Friday, November 15, 2013

အလှူဒါနတစ်ခုကို အကျိုးပေးအားကောင်းအောင် ဘယ်လိုပြုလုပ်ရမလဲ


မေး။ ။ ဦးဇင်းဘုရား တပည့်တော်တို့ ကောင်းမှုကုသိုလ်ပြုလုပ်ကြတဲ့အခါ ဘယ်လိုပြုလုပ်ပါမှ ဗုဒ္ဓနည်းကျဖြစ်ပြီး အကျိုးပေးများပြားမလဲဘုရား။ တပည့်တော်တို့ ဗုဒ္ဓဘာသာတွေအတွက် အရှင်ဘုရားမှ သနားကရုဏာထားပြီး ပြောပြပေးစေချင်ပါတယ်ဘုရား။ တပည့်တော်သိချင်တာဟာ ဗုဒ္ဓဘာသာဝင်အားလုံးအတွက် အသုံးဝင်မည်မို့ အရှင်ဘုရားလို မေးဖြေဆရာတော်အနေနဲ့ ဖြေပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဘုရား။
အဝေးကနေ ဦးခိုက်လျက်
ဖြေ။ ။ မေးခွန်းရှင် မေးတဲ့မေးခွန်းဟာ အများအတွက် အသုံးဝင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဖုန်းနဲ့စာရေးရတာမို့ အကျဉ်းချုပ်လောက်ပဲ ဖြေပေးပါရစေ။
အလှူဒါနပြုတိုင်း အကျိုးပေးများစေချင်ရင်
၁။ ဒါနတစ်ခု မပြုလုပ် မလှူမီ သီလစောင့်ထိန်းပါ။ တကယ်လို့ ရုတ်တရက်လှူရမဲ့အလှူဖြစ်ပါက စိတ်ကနေ ငါးပါး ရှစ်ပါးသီလကို စောင့်ထိန်းပါ၏လို့ အသံတိုးတိုးဖြစ်စေ စိတ်ထဲကပဲဖြစ်စေ သီလယူလိုက်ပါ။
၂။ မိမိရှေ့မှာလှူမဲ့ အလှူခံကိုယ်စား မြတ်ဗုဒ္ဓ၏သားတော် သံဃာတော်ဟု သံဃာ့ဂုဏ်ကို အာရုံပြုပါ။
၃။ မိမိစိတ်မှာ အလှူပစ္စည်းပေါ် လွတ်လွတ်စွန့်ကြဲခြင်းစိတ်ဖြင့် သဒ္ဓါတရားစစ်စစ်ဖြစ်အောင် ပြုလုပ်ပါ။
၎။ နေ့စဉ်အချိန်ရတိုင်း များလေကောင်းလေ မိမိပြုလုပ်ခဲ့သော ကောင်းမှုတို့ကို ဝမ်းသာပေးပါ။ နှစ်သက်ပီတိဖြစ်ပေးပါ။ မိမိဝမ်းသာပီတိဖြစ်သလောက် အကျိုးပေးတွေ တိုးပွားနေပါလိမ့်မယ်။
ကျမ်းညွှန်း။ မဟာသုတဒီပနီကျမ်း။ တ။ ၅၁၀။
ဒီလောက်ဆို မေးခွန်းရှင်သိချင်တာလည်း သိရပြီဖြစ်သလို ဗုဒ္ဓဘာသာဝင်တွေလည်း အလှူတစ်ခုကို ဘယ်လိုပြုလုပ်ရမယ်ဆိုတာ သဘောပေါက် နားလည်လောက်ပြီးမို့ ဒီမျှနဲ့ နားပါရစေ။

0 comments:

Post a Comment

Powered by Blogger.