Friday, October 4, 2013

ကောင်းတာပေးမှ ကောင်းတာရ

အမေရိကန်ရှိ မိသားစုတစ်စုဟာ ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းပေးရန် ပြင်ဆင်နေကြတယ်။ ဒုက္ခသည်မိသားစုမှာလည်း အမေရယ် သား ၂ ယောက် သမီးငယ်လေးတစ်ယောက်အားဖြင့် မိသားစု ၄ ယောက်ရှိတယ်။ လှူမဲ့မိသားစုမှာလည်း ထိုနည်းတူ မိသားစု ၄ ယောက်ပါပဲ။

အဲဒါနဲ့ လှူမဲ့မိသားစု အမေဖြစ်သူက သားသမီးတွေကို ကိုယ်မသုံးတော့တဲ့ ပစ္စည်းလေးတွေ ပေးရအောင်ဆိုပြီး အမေဖြစ်သူက သူမဝတ်တော့တဲ့ အဝတ်စားတွေ လှူဖို့ထည့်တယ်။ သား ၂ ယောက်ကလည်း သူတို့မကြိုက်တဲ့ပစ္စည်းတွေ ထည့်ကြတယ်။ အငယ်ဆုံးဖြစ်တဲ့ သမီးငယ်လေးကတော့ သူအကြိုက်ဆုံး နှစ်သက်ဆုံးဖြစ်တဲ့ ကစားစရာ အရုပ်ကလေးကို ဒုက္ခသည်ကလေးမလေးအတွက် လှူဖို့ ယူလာခဲ့တယ်။

အဲဒါကို အမေဖြစ်သူလည်းမြင်ရော သမီးလေး ဘာဖြစ်လို့ သမီးအကြိုက်ဆုံး အရုပ်လေးကို လှူရတာလဲ။ သမီး မလိုချင်တော့တဲ့ အရုပ်တွေ အများကြီးပဲ။ အဲဒါတွေ လှူဖို့ယူခဲ့ပါလို့ ပြောတဲ့အခါ သမီးဖြစ်သူက "အမေ သမီး ဒီအရုပ်လေးနဲ့ ကစားခဲ့တာ ရက်တော်တော်ကြာ ကစားခဲ့ရပေမဲ့ ဒုက္ခသည် ရွယ်တူကလေးမှာ တစ်ခါမှ ကစားရဦးမှာ မဟုတ်ဘူး။ ဒါကြောင့် သမီးက ကိုယ်ချင်းစာပြီး လှူပေးဖို့ ဆုံးဖြတ်လိုက်တာ။ သမီးတို့က ကိုယ်ချင်းစာပြီး ကိုယ်အကောင်းလိုချင်သလို သူများလည်း အကောင်းသုံးစေချင်တဲ့စိတ်ရှိရမှာပေါ့လို့ "ပြောတဲ့အခါကျမှ

အမေဖြစ်သူလည်း အဝတ်စားအဟောင်းတွေ ပြန်ဖယ်ပြီး အကောင်းဆုံးအဝတ်စားတွေ လှူဖို့ပြန်ပြင်ပါတော့တယ်။ အကိုဖြစ်တဲ့ သား ၂ ယောက်လည်း သူတို့အကြိုက်ဆုံး အသုံးအဆောင်တွေ လှူဖို့ထည့်ကြပါတော့တယ်။

ဒါဟာ ကလေးကနေပေးလိုက်တဲ့ အသိပညာ ဒါနပြုပုံလေးပါ။

မိမိတို့ဟာ မဲနှိုက်တဲ့အခါ အကောင်းဆုံးကို လိုချင်တယ်။ ထီထိုးရင်လည်း အမြင့်ဆုံးဆုကို လိုချင်တယ်။ စီးပွားချမ်းသာကိုလည်း ကမ္ဘာ့ချမ်းသာဆုံး ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ အဲဒါတွေ ဖြစ်မလာကြပါဘူး။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ မိမိပေးကမ်းမှုပြုခြင်း မျိုးစေ့စိုက်တုန်းက အကောင်းဆုံး ကိုယ့်နှစ်သက်ဆုံး အရာဝတ္ထုများ မပေးကမ်း မလှူဒါန်းဘဲ အညံ့စားတွေပဲ ပေးကမ်းလှူဒါန်းခဲ့လို့ပါပဲ။

လုံးဝကို မပေးကမ်းခဲ့ဘူးဆိုရင်တော့ တောင်းစားရတဲ့အခြေနေထိ ဖြစ်ကြရမှာပါ။

ဒါကြောင့် မိမိတို့ဟာ လူကိုဖြစ်စေ သံဃာကိုဖြစ်စေ ပေးကမ်းလှူဒါန်းခြင်းများ ပြုလုပ်တော့မယ်ဆိုရင် မိမိအကြိုက်ဆုံး အကောင်းဆုံး ပစ္စည်းများဖြင့် ဒါနပြုကြစေချင်ပါတယ်။ ဒါမှ လက်ခံရရှိတဲ့သူကို စိတ်ချမ်းသာစေသလို မိမိရရှိတဲ့အချိန်မှာလည်း အကောင်းဆုံးတွေ ရရှိမှာပါ။

3.10.2013 9း20 AM တွင် မေတ္တာရှင် ရွှေပြည်သာဆရာတော်မှ ကောင်းမြတ်မင်္ဂလာတရားသင်တန်း မအူပင်မြို့မှ ကလေးများအား နှလုံးသားအာဟာရတိုက်ကျွေးပေးသော တရားလေးကို နားကြားမိတာနဲ့ ဦးဇင်း စာဖတ်ပရိသတ်များလည်း လိုက်နာကျင့်သုံးနိုင်စေဖို့ တင်ပေးလိုက်ပါတယ်။

0 comments:

Post a Comment

Powered by Blogger.