၏။ တစ်နေ့တွင် မယ်တော်ကြီးက…..
“ဘုန်းကြီး၊ ဒီဝတ္ထုငွေတွေကို တပည့်တော် မလိုချင်ဘူးဘုရား။ ဝတ္ထုငွေတွေ များလေ၊ တပည့်တော် စိတ်ဆင်းရဲရလေပဲ။ ဘယ်သွားသွား သော့ကိုပဲ စမ်းစမ်းနေရတော့ မလွတ်လပ်ဘူးဘုရား။ ဒါကြောင့် ဘုန်းကြီးဘာသာ ဘဏ်မှာအပ်အပ် ဒါမှမဟုတ် ကပ္ပိယကိုဖြစ်ဖြစ် ထိန်းသိမ်းခိုင်းထားပါဘုရား”
ဤနေရာတွင် မယ်တော်ကြီးပြောသောစကားနှင့် (၉၉)ပုံပြင်လေးကို နှိုင်းယှဉ်ကြည့်ရန် ဖြစ်ပါသည်။
တစ်ခါတုန်းက ဘုရင့်စာတော်ကဲတစ်ယောက်သည် နံနက်တိုင်း နန်းတွင်းသို့ အချိန်မှန်မှန်ရောက်လာပြီး ဘုရင့်ပွဲတော်စာများကို သီချင်းတအေးအေးဖြင့် ချက်ပြုတ်ကြော်လှော်နေလေ့ရှိသည်။ နန်းတွင်းရေးရာကိစ္စများနှင့် အလုပ်ရှုပ်ပြီး မပျော်ရွှင်နိုင်ဖြစ်နေသော ဘုရင်ကြီးသည် သီချင်းတအေးအေးဖြင့် ပျော်ပျော်ရွှင်ရွှင်ရှိနေသည့် စားဖိုမှူးစားတော်ကဲကိုတွေ့သော် အားကျလာသည့်အတွက် အဘယ့်ကြောင့် ဤမျှပျော်ရွှင်နေသည်ကို မေးမြန်းလေရော စားတော်ကဲက…..
“အရှင်မင်းကြီး ကျွန်တော်မျိုးက စားဖိုမှူးပဲ၊ ဘာစိတ်ညစ်စရာ ရှိလို့လဲ၊ နေစရာ အိမ်ရှိတယ်၊ သားသမီးရှိတယ်၊ ဇနီးမယားကလည်း ကျွန်တော်ပေးသမျှသာ ယူတယ်၊ တစ်နေ့လုပ်စာ တစ်နေ့စားနေရတယ်။ ကျွန်တော်မျိုးမိသားစုက ကျွန်တော်မျိုးကို ပျော်ရွှင်စေပါတယ် အရှင်မင်းကြီး”
ဘုရင်ကြီးသည် စားဖိုမှူး၏ ပျော်ရွှင်နေပုံကို အမတ်ကြီးအား ပြောပြရာ အမတ်ကြီးက-“အရှင်မင်းကြီး၊ စားဖိုမှူးဟာ (၉၉)မိသားစု မဖြစ်သေးလို့ပါဘုရား။ “(၉၉)မိသားစုဆိုတာ ဘယ်လိုမျိုးလဲ အမတ်ကြီး”။ “အရှင်မင်းကြီး သိလိုပါက ငွေဒင်္ဂါ(၉၉)ပြားကို စားဖိုမှူးအိမ်ရှေ့မှာ အထုပ်ကိုဖွင့်ပြီး သွားချထားပါဘုရား။ ဒါဆိုရင် (၉၉)မိသားစုအကြောင်း ကိုယ်တိုင်ကိုယ်ကျ သိရပါမည်ဘုရား။
ဘုရင်ကြီးသည် အမတ်ကြီးပြောသည့်အတိုင်း ငွေဒင်္ဂါ(၉၉)ပြားကို စားဖိုမှူးအိမ်ရှေ့တွင် သွားချထားလိုက်သည်။ နံနက်မိုးလင်းသည်နှင့် စားဖိုမှူးသည် အိမ်တံခါးကိုဖွင့်လိုက်ရာ အိမ်ရှေ့တွင်ချထားသော ငွေထုပ်ကိုတွေ့ပြီး အိမ်တွင်းသို့ယူ၍ ရေတွက်ကြည့်သည့်အခါ ငွေဒင်္ဂါ(၉၉)ပြားကို တွေ့ရလေသည်။
“မဟုတ်သေးပါဘူး၊ တစ်ရာဖြစ်ရမှာပါ”ဟု တွေးပြီး နောက်တစ်ဖန် ရေတွက်ကြည့်ပြန်သည်။ ငွေဒင်္ဂါ(၉၉)ပြားသာ ရေတွက်၍ရသည်။ ပိုပြီးသေချာရန် ထပ်မံရေတွက်ကြည့်ပြန်သည်။ သူရေတွက်တာ မမှားသဖြင့် စားဖိုမှူး စဉ်းစားသည်။
“တစ်ပြား လျော့နေတာ သဘာဝမကျဘူး။ အိမ်ရှေ့မှာ တစ်ပြားကျကျန်ရစ်တာ ဖြစ်မယ်”ဟုတွေးပြီး အိမ်ရှေ့နေရာအနှံ့ ရှာဖွေပြန်သည်။ သို့သော် မတွေ့ပါ။
နန်းတော်စားဖိုဆောင်သို့ နေ့စဉ်အချိန်မှန်ရောက်သော စားဖိုမှူးသည် ငွေဒင်္ဂါတစ်ပြား ရှာနေသည့်အတွက် ထိုနေ့ အလုပ်နောက်ကျသွားသည်။ ထို့ပြင် တစ်ရာပြည့်ရန် တစ်ပြားလိုနေသော ငွေဒင်္ဂါထုပ်အကြောင်း စဉ်းစားနေရသဖြင့် ယမန်နေ့များကဲ့သို့ သီချင်းလည်း မဆိုနိုင်တော့ပါ။ သူ့အလုပ်ပြီးစီး၍ ညနေအိမ်ပြန်လာရာတွင် မျက်နှာမကြည်မသာ ဖြစ်နေသည်။ အိမ်ပြန်ရောက်တော့ အိမ်တွင်းအိမ်ပြင်အနှံ့ ရှာပြန်သည်။ စားဖိုမှူးသည် လိုနေသော ငွေဒင်္ဂါတစ်ပြား ဇောကပ်နေသောကြောင့် ဇနီးမယား၊ သားသမီးများက ထုံးစံအတိုင်း စကားလာပြောသည်ကိုပင် လက်မခံဘဲ အော်ငေါက်လွှတ်သဖြင့် မိသားစုနှင့်ပင် ပျော်ပျော်ရွှင်ရွှင် မနေနိုင်တော့သော စားဖိုမှူးအဖြစ်ကို တွေ့မြင်ရပေသည်။ ထိုအခါ ဘုရင်ကြီး အံ့သြသွားသည်။ ထို့ကြောင့်….“(၉၉)ပြားရခဲ့ပြီးဟာ ခါတိုးထက်ပိုပြီး ပျော်ရမယ်မဟုတ်လား အမတ်ကြီး”ဟု မေးလိုက်သည်။ ထိုအခါ အမတ်ကြီးက…
“မှန်လှပါ မင်းကြီး၊ စားဖိုမှူးဟာ ခုအခါ (၉၉)မိသားစုဝင် လုံးဝဖြစ်သွားပါပြီဘုရား”ဟု လျှောက်ထားလိုက်သည်။
မယ်တော်ကြီးသည် အထက်ပါပုံပြင်လေးနှယ်၊ သူ့ကိုယ်သူ (၉၉)မိသားစုဝင် လုံးဝမဖြစ်မခံခဲ့ပါ။ ဝတ္ထုငွေအားလုံး ဆရာတော်ထံ ပြန်အပ်ပြီး တရားဓမ္မနှင့် ပျော်ရွှင်ငြိမ်းချမ်းစွာ နေသွားခဲ့ပါသည်။
ပုံပြင်လေးနှင့် မယ်တော်ကြီးတို့အကြောင်းကို ယှဉ်တွဲစဉ်းစားရင်း ကျွန်တော်ကိုယ်ကျွန်တော် မေးခွန်းထုတ်မိပါသည်။
တိုတောင်းလှသော လူ့ဘဝခရီးဝယ် ငွေဒင်္ဂါတစ်ပြားကို ရှာဖွေရင်း ဘဝ၏ အဖိုးတန်အချိန်တွေကို အချည်းနှီး ကုန်ဆုံးစေတော့မှာလား။
ကိုယ့်မှာရှိတဲ့ ပစ္စည်းဥစ္စာနှင့် မရောင့်ရဲနိုင်လျှင် (၉၉)ပြားရှိတာတောင် မပျော်ရွှင်နိုင်တဲ့ စားဖိုမှူးနှယ် ဖြစ်ရပေတော့မည်။ ထို့ကြောင့် ပစ္စေကာဗုဒ္ဓါလောင်း သူဌေးသားတောင်းသော ဆုတောင်းဖြစ်သည့် “မည်သည့်ပစ္စည်းဥစ္စာတွေကိုမှ လိုချင်တဲ့သူ မဖြစ်ရပါစေနှင့်”ဟုသာ ကျွန်တော် အကြိမ်ကြိမ်ဆုတောင်းနေမိပါတော့သည်။
လိုချင်လျှင် ဆင်းရဲသည်။
လိုချင်ခြင်းသည် သမုဒယသစ္စာ။
ဆင်းရဲသည်က ဒုက္ခသစ္စာ။
မလိုချင်လျှင် ချမ်းသာသည်။
ချမ်းသာသည်က နိရောဓသစ္စာ။
ညီမေတ္တာ (၂၀၁၄-မတ်လထုတ် မေတ္တာရှင်မဂ္ဂဇင်းမှ) (ဦးဇင်းရေးသားသမျှ ဆောင်းပါး၊ အမေးအဖြေများကိုလည်း ဤမဂ္ဂဇင်းတွင် လစဉ်ထည့်ပေးနေပါသည်။)

0 comments:

Post a Comment

Powered by Blogger.