Friday, November 8, 2013

ငရဲနဲ့မကောင်းမှုများ ယှဉ်တွဲပြဆိုခြင်း


မေး။ ။ ဘယ်လိုမကောင်းမှုလုပ်ရင် ဘယ်လိုဆိုးကျိုးတွေ ခံစားရတာလဲ သေချာသိချင်လို့ အချိန်ရရင် ရေးပေးစေချင်ပါတယ်ဘုရား။
ဖြေ။ ။ ဒီမေးခွန်းကို ဖြေပေးဖို့က စာအများကြီး ရေးပေးရမှာပါ။ ရေးလို့ဟောလို့ မကုန်နိုင်အောင် ရှင်းပြပေးရမဲ့ မေးခွန်းဖြစ်နေပါတယ်။ ခက်တာက ဦးဇင်း ခု ကွန်ပျုတာနဲ့ အင်တာနက်သုံးမရတော့ စာများများရေးဖို့ အဆင်မပြေတာပါ။
သို့သော်လည်း ယခုခေတ်လူများ မကောင်းမှုများကို မရှက်မကြောက် လွယ်လင့်တကူ ပြုလုပ်နေကြတာ တွေ့မြင်နေရတဲ့အတွက် မိမိဘယ်လို မကောင်းမှုလုပ်ရင် ဘယ်လိုဒုက္ခတွေ ခံစားရမယ်ဆိုတာ သိစေချင်လွန်းလို့ တက်နိုင်သမျှ ဖုန်းနဲ့အကျဉ်းချုပ် ရေးတင်ပေးလိုက်ပါတယ်။
၁။ အနိုင်ကျင့် ညှင်းဆဲသူများသည် သံပူမြစ်ငရဲသို့ ကျရောက်ရသည်။
၂။ အလှူခံရဟန်းကို ဆဲရေးနှိပ်စက်သူများသည် ကျီစွန်လင်းတခွေးစားခံ ငရဲသို့ ကျရောက်ရသည်။
၃။ အပြစ်မဲ့သောသူတို့ကို ညှင်းဆဲသတ်ဖြတ်သူသည် သံပူတုံးဖြင့် ရိုက်သတ်သော ငရဲသို့ ကျရောက်ရသည်။
၎။ မတရားသက်သေလိုက်သောသူသည် မီးကျီးတွင်းငရဲသို့ ကျရောက်ရသည်။
၅။ သီလရှိသောရဟန်း သူတော်ကောင်းတို့ကို ညှင်းဆဲသတ်ဖြတ်သူသည် သံပူရည်အိုးကြီး ငရဲသို့ ကျရောက်ရသည်။
၆။ ငှက်မုဆိုးသည် ခေါင်းလည်ပင်နှုတ် ရေပူဖျောငရဲသို့ ကျရောက်ရသည်။
၇။ စပါးဖျင်းရော၍ ရောင်းသူသည် ရေပူမြစ် ရေသောက်ပူလောင်သေ ငရဲသို့ ကျရောက်ရသည်။
၈။ သူခိုးများသည် မြားလှံခက်ရင်း ထိုးသတ်ငရဲသို့ ကျရောက်ရသည်။
၉။ သားသတ်သမားများသည် အသားခုတ်ထစ်စုပုံငရဲသို့ ကျရောက်ရသည်။
၁၀။ လက်မရွံ့သမားသည် ကျင်ကြီးအိုင်ငရဲသို့ ကျရောက်ရသည်။
၁၁။ မိဘရဟန္တာကို သတ်သူသည် သွေးပြည်ပုတ်ငရဲသို့ ကျရောက်ရသည်။
၁၂။ လိမ်ညာရောင်းသော ကုန်သည် ဈေးသည်များသည် သံချိတ်ကြီးများဖြင့် ထိုးဖောက်ညှင်းဆဲသောငရဲသို့ ကျရောက်ရသည်။
၁၃။ ကာမေသုမိစ္ဆာစာရ ကျုးလွန်သော မိန်းမများသည် မြေမှာမြုပ်သတ်ငရဲသို့ ကျရောက်ရသည်။
၁၄။ ကာမေသုမိစ္ဆာစာရကျုးလွန်သော ယောက်ျားများသည် ချောက်ကမ်းပါးချသတ်ငရဲသို့ ကျရောက်ရသည်။
၁၅။ အယူမှားသူ မိစ္ဆာဒိဋ္ဌိတရားဟောသူများသည် ကြမ်းတမ်းရက်စက် ကြီးငယ်ညှင်းဆဲသတ်ဖြတ်သော ငရဲသို့ ကျရောက်ရသည်။
ကျမ်းညွန်း။ ဇာတ်ပါဠိတော်။ ဒု။ နေမိဇာတ်။ ၁၈၇ မှ ၁၉၅။ မဟာသုတဒီပနီကျမ်း။ တ။ ၄၀၇။
စာဖတ်သူအားလုံး မိမိတို့ ခဏတာရရှိတဲ့ လူ့ဘဝလေးကို ကောင်းမှုများနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်

0 comments:

Post a Comment

Powered by Blogger.