Wednesday, February 5, 2014

ကလေးများအတွက် ငါးပါးသီလရှင်းပြချက်

မြဝတီမြို့ရောက်တုန်း တရားစခန်းမှာ အမေးအဖြေများ ပြုလုပ်ပေးခြင်း၊ တရားဟောခြင်းများ ပြုလုပ်ပေးနေရင်းကပဲ မြဝတီမြို့မှာ သင်ကြားပေးနေတဲ့ Dhamma School သင်တန်းများကလည်း သင်တန်းပြပေးဖို့ တောင်းဆိုကြလို့ အချိန်ခွဲပြီး သင်ပေးခဲ့ပါတယ်။

ကလေးတွေကို ဘာသင်ပေးရင်ကောင်းမလဲလို့ စဉ်းစားကြည့်တဲ့အခါ အနန္တောအနန္တငါးပါး အကြောင်းကို သေချာသိမြင်နားလည်ပြီး ယုံကြည်လေးစားဖို့၊ လူးသားတိုင်း စောင့်ထိန်းရမဲ့ ငါးပါးသီလအကြောင်း သေချာသိမြင်ပြီး စောင့်ထိန်းကြဖို့ အဓိကလိုအပ်ချက်ဆိုတာ စဉ်းစားမိတာနဲ့ ရှင်းပြပေးခဲ့ပါတယ်။

အနန္တောအနန္တငါးပါးအကြောင်းကိုတော့ ဦးဇင်း မကြာခင် ဒီလအတွင်းကပဲ နိုင်ငံခြားသားများနဲ့ အမေးအဖြေခေါင်းစဉ်နဲ့ တင်ပေးခဲ့ပြီးမို့ ငါးပါးသီလအကြောင်းကိုပဲ ရေးသားတင်ပေးလိုက်ပါတယ်။

1. Security of life

2. Security of property

3. Security of family life

4. Security of good name, fame

5. Security of health.

And then, the five aspects of life are related to the five precepts like that. There are

1. By observing the first precepts, we can get the security of life.

2. By observing the second precepts, we can get the security of property.

3. By observing the third precepts, we can get the security of family life.

4. By observing the fourth precepts, we can get the security of good name.

5. By observing the fifth precepts, we can get the security of health.

လူ့ဘ၀မှာ လူသားတစ်ယောက်အတွက် အလိုအပ်ဆုံးအရာဟာ (၅)ချက်ရှိပါတယ်။ အဲဒါတွေကတော့

(၁) ဘ၀ရဲ့ လုံခြုံမှု၊ အန္တရာယ်ကင်းမှု။

(၂) ဘ၀ရဲ့ပြည့်စုံချမ်းသာမှု။

(၃) မိသားစုဘ၀ပြည့်စုံပျော်ရွှင်မှု။

(၄) ဂုဏ်သတင်းကျော်စောမှု။

(၅) ကျန်းမာရေးကောင်းမွန်မှု။

ဒီငါးချက်ဟာ လူ့တစ်ယောက်အတွက် အရေးကြီးတဲ့ အချက်တွေ ဖြစ်ပါတယ်။ တကယ်လို့သာ ဒီငါးချက်ကို ပြည့်စုံချင်တယ်ဆိုရင် အဲဒီငါးချက်ဟာ ငါးပါးသီလနဲ့ ဆက်စပ်နေတဲ့အတွက် ငါးပါးသီလကို လုံခြုံပါက ရရှိမှာ အမှန်ပါ။ ငါးပါးသီလနဲ့ဘယ်လိုဆက်နွယ်နေသလဲဆိုတော့

၁။ သူ့တစ်ပါးအသက် မသတ်ရင် ဘ၀မှာ အသက်အန္တရာယ်မကြုံရပါ။

သူတစ်ပါးကို ဆင်းရဲဒုက္ခရောက်အောင် ပြုလုပ်ညှင်းဆဲသတ်ဖြတ်မှု မပြုလုပ်လျှင် မိမိကိုလည်း မည်သူကမျှ အသက်ဘေးရောက်အောင်၊ နာကျင်ဒုက္ခခံစားရအောင် ပြုလုပ်ကြမည်မဟုတ်ပေ။

၂။ သူတစ်ပါးပစ္စည်းကို မခိုးရင် ချမ်းသာပါလိမ့်မယ်။

ဘယ်လိုနည်းနဲ့မဆို ခိုးယူတဲ့သူဟာ စည်းစိမ်ဥစ္စာ ရေရှည်မတည်မြဲဘဲ တစ်မျိုးမျိုးကြောင့် ပျက်စီးရတာမို့ ရာသက်ပန်ချမ်းသာသူ မဖြစ်ပါပေ။

၃။ သူတစ်ပါးသားမယားကို မပြစ်မှားရင် မိသားစုဘ၀ ပျော်ရွှင်စွာ နေရပါလိမ့်မယ်။

မိသားစုတစ်ခုမှာ သူတစ်ပါး သားသမီးများကို အုပ်ထိန်းသူထံကနေ တရားဝင်ခွင့်ပြုချက် မရရှိဘဲနဲ့ အချောင်နှိုက်ကျုးလွန်းနေသူရှိနေရင် ထိုမိသားစုဟာ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့အပြစ်တင်မှု၊ ကြင်ဖယ်ထားမှုတို့ ခံရပါက မျက်နှာပျက်စရာ မိသားစုမို့ ပျော်ရွှင်စရာ မိသားစု မဖြစ်တော့ပေ။

ထိုနည်းတူ သူတစ်ပါးကို မာယာများပြီး မိန်းကလေးသိက္ခာကျအောင် ပြုလုပ်နေသော၊ ပတ်ဝန်းကျင်က ရှုံ့ချနေသည်အထိ ကိုယ့်ကျင့်တရားပျက်စီးနေသော၊ မဖုံးနိုင်မဖိနိုင် ကြုံတွေ့ရသော မိန်းကလေးများရှိတဲ့ မိသားစုများဟာ ပျော်ရွှင်စရာ မိသားစု မဖြစ်တော့ပေ။

၎။ သူတစ်ပါးကို လိမ်မပြောရင် ဂုဏ်သတင်းကျော်စောမှု၊ ချီးကျုးခံရမှုတွေ ရပါလိမ့်မယ်။

လိမ်ညာပြောဆိုသူရဲ့စကားကို ဘယ်သူကမှ အယုံအကြည်မရှိတာမို့ ထိုလူဟာ နာမည်ကောင်းနဲ့ ထင်ပေါ်စရာ မရှိတော့ပေ။

၅။ အရက်သေစာ မသောက်စားရင် ကျန်းမာရေး ကောင်းပါလိမ့်မယ်။

အရက်သောက်လို့ ခန္ဓာကိုယ်သွေးသားများ ပျက်စီးမယ်ဆိုရင် ကျန်တဲ့ရောဂါများ ဝင်လာပါက ခုခံနိုင်စွမ်းအားနည်းလို့ ရောဂါဖြစ်လွယ်ပြီး ပျောက်ဖို့ခက်သွားပါတယ်။ ဒါပြင် ယနေ့ခေတ်မှာ အရက်မူးလို့ မဖြစ်သင့်တဲ့ လေးလုံးရောဂါများ ဖြစ်ရခြင်းမှာ အရက်ကြောင့် အသိဉာဏ်ကင်းမဲ့သွားလို့ ဖြစ်တဲ့သူတွေလည်း ရှိနေပါတယ်။

ဒါတွေဟာ ငါးပါးသီလစောင့်ထိန်းခြင်းရဲ့ အကျိုးရလဒ် အကျဉ်းချုပ်ပါ။ အကျယ်ကို မိမိတို့ဉာဏ်နဲ့ ချဲ့မြင်စဉ်းစားကြည့်ပါက အများကြီးသက်ဆိုင်တယ်ဆိုတာ သိရပါလိမ့်မယ်။ ဒါကြောင့် ငါးပါးသီလကို မြတ်ဗုဒ္ဓမပွင့်ကတည်းက လူသားတွေဟာ စောင့်ထိန်းခဲ့ကြခြင်း ဖြစ်ပါတယ်။

ယခုတင်ပြပေးခဲ့ အသိဉာဏ်ဗဟုသုတများဟာ အလွန်တရာ အသုံးဝင်တန်ဖိုးများတဲ့အပြင် ဗုဒ္ဓဘာသာဝင်တွေ မသိကြတာက များတဲ့အတွက် ချက်ခြင်းရေးလိုက်တာပါ။

ဒီအကြောင်းတွေကို အားလုံးသိရအောင် ဂျာနယ်စာစောင်မှာပါ ထည့်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ ဒါပေမဲ့ ဂျာနယ်အတွက် သီးသန့်ရေးပေးဖို့ အချိန်မပေးနိုင်သေးတာနဲ့ အွန်လိုင်းပရိသတ်များကို အရင်ပညာပေးလိုက်တာပါ။

ခု ဖြန့်ဝေပေးတဲ့ ဗဟုသုတများကိုတော့ လူများများသိလေ ပိုကောင်းလေမို့ အားလုံးတက်နိုင်သမျှ လူသားအားလုံးရဲ့ မျက်စိရှေ့ရောက်အောင် ဖြစ်နိုင်ရင် မေးလ်များကနေပါ တဆင့်ဖြန့်ဝေပေးကာ ဖတ်ဖြစ်အောင်လည်း တိုက်တွန်းစေချင်ပါတယ်။ ဒါမှလည်း ဦးဇင်းဖြစ်စေချင်တဲ့အတိုင်းဖြစ်ပြီး ဦးဇင်းရဲ့ စေတနာတွေ ပညာဒါနတွေကလည်း ပိုမိုထမြောက်အောင်မြင်မှာဖြစ်သလို ဖြန့်ဝေပေးသူ၊ တိုက်တွန်းပေးသူအားလုံးလည်း ပညာပါရမီဖြည့်ကျင့်ရာ ရောက်ပါတယ်။

လူသားအားလုံး အသိပညာ၊ ဗဟုသုတများ တိုးပွားလျက် လိုရာဆန္ဒပြည့်ကြပါစေလို့ ဆန္ဒပြုလျက်……..။

အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

Powered by Blogger.