Sunday, January 12, 2014

နိုင်ငံခြားသားများနဲ့ အမေးအဖြေ (၂)


နိုင်ငံခြားသားတစ်ယောက်က သူဟာ အရင်က အစားသောက်ကို အလွန်ချေးများတဲ့သူတဲ့။ ဥပမာ-ခု သူ မြန်မာပြည်လာတဲ့အခါ မြန်မာအစားအစာကို မစားတတ်ဘူးတဲ့။ သူ့နိုင်ငံမှာဆိုလည်း အစားသောက်ရွေးတယ်၊ အစားသောက်အတွက် အိမ်ကလူတွေနဲ့ပါ စကားများရတဲ့အထိ ချေးများတယ်တဲ့။ ဒါနဲ့ ဦးဇင်းက သူ့ကို အစားသောက်ဆိုတာ စားတုန်းခဏပဲ။ ပြီးရင် ပျောက်ပျက်သွားတယ်။ မြဲတဲ့အရာ မဟုတ်ဘူး။ စားပြီးတာနဲ့ အဲဒါကို ပြန်ယူလို့မရသလို ပြန်အောက်မေ့နေလို့လည်း ဘာမှမထူးဘူး။
 
ဒါကြောင့် စားဆဲမှာ စားရင် စားတယ်၊ သောက်ရင် သောက်တယ်လို့ မှတ်ပေးပါ။ ဒီအစားသောက်တွေဟာ မမြဲတဲ့အရာတွေ၊ ပျောက်ပျက်သွားမှာပါလားဆိုပြီး ဆင်ခြင်စားပါ။ စားသောက်ဆဲ လျှာပေါ်တင်ဆဲလေးမှာသာ ကောင်းတယ်မကောင်းဘူးလို့ အာရုံခံနိုင်တာဖြစ်လို့ လျှာပေါ်ကနေ ပျောက်သွားတာနဲ့ ဘာမှပြန်လုပ်လို့မရသလို ပြန်အောက်မေ့နေလည်း အလကားပဲ။ အစားသောက်ဆိုတာ ခန္ဓာကိုယ်လိုအပ်ချက်အရ ဖြည့်ပေးရတာ။ ပြီးရင် အိမ်သာထဲမှာ ပြန်ပစ်ရတာမို့ အစားသောက်စားသောက်တဲ့အခါ စားတယ်၊ သောက်တယ်လို့ ဆင်ခြင်ပြီး စားသောက်မယ်ဆိုရင် တရားလည်းပွားများပြီးသား ဖြစ်မယ်၊ ကုသိုလ်အကျိုးလည်း ရမယ်လို့ သူတို့တွေကို ထမင်းစားတဲ့အခါ လက်တွေ့တရားမှတ်နည်း သင်ပေးပါတယ်။
ဒါပြင် ဥပမာလေးတစ်ခုနဲ့ ထပ်ရှင်းပြလိုက်ပါတယ်။ လူတွေဟာ ကိုယ့်စီးတဲ့ကားတွေကို ဆီဖြည့်ကြပါတယ်။ အဲဒီလို ဆီဖြည့်ကျတာဟာ ကိုယ်သွားချင်တဲ့နေရာကို၊ ကိုယ်ရည်မှန်းချက်ကို ဖြစ်မြောက်အောင်လုပ်နိုင်ဖို့အတွက်ပါ။ မိမိတို့ကားတွေကို ဆီဖြည့်တဲ့အခါ မိမိတို့တွေဟာ ဒီဓာတ်ဆီ၊ ရေနံဆီက ချိုတယ်၊ ချဉ်တယ်စတဲ့ အရသာတွေကို မခံစားကြပါဘူး။ အဓိကရည်မှန်းချက်ဖြစ်တဲ့ မိမိလိုရာသွားဖို့အတွက်ပဲမို့ ဆီပေါ်မှာလည်း လောဘတဏှာအရသာခံပြီး ကိလေသာတွေ မဖြစ်ကြပါဘူး။
အဲဒီလိုပဲ မိမိတို့ခန္ဓာကိုယ်ထဲကို အစားအစာဖြည့်ခြင်း၊ စားခြင်းဟာလည်း ခန္ဓာကိုယ်ဆက်လက်ရှင်သန်ပြီး မိမိတို့ ရည်မှန်းချက်တွေကို ပြုလုပ်နိုင်ဖို့၊ အထူးသဖြင့် မိမိတို့သွားနေတဲ့ နိဗ္ဗာန်လမ်းကို လျှောက်လှမ်းနိုင်ဖို့ အစားအစာဖြည့်ခြင်း၊ စားသောက်ခြင်းတို့ကို ပြုလုပ်ကြရတာပါ။ ဒါကြောင့် မိမိတို့ဟာ ခန္ဓာကိုယ်လိုအပ်ချက်အရ အစားအစာဖြည့်ခြင်းပဲလို့ သဘောထားပြီး အစားအစာပေါ်မှာ ကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ ကိလေသာတွေ မဖြစ်ဘဲ စားရင်စားတယ်၊ သောက်ရင် သောက်တယ်၊ ခုလို စားသောက်တာဟာ ခန္ဓာကိုယ်ဆက်လက်ရှင်သန်ပြီး မိမိလိုရာနိဗ္ဗာန်ရောက်ကြောင်းတွေ ပြုလုပ်နိုင်ဖို့ပဲလို့ သဘောထား စားသောက်မယ်ဆိုရင် ဘယ်အစားအစာမဆို စားသောက်နိုင်ပြီး ကိလေသာများလည်း မဖြစ်တော့ပါဘူး။
အရိယာသူတော်ကောင်းတွေဟာ အဲဒီလိုသဘောထား စားသောက်ကြတာမို့ ဘယ်အစားအစာမဆို ပုပ်သိုးနေတဲ့ အစားအစာပင်ဖြစ်ပါစေ စားသောက်နိုင်ခြင်း ဖြစ်ပါတယ်။ မိမိတို့ကလည်း အဲဒီလိုနည်းယူမှတ်သားပြီး အစားအသောက်အတွက် မကောင်းမှုတွေမလုပ်ဘဲ စားသောက်တဲ့အခါမှာလည်း ကိလေသာတွေ မဖြစ်ကြရအောင် ကျင့်သုံးနေထိုင်နိုင်အောင် ကြိုးစားကြရပါမယ်။
နောက်ရက်ကျတော့ သူတို့တွေထဲက အစားသောက်ချေးများတဲ့သူဟာ ဦးဇင်းရဲ့ သွန်သင်ပေးမှုကြောင့် သူ ဘာနဲ့မဆို ခု စားတတ်သွားပြီ၊ အစားစာကိုလည်း ချေးမများတော့ဘူး။ ခု ကျောင်းက မနက်စာကျွေးတဲ့ထဲက ပဲပြုတ်နဲ့ထမင်းနဲ့ကို စားရတာ အဆင်ပြေသွားပြီ။ အစားသောက်ပေါ်မှာ ချေးမများတော့ဘူး။ ခု ပဲပြုတ်နဲ့စားရတာကို ဦးဇင်းပြောသလိုမှတ်ပြီး စားလိုက်တာ၊ ဘာစွဲလမ်းမှု၊ အရသာခံမှုမှမရှိဘဲ စားလိုက်တော့ ဗိုက်ဝသွားတယ်။ ဘာမှ စိတ်အနှောက်အယှက် ဒေါသဖြစ်စရာတွေလည်း မရှိတော့ဘူး။
ဦးဇင်း ခုလို ပြောပြပေးတဲ့အတွက် တပည့်တော် ဒီကရှေ့ အစားသောက်အတွက် အလုပ်မရှုပ်၊ စိတ်မရှုပ်ရသလို မိသားစု၊ အပေါင်းသင်းတွေပါ စိတ်မရှုပ်ရတော့ဘူး။ အစားသောက်အတွက်နဲ့လည်း မကောင်းတာမလုပ်ဖြစ်တော့ဘူး သေချာသွားပြီ။ ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောသွားရှာပါတယ်။
ဆက်လက်ပြီး ကျန်နေသေးတဲ့ အမေးအဖြေလေးများကို ရေးသားလိုက်ပါဦးမယ်။ စာဖတ်သူများအားလုံး အစားအသောက်အတွက် မကောင်းမှုလုပ်ခြင်း၊ အစားအသောက်ကြောင့် ကိလေသာတွေဖြစ်ခြင်းတို့မှ ကင်းဝေးကြပြီး သူတော်ကောင်းတို့ကျင့်သုံးနည်းများကို နိဗ္ဗာန်ရောက်သည်ထိ ကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလျက်….။
အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

Powered by Blogger.