Wednesday, August 21, 2013

သေနည်းလေးလည်း ကျင့်ပေးပါ

လူတွေဟာ မသေချာမရေးရာတဲ့ စာမေးပွဲဖြေဖို့၊ အင်တာဗျုးလုပ်ဖို့၊ ဗွီဒီယိုရိုက်ဖို့၊ အခမ်းနားလုပ်ဖို့စတဲ့ဟာတွေတော့ လေ့ကျင့်ခြင်းတွေ ပြုလုပ်ကြတယ်။ အဲဒီအရာတွေဟာ ကိုယ်တကယ်ပြုလုပ်ဖြစ်ချင်မှ ပြုလုပ်ဖြစ်မှာပါ။ ဥပမာ-အဲဒီဟာတွေမတိုင်ခင် ဒုက္ခတစ်ခုခုရောက်လို့ဖြစ်စေ သေသွားလို့ဖြစ်စေ မလုပ်ဖြစ်တာတွေလည်း ရှိနိုင်ပါတယ်။

ဒါပေမဲ့ ကိုယ်တကယ်သေချာရေးရာစွာ ရင်ဆိုင်ဖြေရှင်းရမဲ့ အရာတစ်ခုကတော့ ရှိပါတယ်။ အဲဒါကတော့ သေခြင်းကိစ္စပါပဲ။ အဲဒီသေခြင်းတရားကျတော့ ဘယ်သူမှ ကြိုတင်လေ့ကျင့်မှု မပြုလုပ်ကြဘူး။ တကယ်ဆို မိမိမလွဲမသွေ သေချာရေရာရင်ဆိုင်ကြုံတွေ့ရမဲ့ သေခြင်းတရားကို နေ့စဉ်တွေးတောပြီး သေကြည့်ပေးကြပါ။ ဒါမှ မိမိတကယ် သေတဲ့အခါ သေခြင်းတရားကို ကောင်းမွန်စွာရင်ဆိုင်နိုင်မှာပါ။

ငါသေရင် သေခြင်းဆင်းရဲဒုက္ခတွေ ငါ့မှာဖြစ်လာရင် ငါပိုင်တဲ့ ပစ္စည်းဥစ္စာ၊ ရာထူးဌာနန္တရ၊ ဘွဲ့ထူးဂုဏ်ထူးတွေ တစ်ခုမှယူလို့ မရဘဲ ထားခဲ့ရမှာပါလား၊ ငါ့ကို မိဘ၊ မောင်နှမတွေ၊ လင်မယား၊ သားသမီးတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ဘယ်သူမှ ကိုယ်စားခံပေးလို့ မရပါလား၊ သူတို့က ငါသေခါနီး နဘေးကနေ လာပြီးငိုကြွေးပူဆာပြီး ငါ့ကိုဒုက္ခပေးကြလိမ့်မယ်။ အသိဉာဏ်ပညာ ဗဟုသုတရှိတဲ့သူမှသာ ငါပြုလုပ်ထားတဲ့ ဒါနလေးတွေ အောက်မေ့နိုင်အောင် ပြုလုပ်ပေးတာတို့၊ ငါ့အတွက် ဒါန၊ သီလ၊ ဘာဝနာပွားနိုင်အောင် လုပ်ပေးတာတို့ ပြုလုပ်ပေးမှာ။ များသောအားဖြင့်တော့ ငါသေတာ မဖြောင့်အောင် ဒုက္ခပေးမဲ့သူကသာ များမှာ။

ငါ တကယ်အားကိုးရမှာကတော့ ၀ိပဿနာတရားသာ ဖြစ်တယ်။ ၀ိပဿနာတရားရှိမှသာ ငါသေခြင်းတရားကို အေးဆေးရင်ဆိုင်နိုင်ပြီး ကောင်းမွန်ရာဘ၀ကို ရောက်မှာပါလားလို့ မသေခင်လေးမှာ နေ့စဉ် သေကြည့်ပြီး ၀ိပဿနာကို ပွားများလေ့ကျင့်ပေးထားမှသာ ကိုယ့်အတွက် တကယ်အားကိုးရာ ရှိနေပါလိမ့်မယ်။

ဒါကြောင့် ကိုယ့်အတွက်တကယ်အကျိုးရှိပြီး မလွဲမသွေကြုံတွေ့ရမဲ့ သေခြင်းတရားကို ရင်ဆိုင်နိုင်အောင် နေ့စဉ်သေကြည့်ပေးပြီး သေတဲ့အခါ ဘယ်လိုနည်းနဲ့သေနိုင်မလဲဆိုတာ ကြိုတွေးပြုလုပ်ထားပါ။ ငါနေ့စဉ် သေတော့မှာပါလားဆိုတဲ့ မရဏာနုဿတိဘာဝနာကိုလည်း နေ့စဉ်ပွားများပေးကြပါ။ ဒါမှသာ သူတော်ကောင်းသေနည်းနဲ့သေနိုင်ပြီး မသေခင်မှာလည်း မကောင်းမှုတွေကနေ ရှောင်ကြဉ်နိုင်ပြီး အပါယ်ကနေလွတ်ကာ ကောင်းရာဘ၀မှတဆင့် မြတ်နိဗ္ဗာန်ကို လျင်မြန်စွာရောက်ရှိပါလိမ့်မယ်။

0 comments:

Post a Comment

Powered by Blogger.