Wednesday, August 21, 2013

မိမိတောရကျောင်းလေးမှာ ပွားခွင့်ရသော အသုဘဘာဝနာ

အသုဘဘာဝနာဆိုတာ သူတစ်ပါးရဲ့ ပုပ်ပွနေတဲ့ခန္ဓာကိုယ်မှ ရှု့ရတာမဟုတ်ပါဘူး။ မိမိခန္ဓာကိုယ်မှာလည်း မသေခင်ကတည်းက ပုပ်ပွနေတာကို သတိထားဆင်ခြင်ပေးရမှာပါ။ မိမိခန္ဓာကိုယ်ရဲ့ ပင်ကိုယ်သဘောတွေကို သေချာကြည့်လိုက်မယ်ဆိုရင် ရှု့ချင်မက်မောဖွယ်မရှိ၊ ရွံ့ရှာဖွယ်ကြီးဖြစ်နေပါလားဆိုတာ သိလာပါလိမ့်မယ်။ အဲဒီလို ဆင်ခြင်ဉာဏ်တွေဖြစ်တိုင်း မိမိသန္တာန်မှာ ကိလေသာတရားတွေ လျှော့နည်းသွားပြီး ကြာရင် ကိလေသာကင်းလာပါလိမ့်မယ်။

ဒါကြောင့် မည်သူ့ခန္ဓာကိုယ်မဆို အပုပ်ကောင်ကြီးတွေပဲမို့ တွေ့သမျှကို သဘောသဘာဝ အမှန်ကိုအမှန်တိုင်းမြင်အောင် ရှု့မှတ်ပေးရပါမယ်။ အပေါ်ယံ လိမ်ညာကာကွယ်ထားတဲ့ အမွှေးနံ့သာ၊ အ၀တ်စားတွေကြောင့် တခဏတာ ပင်ကိုယ်အပုပ်နံ့တွေ ပျောက်နေသလိုထင်ရသော်လည်း ခန္ဓာကိုယ်ကြီးတွေဟာ ပုပ်မြဲတိုင်း ပုပ်နေတာပါ။ ဒီလိုအမြဲတိုင်း ပုပ်ရနံ့တွေထွက်နေတဲ့ မိမိသူတစ်ပါးခန္ဓာကိုယ်ကြီးကို မက်မောဖွယ်မရှိပါလားလို့ ရှု့မှတ်ပေးပါများရင် မိမိတို့သန္တာန်မှာ မကောင်းတဲ့ကိလေသာအညစ်ဆိုးတွေ ကင်းဝေးပြီး စိတ်အေးချမ်းမှုတွေ နေ့စဉ်နဲ့အမြဲ ရရှိနေမှာပါ။

တကယ်တော့ မိမိတို့ခန္ဓာကိုယ်ကြီးဟာ မိဘနှစ်ပါးရဲ့ ညစ်ပတ်တဲ့အရာတွေနဲ့ တည်ဆောက်ထားတာမို့ ပုပ်ပွနေတဲ့အရာဆိုတာ အသိဉာဏ်ရှိရင် သိကြပါလိမ့်မယ်။ ဦးဇင်းလည်း အရင်ကတော့ တစ်ရက်ကို ရေ(၂)ခါလောက်ချိုးပြီး သင်္ကန်းကိုလည်း နှစ်ရက်တစ်ခါလောက် လျှော်ဖွတ်နေထိုင်တာကြောင့် မိမိခန္ဓာကိုယ်ရဲ့ အပုပ်နံ့တွေကို သတိမထားမိခဲ့ဘူး။

ယခု တောရကျောင်းနေတဲ့အခါကျမှ ရာသီဥတုကလည်း ရေမချိုးဘဲနေထိုင်နိုင်တာကြောင့် (၂)ရက်တိတိ ရေမချိုးဘဲ နေလိုက်တဲ့အခါ မိမိခန္ဓာကိုယ်ရဲ့ အပုပ်နံ့တွေကို ထင်ရှားစွာတွေ့မြင်ရတဲ့အပြင် ခန္ဓာကိုယ်ဖုံးလွှမ်းထားတဲ့ သင်္ကန်းကိုပါ အပုပ်နံ့တွေ စွဲငြိလာတာကို တွေ့ခဲ့ရပါတယ်။

အဲဒီအခါ အော်-အပုပ်နံ့နဲ့တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ကြီးဟာ အပုပ်နံ့တွေပဲ ရှိနေတာကို ငါသတိမထားမိပါလား။ ငါ့ခန္ဓာကိုယ်မှာ အပုပ်နံ့ထွက်တာတောင်မှ အပေါ်ပိုင်းနဲ့အောက်ပိုင်းဆို အောက်ပိုင်းက ပိုနံနေပါလား။ သင်္ကန်းမှာလည်း အပေါ်ပိုင်းသင်္ကန်းနဲ့အောက်ပိုင်းသင်္ကန်းဆို အောက်ပိုင်းသင်္ကန်းက ပိုနံနေပါလား။ အော်-ဒါကလည်း မထူးဆန်းပါဘူး။ ဒီခန္ဓာကိုယ်ကြီးကိုက အောက်ပိုင်းအနံ့တွေနဲ့ တည်ဆောက်ထားတဲ့အရာလေ၊ ဒါကို လူတွေက အသိဉာဏ်ကင်းမဲ့ပြီး မိုက်မဲတွေးဝေကာ အပုပ်ကောင်ကြီးကို မက်မောတွယ်တာနေကြတာပါလား။ မိမိသူတစ်ပါး ဘယ်သူ့ခန္ဓာကိုယ်မဆို အပုပ်နံ့တွေချည်းရှိနေတာကို အကောင်းထင်မှတ်နေကြပါလား။

ဒီလိုအပုပ်ကောင်ကို အကောင်းထင်အောင် အ၀ိဇ္ဇာတရားက ဖုံးကွယ်ထားလေတော့ တဏှာကတွန်းပို့တာကို ခံကြရတဲ့အခါ ဘာမှမဟုတ်တဲ့အရာတွေကို ရူးရူးမိုက်မိုက် ဆင်းရဲဒုက္ခများစွာခံပြီး လိုက်စားနေကြလေရဲ့။ တဏှာရဲ့တွန်းပို့မှုကို ခံကြရလို့ တဏှာပြင်းထန်တဲ့အချိန်သာ ကာမဂုဏ်တွေဟာ ကောင်းတယ်လို့ထင်ကြရသော်လည်း ဖြစ်ပြီးတော့ ပျက်သွားတဲ့အခါ ဘာမှမဟုတ်ပါလား။ ဘာမှ ပြန်လည်ယူလို့မရ၊ စဉ်းစားလို့ မရ၊ ပျော်ရွှင်လို့လည်း မရတော့ပါလား။ နောက်နောင်ဖြစ်ချင်၊ လိုချင်၊ ခံစားချင်တဲ့အရာတွေလည်း ဖြစ်ပြီးရင် ပျက်သွားမဲ့အရာတွေပါလား။ ဖြစ်ပြီးခဲ့တဲ့အရာတွေလည်း ဖြစ်နေတုန်းတော့ ဟုတ်သလိုလိုရှိပေမဲ့ ပျက်သွားတဲ့အခါကျတော့ ဘာမှမဟုတ်တော့ပါလား။

အော်-အပုပ်ကောင်ကြီးကို အဟုတ်ထင်ပြီး မက်မောတွယ်တာခြင်းတွေကင်းအောင် သတိတရားနဲ့နေ့စဉ် ဆင်ခြင်ကာ ကိလေသာများငြိမ်အောင်နေမယ်လို့ ဆုံးဖြတ်ချက်များချပြီးသကာလ အရာအားလုံးဟာ ဖြစ်ပြီးရင်ပျက်ကြမဲ့ အနိစ္စတွေပါလားလို့ တရားဘာဝနာများ နေ့စဉ်ပွားများပေးမှသာ မိုက်မဲခြင်းများရပ်ဆုံးပြီး သူတော်ကောင်းတို့ စံပျော်ရာအေးချမ်းရာသို့ရောက်မှာမို့ မိမိသူတစ်ပါးခန္ဓာကိုယ်ကြီးကို အသုဘဘာဝနာ အမှန်ကိုအမှန်တိုင်းမြင်အောင် အားထုတ်ကြပါစို့။

ဘ၀အဆက်ဆက်က မသိခဲ့လို့ ဒီလိုအသိဉာဏ်မရှိလို့ မိုက်ခဲ့တာတွေ များခဲ့ပေမဲ့လည်း ယခုဘ၀မှာတော့ ထပ်မမိုက်ချင်ကြပါတော့နဲ့လေ။

3 comments:

summer said...

အရှင်ဘုရား စိတ်၏ အာဟာရ တရားဓမ္မများကို ဖတ်ရှု့နာကြားရသည့်အတွက် မိမိ ခန္ဒာကို လည်း ပိုပြီးဆင်ခြင်မိပါတယ် ဘုရား.. အရှင်ဘုရားလည်း ကျန်းမာချမ်းသာပါစေဘုရား

Gerald Su said...

https://www.facebook.com/photo.php?v=281591768650729&set=vb.177461569063750&type=2&theater

Gerald Su said...

https://www.facebook.com/photo.php?v=281591768650729&set=vb.177461569063750&type=2&theater

Post a Comment

Powered by Blogger.