Friday, December 20, 2013

ဘုရား အနေကဇာတင်ခြင်းအကြောင်း သိကောင်းစရာများ

မေး။ ။ ဆရာတော်အရှင်ဘုရား တပည့်တော် သိချင်တာ တစ်ခုလောက် လျှောက်တင်မေးမြန်းခွင့်ပြုပါဘုရား။ ဘုရားအနေကဇာတင်ခြင်းကို သိချင်လို့ပါ ဆရာတော်ဘုရား။ လူနေအိမ်မှာပြုလုပ်လို့ရပါသလားဘုရား။ အချိန်ရရင် တပည့်တော်သိချင်တာလေးကို ဖြေပေးတော်မူပါဆရာတော်ဘုရား။

ဖြေ။ ။ မြတ်ဗုဒ္ဓ ဘုရားဖြစ်တော်မူသောအခါ ပဌမပလ္လင်္ကသတ္တာဟ အပရာဇိတပလ္လင်တော်တွင် စံတော်မူလျက်

(၁) အနေကဇာတိသံသာရံအစရှိသော ဂါထာတော်တို့ကို စိတ်ဖြင့် ဥဒါန်းကျုးခဲ့သည်။
(၂) ပဋိစ္စသမုပ္ပါဒ်ကို အနုလုံပဋိလုံ သုံးသပ်ဆင်ခြင်တော်မူခဲ့သည်။
(၃) ယဒါဟဝေအစရှိသော သုံးဂါထာကို နှုတ်ဖြင့်ရွတ်ဆိုခဲ့သည်။
(၄) စတုတ္ထ ရတနာဃရသတ္တာဟ-နတ်တို့ဖန်ဆင်းအပ်သော ရတနာစံအိမ်တော်ကျောင်းတွင် အဘိဓမ္မာခုနစ်ကျမ်းကို သုံးသပ်တော်မူသည်။ ထိုအခါ ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလေသည်။
(၅) ပဉ္စမအဇပါလ သတ္တာဟ အဇပါလညောင်ပင်ရင်းတွင် ယောဗြဟ္မဏောဗာဟိ တပါပ ဓမ္မောအစရှိသော ဂါထာတော်ကို ဥဒါန်းကျုးရင့်ခဲ့သည်။
(၆) ဆဋ္ဌမ မုဉ္ဇလိန္ဒသတ္တာဟ မုဉ္ဇလိန္ဒအိုင် မုဉ္ဇလိန္ဒာနဂါးမင်း ပါးပျဉ်းမိုးသော နဂါးအခွေပေါ်တွင် သုခေါ ဝိပါကော တုဋ္ဌဿအစရှိသော ဂါထာ(၂)ခုကို ဥဒါန်းကျုးတော်မူခဲ့သည်။

ထိုကဲ့သို့ ဥဒါန်းကျုးဂါထာ(၄)မျိုး၊ သုံးသပ်ဆင်ခြင်သော တရားတော်(၂)မျိုးတို့ကို ဘုရားဖြစ်တော်မူသောအခါ ရွတ်ဆိုသုံးသပ် ဆင်ခြင်တော်မူခြင်းကို သတိရကြည်ညိုစေခြင်းအကျိုးငှာ ရှေးဆရာတော်များသည် ပုဂံခေတ်မှစပြီး ဘုရားစေတီတော် ရုပ်ပွားတော်ပြုလုပ်ပြီးစအခါတို့၌ အထက်ပါ(၆)မျိုးတို့ကို ရွတ်ဆိုပူဇော်ခြင်း၊ လှူဒါန်းဖွယ်အစုစုတို့ဖြင့် ပူဇော်ခြင်းများ ဗုဒ္ဓပူဇာမင်္ဂလာကို ပြုလုပ်ကြသည်။ အနေကဇာတိသံသာရံအစရှိသော ဥဒါန်းဂါထာကို အနေကဇာဟု အတိုကောက်သတ်မှတ်ပြီး အနေကဇာတင်ခြင်းလို့ သတ်မှတ်ခေါ်လာကြခြင်း ဖြစ်သည်။

မြတ်ဗုဒ္ဓ ပဌမပလ္လင်္က သတ္တာဟစံတော်မူပြီး၍ ရှစ်ရက်မြောက်နေ့၌ နတ်ဗြဟ္မာအချို့သည် ဗုဒ္ဓကား မိမိ၏ ပလ္လင်ဌာနကို စွဲလန်းနေယောင်ပါတကား။ ဥပါဒါန်မကင်းသေးယောင်ပါတကားဟု ယုံမှားသံသယဖြစ်ကြသဖြင့် ထိုယုံမှားသံသယကို ပယ်ဖျောက်ခြင်းငှာ မြတ်ဗုဒ္ဓသည် ကောင်းကင်ထက်၌ ရေမီးအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူသည်။ ထိုကို ရည်ရွယ်၍ ရှေးခေတ်ကတည်းက အနေကဇာတင်ပွဲတို့၌ ရေချမ်းအိုး၊ ဆီးမီးခွက်တို့ကို အပြန်အလှန် ရေမီးအစုံတန်းစီး၍ လှူဒါန်းပူဇော်ကြသည်။

ထိုကဲ့သို့ မြတ်ဗုဒ္ဓက တန်ခိုးပြာဋိဟာပြတော်မူသောအခါ နတ်ဗြဟ္မာတို့သည် နတ်ပန်းပေါက်ပေါက် ကြဲဖြန်းပူဇော်ခြင်း၊ တံခွန်ကုက္ကား၊ မုလေး၊ ပန်းဆိုင်းတို့ဖြင့် ပူဇော်ခြင်း၊ နံ့သာ အခိုးအလျှံတို့ဖြင့် ပူဇော်ခြင်း၊ နတ်တူရိယာတို့ကို ပူဇော်ခြင်း၊ ပဉ္စသီခနတ်သား၏ ဗေလုဝပဏ္ဍုနတ်စောင်းကို တီး၍ပူဇော်ခြင်းစသော အံ့ဖွယ်ထူးဆန်း ခမ်းနားသော ပူဇော်ပွဲကြီး ပြုလုပ်ကြကုန်သည်။

ထိုနတ်ဗြဟ္မာတို့ ပူဇော်ပုံကိုရည်ရွယ်၍ အနေကဇာတင်ရာ၌
(၁) အနေကဇာတင် ရဟန်းသံဃာတော်တို့၏လက်၌ တံခွန်ကုက္ကားတို့ ကိုင်ဆောင်ပူဇော်ကြခြင်း။
(၂) ပေါက်ပေါက်ပန်းတို့ကို ကြဲဖြန်းပူဇော်ခြင်း။
(၃) ဘုရားရှေ့၌ ပန်းအိုးပန်းဆိုင်း ပန်းခိုင်တို့ လှူဒါန်းခြင်း။
(၄) နံ့သာထင်း၊ အခိုးနံ့သာတိုင် အမွှေးအထုံတို့ဖြင့် ပူဇော်ခြင်း။
(၅) ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို ရဟန်းသံဃာတို့၏ ရှေးဦးစွာ ဘုရားဆွမ်းတော်ကြီးပွဲ ကပ်လှူခြင်းတို့ ပြုလုပ်ကြသည်။

အနေကဇာတင်ရွတ်ဆိုခြင်းနှင့်ပတ်သတ်၍ အင်းဝခေတ်နောက်ပိုင်းတွင်
(၁) အနေကဇာတိအစရှိသော ဥဒါန်းဂါထာ၊
(၂) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံပါဠိတော်၊
(၃) ယဒါဟဝေအစရှိသော သုံးဂါထာ၊
(၄) ပဋ္ဌာန်းဥဒ္ဒေသပါဠိတော်။

အထက်ပါ(၄)မျိုးကိုသာ အနေကဇာတင်ပါဠိတော်အဖြစ် သတ်မှတ်ရွတ်ဆိုကြသည်ဟု မှတ်သားရသည်။

အနေကဇာတင်ခြင်းနှင့်ပတ်သတ်ပြီး ဝိနည်းမဟာဝါလာရှိသည်နှင့် ဥဒါန်းပါဠိတော်လာရှိသည်တို့ ကွဲပြားနေကြသည်ကို တွေ့ရှိရသည်။

ဝိနည်းမဟာဝါ၌
(၁) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ယဒါဟဝေ ပဌမဂါထာ၊
(၂) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ယဒါဟဝေ ဒုတိယဂါထာ၊
(၃) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ယဒါဟဝေ တတိယဂါထာ၊
ထိုတွင် ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ သုံးကြိမ်အကျဉ်းချုပ်၍ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ တစ်ကြိမ်သာ ရွတ်ဆိုပူဇော်ပြီးနောက် ယဒါဟဝေသုံးဂါထာကို ဆက်ရွတ်ဆိုပူဇော်ကြသည်။ ဤအစဉ်အလာကို ရှေးခေတ်မှစ၍ ယနေ့အချိန်ထိ ပူဇော်ကြသည်ကို တွေ့ရသည်။

တဖန် ဥဒါန်းပါဠိတော်၌ လာရှိသည်ကို ဖော်ပြရလျှင်
(၁) ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ယဒါဟဝေ ပဌမဂါထာ၊
(၂) ပဋိစ္စသမုပ္ပါဒ် ပဋိလုံ၊ ယဒါဟဝေ ဒုတိယဂါထာ၊
(၃) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ယဒါဟဝေ တတိယဂါထာ။

ဤနည်းကိုလည်း အချို့အသုံးပြုသည်ကို တွေ့ရှိရသည်။ မိမိတို့ မြို့ရွာကျောင်းတိုက် အစဉ်အလာပေါ်မူတည်၍ အလျဉ်းသင့်သကဲ့သို့ ရွတ်ဆိုကြရပါမည်။

တစ်ခါ အနေကဇာတင်ပုံအစဉ်ကို တင်ပြပေးရမည်ဆိုလျှင်
(၁) နမောတဿသုံးကြိမ်၊
(၂) အနေကဇာတိဂါထာ သုံးခေါက်၊
(၃) ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊
(၄) ယဒါဟဝေ သုံးဂါထာ၊
(၅) ပဋ္ဌာန်းဥဒ္ဒေသ၊
(၆) ပုဗ္ဗဏှသုတ် ယံကိဉ္စိဝိတ္တံ သုံးဂါထာ၊
(၇) မဟာကာရုဏိကောဂါထာမှစ၍ ပုဗ္ဗဏှသုတ်အဆုံးထိရွတ်ပြီး တေအတ္ထလဒ္ဓါ သုခိတာ နောက်ဆုံးဂါထာကို သုံးကြိမ်ရွတ်ဆိုကြသည်။
(၈) အချို့အရပ်၌ သဗ္ဗေသတ္တာ သဗ္ဗေပါဏာအစရှိသော မေတ္တာပို့ရွတ်၍ အချို့အရပ်တွင် မေတ္တာသုတ်ရွတ်ကြသည်။

အထက်ပါ အချက်အလက်တို့ကို ထောက်ဆကြည့်လျှင် အနေကဇာတင်ခြင်းသည် ဘုရားရုပ်ပွားတော် အသက်သွင်းခြင်းဟုလည်းကောင်း၊ အနေကဇာမတင်ဘဲ ဘုရားမကိုးကွယ်ရဟုလည်းကောင်း၊ အနေကဇာတင်သောအခါ နမောတဿကို အစဆုံးမရွတ်ရဟုလည်းကောင်း ပြောဆိုနေကြသောစကားများသည် မမှန်ကန်ဟု သိရှိကြပါကုန်။ မိမိကိုးကွယ်သော ဗုဒ္ဓရုပ်ပွားတော် ထားရှိသည်နေရမှာ အနေကဇာတင်၍ ရပါသည်။

ထို့ပြင် ရွှေထီးတော်၊ စိန်ဖူးတော်၊ မကိုဋ်တော်၊ စလွယ်တော်စသည်ကို အနေကဇာတင်ခြင်းကား မြတ်ဗုဒ္ဓ၏ အသုံးအဆောင် ပရိဘောဂစေတီကို အနေကဇာတင်ခြင်းဖြစ်၍ သင့်မြတ်ပါပေသည်။

အကျဉ်းချုပ်အားဖြင့် အနေကဇာတင်ခြင်းသည် မြတ်ဗုဒ္ဓ၏ ကျေးဇူးတော်၊ တန်ခိုးတော်၊ ဂုဏ်တော်များကို ထပ်မံမွန်းတင်ပေးခြင်း ဖြစ်ပေသည်။ အနေကဇာမတင်သော်လည်း မိမိစိတ်က မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိသည်ကို အာရုံပြုပြီး ကိုးကွယ်ပူဇော် ဆည်းကပ်၍ ရပါသည်။ အနေကဇာတင်လျှင် လှူဒါန်းပူဇော်ခြင်း ကုသိုလ်တိုးသည်နှင့် ကုသိုလ်မတိုးခြင်းသာ ထူးပေမည်။ ဗုဒ္ဓရုပ်ပွားတော်များကို ကျောင်းကန်အိမ်များတွင် ထားရှိရခြင်းမှာ သက်တော်ထင်ရှား မြတ်ဗုဒ္ဓကို အာရုံပြု လွယ်ကူရန်သာ အဓိကအကြောင်းရင်း ဖြစ်သည်။

စေတီတော်များ တည်ထားကိုးကွယ်ခြင်းသည် မြတ်ဗုဒ္ဓ၏ ဓာတ်တော်၊ မွေတော်၊ တရားတော်၊ အသုံးအဆောင်စသည်များကို မြတ်ဗုဒ္ဓကိုယ်စား ကြည်ညိုပူဇော်ရန် ဖြစ်ပေသည်။ (မဟာသုတဒီပနီကျမ်း၊ ပထမအုပ်တွင်လာရှိသော အနေကဇာတင်ခြင်းအကြောင်းများကို နည်းမှီ၍ ရေးသားတင်ပြလိုက်ပါသည်)

ဤမျှလောက်တင်ပြပေးလျှင် ပြည့်စုံလောက်ပြီးမို့ ဤမျှနှင့်ပင် ရပ်နားပြီး စာဖတ်သူများအားလုံး ဒါန၊ သီလ၊ ဘာဝနာများဖြင့် နေ့စဉ်ဖြတ်သန်း၍ နိဗ္ဗာန်ချမ်းသာကို လျင်မြန်စွာ ရရှိကြပါစေသော်။

အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

Powered by Blogger.