Friday, November 8, 2013

ဘုရားဖူးသူတို့ သတိပြုရမည့် အချက်များ

မေး။ ။ အရှင်ဘုရား တပည့်တော်တို့ ဗုဒ္ဓဘာသာတွေ ဘုရားဖူး ဘုရားသွားတာတွေ ပြုလုပ်ကြတာ လူတိုင်းနည်းပါးပါပဲ။ ဒါပေမဲ့ ဘုရားဖူးတဲ့အခါ ဘယ်လိုဖူးရမယ်။ ဘယ်လိုတရားနှလုံးသွင်းရမယ်ဆိုတာ သေချာမသိကြပါဘူး။ အဲဒီလို မသိကြတဲ့အတွက် ဖြစ်သလို ဘုရားဖူးကြလေတော့ ဘုရားဖူးသွားရကျိုး မနပ်ဘဲ ဖြစ်နေကြပါတယ်။ ဘုရားဖူးရင် ဘုရားဖူးကုသိုလ်တွေ အများကြီးရမယ်လို့ ထင်ပါတယ်။ ခု ဘုရားဖူးပြီး ကုသိုလ်အရ နည်းကြတာမို့ အရှင်ဘုရားကပဲ ဗုဒ္ဓဘာသာအားလုံးအတွက် အကျိုးထူးများရရှိအောင် စာပေကျမ်းဂန်လာ ဘုရားဖူးနည်းများ ရေးပေးပါဦးလို့ မိမိဘာသာဝင်တွေကိုယ်စား မေတ္တာရပ်ခံလိုက်ရပါတယ်ဘုရား။

ဖြေ။ ။ အင်း ဘုရားဖူးတော့ မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေ ပြည်တွင်း မှာလည်း ငွေကုန်ကြေးကျခံပြီး နေရာအနှံ့သွားကြသလို တချို့ချမ်းသာကြွယ်ဝသူတွေဆို ပြည်ပဘုရားဖူးတွေပါ သွားလာနေကြတာ တွေ့မြင်ရပါတယ်။ ဒါပေမဲ့ ငွေသိန်းချီသာကုန်ပေမဲ့ ကုန်ရကျိုး မနပ်ကြတာ များပါတယ်။ အဲဒီဘုရားဖူးကုန်ကျစရိတ်သာ ဒါနကောင်းမှုပြုလုပ်လိုက်မယ်ဆိုရင် ကောင်းမှုကုသိုလ်တွေ အများကြီးရရှိကြမှာ အမှန်ပါ။ အဲဒီတော့ ကိုယ်တကယ်ပဲ ဘုရားဖူးသွားချင်ရင် သွားရကျိုးနပ်အောင် အောက်ပါအချက်အလက်တွေ ပြည့်စုံအောင် ကျင့်သုံးလိုက်နာကြပါလေ။

၁။ ဘုရားဖူးသွားသောအခါ ဗုဒ္ဓါနုဿတိ ဘုရားဂုဏ်တော် ရွတ်ဆိုပွားများသွားပါ။
၂။ တကယ်လို့ ကုသိုလ်အရနည်းချင်လို့ ဘုရားသွားရင်း စကားပြော ဖုန်းပြောလာတာဆို ဘုရားစောင်းတန်းအစဝင်တာနဲ့ စကားပြောတာအဆုံးသတ်ပြီး ဘုရားအာရုံပြုပါ။
၃။ ဆိတ်ငြိမ်စွာ ဘုရားအာရုံပြုပြီး စေတီအထိ သွားပါ။
၎။ ဘုရားစေတီကို လက်ယာရစ် (ညာဘက်လက် စေတီဘက်ထား) သုံးပတ်လှည့် ကြည်ညိုပါ။
၅။ စေတီကြီးဆို အရပ်လေးမျက်နှာ စေတီငယ်ဆို အရပ်ရှစ်မျက်နှာလုံးမှာ ထိုင်ပြီး ထိခြင်းငါးပါးဖြင့် ရှိခိုးကာ ဘုရားဝတ်ပြုပါ။

မူလပဏ္ဏာသ အဋ္ဌကထာ ပထမအုပ်တွင် လာရှိသော ရှေ့ခေတ်ရဟန်းတော်များ ဘုရားဖူးကြပုံကို နည်းမှီ၍ ရေးသားဖြေဆိုပေးလိုက်ပါသည်။

ဒီလောက်ဆို ဘုရားဖူးသွားရကျိုးနပ်အောင် ပြုလုပ်ရမည့်အချက်များ ပြည့်စုံလောက်ပြီမို့ စာဖတ်သူများအားလုံး မိမိလုပ်တဲ့အလုပ်ဟာ ရာနှုန်းပြည့်အကျိုးရရှိအောင် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်။

အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

Powered by Blogger.