Sunday, January 12, 2014

နိုင်ငံခြားသားများနဲ့ အမေးအဖြေ(၁)


ဦးဇင်း သီတင်းသုံးနေထိုင်တဲ့ မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော် တည်ထောင်ထားသော သုဒ္ဓဝိဿနာရိပ်သာမှာ အမေရိကန်လူမျိုးများ တရားအားထုတ်ဖို့လာကြပါတယ်။ အဲဒီအခါ ဦးဇင်းကပဲ သူတို့ကို တစ်နေ့(၃)ကြိမ် တရားပြခြင်း၊ ဘာသာရေးအကြောင်း အမေးအဖြေပြုလုပ်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ပါတယ်။ သူတို့တွေမေးတာတွေထဲက ကောင်းနိုးရာရာများကို စာဖတ်သူများ ဗဟုသုတရစေချင်ငှာ တင်ပြပေးလိုက်ပါတယ်။

မေး။ ။ နိုင်ငံခြားသားတွေက ဘာသာခြားတွေဆိုတော့ သူတို့မပြုလုပ်ချင်ဆုံးအရာက ရှိခိုးခြင်းပဲတဲ့။ ရှိခိုးတဲ့ဆိုတာ မာန်ချပြီး လုပ်ရတာမို့ များသောအားဖြင့် မလုပ်ချင်ကြဘူးတဲ့။ ရတနာသုံးပါးမှ မဟုတ်ပါဘူး။ တခြား ဆရာသမားတွေ၊ မိဘတွေကိုပါ သူတို့တွေက ရှိခိုးခြင်း အလေ့အထဆိုတာ ပြုလုပ်လေ့မရှိဘူး။ ပြုလုပ်ဖို့လည်း ခက်ခဲတယ်။ ပြုလုပ်သင့်တယ်လို့လည်း သူတို့မှာ အသိဉာဏ်မရှိကြဘူးလို့ ပြောကြတာနဲ့ ရှိခိုးရခြင်းအကြောင်းကို ရှင်းပြပေးခဲ့ပါတယ်။
ဖြေ။ ။ ဦးဇင်းတို့ မြတ်စွာဘုရားဟာ ဦးဇင်းတို့ သတ္တ၀ါတွေအတွက် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး သူ့အတွက်မဟုတ်ဘဲ အများကောင်းကျိုးရဖို့ရန် သူများမလုပ်နိုင်တဲ့ ပါရမီများကို ဖြည့်ကျင့်ပြီး သဗ္ဗညုတဉာဏ်ရအောင် လုပ်ခဲ့ပါတယ်။ သူ့တစ်ယောက်တည်းအတွက်ဆို သုမေဓာရှင်ရသေ့ဘ၀တည်းက နိဗ္ဗာန်ကိုရပါလျက်နဲ့ နိဗ္ဗာန်ကို မသွားသေးဘဲ ဆင်းရဲပင်းပန်းခံကာ ပါရမီတွေကို ဖြည့်ကျင့်ပေးခဲ့တယ်။
 နောက်ပြီး ဘုရားဖြစ်လာတဲ့အခါမှာလည်း တစ်ရက်ကို(၂၄)နာရီရှိရာ ဘုရားရှင်က (၂)နာရီလောက်ပဲ အနားယူကျိန်းစက်ပြီး အလုပ်လုပ်ပေးခဲ့ပါတယ်။ မိမိတို့ သတ္တ၀ါတွေ ကောင်းတာမကောင်းတာ ခွဲခြားတတ်ပြီး ပြုလုပ်ဆောင်ရွက်နိုင်အောင်၊ ချမ်းသာသုခများရရှိအောင် လုပ်ပေးခဲ့တဲ့ ဘုရားရှင်ရဲ့ ကျေးဇူးများဟာ မိမိတို့အပေါ်မှာ များပြားလှတဲ့အတွက်ကြောင့် အဲဒီကျေးဇူးတွေကို အာရုံပြုပြီး ရှိခိုးဦးချသလို ဘုရားရှင်ဟာ မိမိတို့ထက် သီလ၊ သမာဓိ၊ ပညာအစရှိတဲ့ ဂုဏ်တော်တွေ မိမိတို့ထက် အများကြီးသာလွန်ပါတယ်။ ဘုရားရှင်ကို မိမိတို့ တုနိုင်တဲ့အရာ တစ်ခုမှမရှိပါဘူး။ အဲဒါကြောင့် မိမိတို့အပေါ်ရှိနေတဲ့ ကျေးဇူးတရားတွေ၊ မိမိတို့ထက် သာလွန်တဲ့ဂုဏ်အပေါင်းတွေကို အာရုံပြုပြီး မြတ်စွာဘုရားရှင်ကို မိမိတို့က ရှိခိုးဦးချ ရိုသေလေးစားရခြင်း ဖြစ်ပါတယ်။

ထို့အတူ တရားတော်များသည်လည်း မိမိတို့အား ကောင်းတာ မကောင်းတာကို ညွှန်ပြပေးခြင်းစတဲ့ ဂုဏ်ကျေးဇူးများရှိတာကြောင့် ရှိခိုးရတာပါ။ သံဃာတော်များသည်လည်း မိမိတို့အား မျက်မှောက်သံသရာ ကောင်းစားရေးများကို လမ်းညွှန်ဆုံးမပြောဆိုပေးတဲ့ ဂုဏ်ကျေးဇူးတွေရှိတာရယ်၊ မိမိတို့ မစောင့်ထိန်းနိုင်တဲ့ အကျင့်သီလများကို စောင့်ထိန်းလိုက်နာ ကျင့်သုံးနိုင်တာကြောင့်ရယ် လှူဒါန်းပူဇော် ရှိခိုးဦးချရခြင်းဖြစ်ပါတယ်။

တစ်ခါ မိဘဆရာသမားများဟာလည်း မိမိတို့အပေါ်၌ ကျေးဇူးတရားများစွာရှိတာကြောင့်ရယ်၊ မိမိတို့အား အတက်ပညာ လူလိမ်မာလေးများဖြစ်အောင် ပြောဆိုဆုံးမသွန်သင်ပေးတာကြောင့်ရယ် ရှိခိုးဦးချ ရိုသေရခြင်းဖြစ်ပါတယ်။

မိဘတွေက ဘာဖြစ်လို့ ကျေးဇူးရှင်ဖြစ်ရလဲဆိုတော့ မိဘတွေမှာသာ သူတော်ကောင်းစိတ်မရှိရင် ခင်ဗျားတို့ကို ကိုယ်ဝန်ရှိစဉ်ကဖြစ်စေ၊ မွေးလာပြီးမှဖြစ်စေ သတ်ဖြတ်ပစ်လိုက်ကြပြီပေါ့။ သူတော်ကောင်းစိတ်ရှိလို့၊ ခင်ဗျားတို့အပေါ် ချစ်ခင်လို့ ခုလိုအရွယ်ထိ ဖြစ်လာအောင် ပြုလုပ်ပေးခဲ့တာ။ ခုခေတ်မှာ ခင်ဗျားတို့နိုင်ငံဖြစ်စေ မြန်မာနိုင်ငံမှာပဲဖြစ်စေ သူတော်ကောင်းစိတ်မရှိကြတဲ့ ယောက်ျားလေးတွေ၊ မိန်းကလေးတွေကြောင့် ကိုယ်ဝန်ရှိတာနဲ့ ဖြတ်ချပစ်တာတို့၊ မွေးလာပြီး ပစ်ထားခဲ့လို့ သေကြရတာတို့၊ မွေးပြီး ပစ်ထားခဲ့ကြတာတို့ တွေ့မြင်ကြားသိရမှာပါ။
အဲဒီလိုလုပ်တဲ့သူတွေဟာ ယောက်ျားဖြစ်သူကလည်း သူမေထုန်မှုလုပ်တုန်းကလုပ်ပြီး တာဝန်မယူချင်လို့၊ မိန်းကလေးဖြစ်သူကလည်း ကိုယ့်ဝမ်းမှာ ကိုယ်ဝန်ရှိလာတာကို ရင်ဆိုင်ဖြေရှင်းချင်တဲ့ စိတ်ဓာတ်မရှိကြလို့ပါ။ ကိုယ်တကယ် တာဝန်မယူချင်ရင်လည်း သန္ဓေမတည်အောင် အစကတည်းက ပြုလုပ်ကြပေါ့။ ခုတော့ သန္ဓေတည်အောင်တော့ လုပ်ကြတယ်။ ပြီးမှ သူတစ်ပါးကို သတ်ဖြတ်ပစ်တယ်ဆိုတာ တော်တော်စိတ်ကောင်းမရှိကြလို့ပါ။ အဲဒီလို မိဘစိတ်မရှိကြသူတို့တွေနဲ့စာရင် ကိုယ့်မိဘတွေဟာ သူတော်ကောင်းစိတ်ရှိလို့ ကိုယ့်ကို ခုလို လူဖြစ်လာအောင် မွေးတာ၊ စောက်ရှောက်တာတို့ ပြုလုပ်ပေးကြတာပါ။ ဒါဟာ ကျေးဇူးတွေပါပဲ။ ခင်ဗျားဘာသာ သမ္မတကြီးဖြစ်ရင် ဖြစ်ပါစေ၊ ကုလသမဂ္ဂကြီးဖြစ်နေပါစေ၊ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝနေပါစေ ခင်ဗျား ခုလိုဖြစ်လာရတဲ့ အခြေခံအကြောင်းရင်းဟာ မိဘတွေကျေးဇူးကြောင့်ဆိုတာ ခင်ဗျား ငြင်းလို့ မရဘူး မဟုတ်လား။ ဒါကြောင့် မိဘတွေကို ရိုသေလေးစားချစ်ခင် ကျေးဇူးဆပ်ပြီး ရှိခိုးသင့်ပါတယ်။
မာန်မာနဆိုတာ မိမိထက် အသိပညာ၊ အတက်ပညာသာလွန်သူနဲ့တွေ့ရင်ဖြစ်စေ၊ မိမိအပေါ်ကျေးဇူးရှိတဲ့သူကို ကျေးဇူးတင်တဲ့အခါဖြစ်စေ မာနကျသွားကြပါတယ်။ ဥပမာ-မိမိထက် သိုင်းပညာတော်သူနဲ့တွေ့ရင် မိမိကအရှုံးပေးပြီး ကိုယ့်ထက်သာသူကို အရိုအသေပေးရသလို မိမိကို တစ်စုံတစ်ခုကူညီသူ၊ နားလည်တက်သိအောင် သင်ကြားပြပပေးသူတွေကိုလည်း ကျေးဇူးတင်တဲ့အနေနဲ့ ရိုသေလေးစားမှုပြုလုပ်တဲ့အခါ မိမိမာနကို ချပေးရပါတယ်။

ဒါတွေဟာ ကျေးဇူးရှင်အပေါ်၊ မိမိထက် အရည်အချင်းတစ်ခုခုသာလွန်သူတို့နဲ့ တွေ့တဲ့အခါ အလိုလိုမာနကျတာ၊ မာနချပေးရတာဟာ သဘာဝတရားပဲမို့ မည်သူမဆို ပြုလုပ်ပေးသင့်သလို မည်သူမဆို ကြုံတွေ့ဖူးကြမှာပါ။ နောက်ပြီး ရှိခိုးတဲ့သူနဲ့ရှိခိုးခံသူမှာ ဘယ်သူက အကျိုးရသလဲလို့ မေးလိုက်ပါတယ်။ ရှိခိုးသူသာ အကျိုးရပြီး ရှိခိုးခံသူဟာ ရှိခိုးထိုက်တဲ့ ဂုဏ်အင်္ဂါမရှိရင် အပြစ်တောင် ဖြစ်တာမို့ ခင်ဗျားတို့ အကျိုးရှိစေချင်ရင် ရှိခိုးပါ၊ မရှိချင်ရင် မလုပ်နဲ့ပေါ့။ ရှိခိုးခံသူကတော့ ခင်ဗျားတို့ရှိခိုးလည်း ဘာမှမထူးတာမို့ ခင်ဗျားရှိခိုးသည်ဖြစ်စေ ရှိမခိုးသည်ဖြစ်စေ ဂရုစိုက်နေမှာ မဟုတ်ဘူးလို့။ ဒါကြောင့် ရှိခိုးတယ်ဆိုတာ ပင်ပန်းတဲ့အလုပ်မဟုတ်သလို ရင်းနှီးပေးဆပ်ရတဲ့ အလုပ်လည်းမဟုတ်ဘဲ အလွယ်တကူ အကျိုးရတာမို့ ပြုလုပ်သင့်တယ်လို့ ဦးဇင်းကတော့ ယူဆတယ်လို့ ရှင်းပြလိုက်တဲ့အခါကျမှ နိုင်ငံခြားသားတွေလည်း သဘောပေါက် နားလည်လက်ခံကာ သာဓုအကြိမ်ကြိမ်ခေါ်ဆိုပြီး ရှိခိုးဦးချပါတော့တယ်။

ဆက်လက်ပြီး နိုင်ငံခြားသားများနဲ့ အမေးအဖြေများ ရေးသားလိုက်ပါဦးမယ်။

အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

Powered by Blogger.