Thursday, January 24, 2013

သီရိလင်္ကာဘုရားဖူးမှတ်တမ်း(၃)

လင်္ကာသားတို့၏ အသည်းနှလုံး
ယခု တင်ပြထားသည် လင်္ကာသားတို့၏အသည်းနှလုံးအမည်ရှိ ဆောင်းပါးသည် စာရေးသူတို့ သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ စုစည်းထုတ်ဝေသော ဒုတိယအကြိမ်မြောက် လင်္ကာတမန်မဂ္ဂဇင်းရဲ့ စာရေးသူ၏ ဆောင်းပါးလေးကို တင်ပြပေးလိုက်တာပါ။

 လူသားတိုင်းသည် မိမိခန္ဓာကိုယ်အတွင်းရှိ အသည်းနှလုံးကို တန်ဖိုးထားချစ်မြတ်နိုးကြသလို ခန္ဓာကိုယ်ပြင်ပရှိ အချို့အရာများကိုလည်း အသည်းနှလုံးနှင့်ထပ်တူ တန်ဖိုးထားမြတ်နိုးတတ်ကြပေသည်။ မိမိတို့တန်ဖိုးထားမြတ်နိုးသောအရာများအတွက် အသက်ကိုပင် စတေး၍ကာကွယ်စောင့်ရှောက်ဖို့အတွက်လည်း ၀န်မလေးတတ်ကြပေ။
ထိုအချက်ကို သမိုင်းတစ်လျှောက် လင်္ကာသားတို့၏ ဗုဒ္ဓမြတ်စွယ်တော်ကို မိမိတို့၏အသည်းနှလုံးပမာ အသက်ပေးကာကွယ်စောင့်ရှောက်ခဲ့ကြခြင်းက အခိုင်အမာသက်သေခံလျက်ရှိပါသည်။
လင်္ကာသားတို့သည် ဗုဒ္ဓမြတ်စွယ်တော်ကို သူတို့၏အသည်းနှလုံးကဲ့သို့ မြတ်နိုးတန်ဖိုးထားသည်ကို စွယ်တော်လှည့်လည်ပူဇော်ပွဲတွင် စားရေးသူကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသော ရင်သပ်ရှု့မောဖွယ်ရာ မြင်ကွင်းလေးများဖြင့် ဦးစွာတင်ပြလိုပါသည်။

ထိုပွဲတော်ကို ပေရာဟေရဟုခေါ်ဆိုကြပြီး မြတ်ဗုဒ္ဓစွယ်တော်တည်ရှိရာ ကန္ဒီမြို့တွင် နှစ်စဉ်နှစ်တိုင်း သြဂုတ်လ(သို့မဟုတ်) စက်တင်ဘာလတွင် (၁၀)ရက် တိုင်တိုင် ပူဇော်ကျင်းပလေ့ရှိပါသည်။ ဤစွယ်တော် စီတန်းလှည့်လည်ပူဇော်ပွဲသည် သီရိလင်္ကာနိုင်ငံ၏ အကြီးအကျယ်ဆုံးသော ဘာသာရေးပွဲတော်တို့တွင် တစ်ခုအပါအ၀င်ဖြစ်သကဲ့သို့ အာရှတိုက်၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးသော ဘာသာရေးဆိုင်ရာ အလှပြစီတန်းလှည့်လည်ပူဇော်ပွဲ တစ်ခုအဖြစ်လည်း ကျော်ကြားလှပါသည်။ ပွဲတော်အတွင်း ရောင်စုံမီးများဖြင့် လှလှပပ အနုပညာလက်ရာမြောက်စွာ တန်ဆာဆင်ထားသော စွယ်တော်တိုက်အဆောက်အအုံနှင့် ပရိဝုဏ်ခြံဝင်းသည်းလည်း နတ်ဘုံနတ်နန်းအလား ထင်မှတ်မှားလောက်ပါသည်။

 မြတ်ဗုဒ္ဓစွယ်တော်လှည့်လည် အပူဇော်ခံမည့်လမ်းများကို ရှေးဦးစွာ သန့်ရှင်းစင်ကြယ်အောင် ရေဖြင့်ဆေးကြောပါသည်။ စွယ်တော်စီးတန်းလှည့်လည်ပူဇော်ပွဲကို ကျယ်လောင်သော ဗြောက်ဖောက်သံဖြင့် ည(၈)နာရီခွဲတွင် စတင်ပါသည်။ ထို့နောက် မကြာမီ ယောက်ျားလေး(၁၀)ယောက်ခန့်က ကြာပွတ်ကြိုးရစ်များကို “ဗြောက် ဗြောက်“ အသံများမြည်းအောင် ညီညာစွာဝှေ့ရမ်းလျက် ရှေ့ဆုံးမှ ထွက်လာပါသည်။ ထို့နောက်

၁။ မီးဆိုင် မီးကွင်း အမျိုးမျိုးကို သိုင်းကစားနည်းမျိုးများဖြင့် ကစားကပြသောအဖွဲ့၊
၂။ ကုလားမခြေထောက်များဖြင့် မီးဝိုင်းများကို ကပြဖျော်ဖြေသောအဖွဲ့၊
၃။ ရိုးရာဗုံအကများဖြင့် ကပြဖျော်ဖြေသောအဖွဲ့၊
၎။ ဗုဒ္ဓသာသနာ့အလံတော်ကို ကိုင်ဆောင်လာသော ဒဠဒါ မာဠိဂါဝအဖွဲ့၊
၅။ တံခွန်၊ ကုက္ကားကိုင်ဆောင်လာသည့် ဝတ်ဖြူစင်ကြယ် ဥပါသကာအဖွဲ့၊ ဓါးများကိုင်ဆောင် ကပြသောအဖွဲ့။
၆။ အမတ်ဝတ်စုံဖြင့် ဆင်စီးလာသောလူတစ်ယောက်။
၇။ ပိဋကတ်သုံးပုံကို တင်ဆောင်လာသော ဆင်ရတနာများ။
၈။ စွယ်တော်အသုံးအဆောင်ပစ္စည်းများကို တင်ဆောင်လာသော ဆင်ရတနာများ ဖြင့် အဆက်မပြတ် လိုက်လာလှည့်လည်ပူဇော်ကြသည်ကို တွေ့ရပါသည်။

 စီးတန်းလှည့်လည်ပူဇော်ပွဲ၏ အလယ်လောက်တွင် မြတ်ဗုဒ္ဓစွယ်တော်ကို အကြီးမားအခန့်ညားဆုံး စွယ်စုံဆင်တော်ကြီးဖြင့် ပင့်ဆောင်လာပြီး ထိုဆင်တော်ကြီးကိုလည်း သူနဲ့ထပ်တူနီးပါး ကြီးမားကြံ့ခိုင်သော ဆင်နှစ်ကောင်က ခြံရံထားပါသည်။ ထိုမြင်ကွင်းသည် ဤပွဲတော်တွင် ရင်သပ်ရှု့မောဖွယ် အကောင်းဆုံးဖြစ်ပါသည်။ ဆင်များ၏ ရှေ့နှင့်နောက်တွင် ရိုးရာဗုံများနှင့်နှဲကို မြိုင်မြိုင်ဆိုင်ဆိုင် ဟန်ချက်ညီညီ တီးမှုတ်လျက် လေးယောက်တစ်တန်းပုံစံဖြင့် ကန္ဒီခေတ်အကကို ညီညီညာညာ ကပြလျက် လိုက်ပါလာကြပါသည်။

အဖွဲ့အားလုံး၏ ဟန်ချက်ညီသော အတီးအမှုတ်၊ အားပါသောအကများက ကြည့်ရှု့သူအားလုံး၏ စိတ်နှလုံးကို ပီတိအတိ ဖုံးစေပါသည်။ ပူဇော်ပွဲကို (၁၀)ညဆက်တိုက် ကျင်းပလေ့ရှိပြီး တစ်ညထက်တစ်ည ဆင်အကောင်ရေ ပိုများလာသည်။ ယခုနှစ် စွယ်တော်လှည့်လည်ပူဇော်ပွဲ နောက်ဆုံးညတွင် ဆင်(၆၅)ကောင်အထိ ပါဝင်လာသည်ကို တွေ့ရပါသည်။ ပွဲတော် လှည့်လည်ပူဇော်ချိန်သည် ည(၈)နာရီခွဲကနေ ည(၁၂)နာရီထိ ဖြစ်ပါသည်။

 ဤပူဇော်ပွဲတော်တွင် ပါဝင်တင်ဆက်သူအားလုံးသည် အခကြေးငွေမရ၊ စေတနာသက်သက်ဖြင့် ပါဝင်ပူဇော်ကြခြင်းဖြစ်ပါသည်။ လှည့်လည်ပူဇော်ချိန်သည် (၃)နာရီကျော် ကြာမြင့်သောကြောင့် ဘာသာရေးစိတ်ဓာတ်သာ မပြင်းပြပါက ပါဝင်ပူဇော်ဖို့ မလွယ်ကူပေ။ ဤပွဲတော်တွင် လင်္ကာသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံမျိုးစုံကို ရှု့မြင်ခံစားနိုင်ပြီး သူတို့၏ရိုးရာယဉ်ကျေးမှုများကို သူတို့ကိုယ်တိုင် မည်မျှတန်ဖိုးထား မြတ်နိုးကြသည်ကိုလည်း တွေ့ရှိနိုင်ပါသည်။ ဤကဲ့သို့ ထူးထူးကဲကဲပူဇော်ခြင်းဖြင့် သူတို့တွက်သာမက ကမ္ဘာတစ်ဝှမ်းလုံးရှိ ဗုဒ္ဓဘာသာဝင်များ၏ ဗုဒ္ဓမြတ်စွာအပေါ် အထူးအလေးဂရုပြုမှုကို ဖော်ကျုးရာလည်း ရောက်ပါသည်။
မြတ်ဗုဒ္ဓစွယ်တော်ကို နေ့စဉ်နံနက် (၆)နာရီမှ (၇)နာရီအထိ တစ်ကြိမ်၊ (၁၁)နာရီမှ (၁၂)နာရီအထိ တစ်ကြိမ်၊ ညနေ(၆)နာရီမှ (၇)နာရီခွဲအထိ တစ်ကြိမ် ကန္ဒီမြို့ရှိ စွယ်တော်တိုက်တွင် ဖူးမြော်ကြည်ညိုနိုင်ပါသည်။ လင်္ကာသားတို့သည် ဤမြတ်ဗုဒ္ဓ၏စွယ်တော်အစစ်ကို သူတို့၏အသည်းနှလုံးကဲ့သို့ မြတ်နိုးတန်ဖိုးထားသည့်အားလျော်စွာ မိမိတို့အိမ်၌ အလှူဒါနပြုလုပ်သည့်အခါတိုင်း စွယ်တော်ပွားကြုပ်ကို ပင့်ဆောင်ပူဇော်လေ့ရှိကြပါသည်။ ဤကဲ့သို့ မြတ်ဗုဒ္ဓ၏ စွယ်တော်ဓာတ်ကို လင်္ကာသားတို့ မြတ်နိုးတန်ဖိုးထားနေကြခြင်းသည် ထိုစွယ်တော်မြတ်ကို သမိုင်းတစ်လျှောက် ခက်ခက်ခဲခဲ ကာကွယ်စောင့်ရှောက်ခဲ့ရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်တော်မူသောအခါ လက်ဝဲအောက်စွယ်တော်မြတ်ကို အရှင်သာရိပုတ္တရာမထေရ်မြတ်၏ တပည့်ဖြစ်သော ခေမာအမည်ရှိ ရဟန္တာမထေရ်မြတ်က တေဇောဓာတ်လောင်းကျွမ်းနေသော စန္ဒကူးနံ့သာထင်းပုံထဲမှ ပင့်ဆောင်၍ ကလိင်္ဂတိုင်း၊ ဒန္တပူရမြို့၌ ထီးနန်းစိုးစံနေသော ဗြဟ္မဒတ်မင်းအား ကိုးကွယ်စေခဲ့လေသည်။
ကလိင်္ဂတိုင်း မင်းအဆက်ဆက်တို့သည် မြတ်ဗုဒ္ဓစွယ်တော်ကို မိမိတို့အသက်နှင့်ထပ်တူ မြတ်နိုးတန်ဖိုးထားလျက် ဂုဟသိဝမင်းလက်ထက်အထိ နှစ်ပေါင်း(၈၀၀)ကျော် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ကြသည်။ ထိုအချိန်က ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော ဂုဟသိဝမင့်နှင့် သီဟိုဠ်ဘုရင် မဟာသေနနှတို့သည် မိတ်ဆွေများဖြစ်ခဲ့ကြသည်။ သို့ရာတွင် အိမ်နီးချင်း ဟိန္ဒူမင်းများနှင့်ကား မသင့်မမြတ် ဖြစ်နေခဲ့သည်။ ယင်းအချိန်သည် ဟိန္ဒူမင်းများက ကလိင်္ဂတိုင်းကို သိမ်းပိုက်ဖို့ ပြင်ဆင်နေကြချိန်ဖြစ်ပြီး မြတ်ဗုဒ္ဓစွယ်တော်ကိုလည်း ဖျက်ဆီးပစ်လိုကြသည်။ ထိုအချိန်က ကလိင်္ဂတိုင်းသည် အိမ်နီးချင်းတိုင်းပြည်များနှင့်ယဉ်လျှင် အဘက်ဘက်မှ အားနည်းနေ၍ မိမိထီးနန်း ကျဆုံးသွားလျှင် မြတ်ဗုဒ္ဓစွယ်တော် ဖျက်ဆီးခံရမည်ကို ဘုရင်ဂုဟသိဝက စိုးရိမ်ပူပန်နေသည်။

ဘုရင်ဂုဟသိဝမင်းသည် မိမိ၏အသက် ထီးနန်းစည်းစိမ်ဥစ္စာထက် အမျိုးဘာသာ သာသနာတော်ကို ပို၍ ချစ်ခင်မြတ်နိုးသောသူ ဖြစ်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓစွယ်တော်အား ထိန်းသိမ်းကာကွယ်ရန်အတွက် သူ၏သမီးတော် ဟေမမာလာကို “ချစ်သမီး….အကယ်၍ ခမည်းတော်တို့ စစ်ရှုံးမည့်အခြေအနေဖြစ်ခဲ့လျှင် စွယ်တော်ကို တိတ်တဆိတ်ပင့်ဆောင်၍ သမီး၏ခင်ပွန်းနှင့်အတူ သီဟိုဠ်ကျွန်းသို့အရောက်သွားပြီး သီဟိုဠ်ဘုရင်မဟာသေနထံသို့ ဆက်သပါ”ဟု လျှို့ဝှက်မှာကြားထားသည်။
စစ်ဖြစ်လာသောအခါ ကလိင်္ဂတိုင်း ရှုံးလေ၏။ ထိုအခါ ဖခင်မှာကြားထားသည့်အတိုင်း သမီးတော်ဟေမမာလာနှင့်သူ၏ခင်ပွန်းဖြစ်သူ ဒန္တမင်းသား တို့သည် အရပ်သားအသွင်ဖြင့် ကလိင်္ဂဆိပ်ကမ်းမှ တိတ်တဆိတ်ထွက်ခွာခဲ့ကြရာ သီဟိုဠ်ကျွန်း လင်္ကာပတ္တနားဆိပ်ကမ်းသို့ ဆိုက်ရောက်၏။ ထိုဆိပ်ကမ်းမှသည် အနုရာဓပူရမင်းနေပြည်တော်အထိ ဆင်းရဲပင်ပန်းစွာ ခြေလျင်ခရီး ပြင်းနှင်းခဲ့ကြရသည်။

 ၎င်းတို့ အနုရာဓပူရမင်းနေပြည်တော်သို့ ရောက်ရှိသော (အေဒီ-၃၀၃) သာသနာတော်(၈၅၅)တွင် မဟာသေနမင်းနတ်ရွာစံ၍ သားတော်ကိတ္တိသီရိမေဃ၀ဏ္ဏမင်း နန်းတက်နေလေသည်။ ဟေမမာလာမင်းသမီးတို့ဇနီးမောင်နှံသည် သီဟိုဠ်သို့ရောက်သည်နှင့်တစ်ပြိုက်နက် မြတ်ဗုဒ္ဓစွယ်တော်ကို ဘုရင်ကိတ္တိသီရိမေဃ၀ဏ္ဏမင်းအား ဆက်သလိုက်သည်။ ထိုမင်းသည်လည်း ဖခင်နည်းတူ ဗုဒ္ဓသာသနာတော်ကို အထူးယုံကြည် လေးစားကြည်ညိုသူဖြစ်ခြင်းကြောင့် စွယ်တော်ကို ပင့်ဆောင်လာသော ဇနီးမောင်နှံတို့အား ထူထူကဲကဲချီးမြှောက်၍ စွယ်တော်မြတ်ကိုလည်း “ဓမ္မစက္ကဂေဟ”အမည်ရှိ ကြီးကျယ်ခမ်းနားသော အဆောက်အအုံကြီးတွင် ကိုးကွယ်ထားခဲ့လေသည်။

 ကိတ္တိသီရိမေဃ၀ဏ္ဏမင်းမှစ၍ ဓမ္မပါလမင်းတိုင်အောင် မင်းအဆက်ဆက်တို့သည် မြတ်ဗုဒ္ဓစွယ်တော်ကို မိမိတို့၏ အသည်းနှလုံးကဲ့သို့ တန်ဖိုးထား၍ လေးမြတ်ယုံကြည်စွာ ကိုးကွယ်ပူဇော်ခဲ့ကြလေသည်။ ထိုမင်းအဆက်ဆက်တို့သည် အနုရာဓပူရ၊ ပေါလောနာရုဝ၊ ဂမ်ဂေါလစသော မိမိတို့ထီးနန်းဆိုက်ရာ မြို့တော်များသို့ ပင့်ဆောင်၍ ကိုးကွယ်ခဲ့ကြသည်။ အေဒီ(၁၅၉၁)သို့ ရောက်သောအခါ ပထမ၀ိမလဓမ္မသူရိယမင်းသည် ကန္ဒီနန်းသစ်ကို တည်ထောင်လေသည်။ ထိုအချိန်တွင်လည်း စွယ်တော်မြတ်ကို ပေါ်တူဂီတို့ဖျက်ဆီးမည့် အန္တရာယ်ကြောင့် ဟိရီပိတိယေဒိယ၀ဒနရလနှင့်ဒေ၀နဂလ ရတနာလင်္ကာရထေရ်တို့သည် ရတနပူရမြို့အနီး ရာဇမဟာဝိဟာရကျောင်းတော်သို့ လျှို့ဝှက်စွာ ပင့်ဆောင်ထားခဲ့ရသည်။

 နိုင်ငံတော်ကို အေးချမ်းစွာတည်ရှိစေရန် အလိုရှိသော ပထမ၀ိမလဓမ္မသူရိယမင်းသည်    စွယ်တော်တည်ရှိရာနေရာကို စုံစမ်းသိရှိခဲ့ပြီး ကန္ဒီနန်းသစ်သို့ ပင့်ဆောင်ခဲ့သည်။ နန်းတော်နှင့်တွဲလျက် နှစ်ထပ်အဆောက်အအုံ စွယ်တော်တိုက်တစ်ခုကို ဆောက်လုပ်၍ ကိုးကွယ်ထားခဲ့လေသည်။ အေဒီ(၁၆၀၃)ခုနှစ် ပေါ်တူဂီတို့ ကန္ဒီနေပြည်တော်ကို ကျုးကျော်တိုက်ခိုက်လာသည့်အခါမှာလည်း စွယ်တော်မြတ်ကို မေဒမဟာနုဝါအရပ်သို့ ပင့်ဆောင်လျှို့ဝှက်ထားခဲ့ရပြန်သည်။

ကန္ဒီခေတ် ဒုတိယမင်းဆက်ဖြစ်သော ကိတ္တိသီရိရာဇဆင်ဟာလက်ထက်ရောက်သောအခါမှ စွယ်တော်မြတ်ကို ကန္ဒီနေပြည်တော်သို့ ပြန်လည်ပင့်ဆောင်ခဲ့ရသည်။ ထိုမင်းလက်ထက်တွင် နှစ်စဉ်ကျင်းပခဲ့သော မြတ်ဗုဒ္ဓစွယ်တော်စီးတန်းလှည့်လည်ပူဇော်ပွဲ၊ အဘယဂီရိဝိဟာရ စီးတန်းလှည့်လည်ပူဇော်ပွဲအပါအ၀င် ပူဇော်ပွဲ(၅)ခုကို မြတ်ဗုဒ္ဓစွယ်တော် စီးတန်းလှည့်လည်ပူဇော်ပွဲတစ်ခုတည်း၌ပေါင်း၍ ကျင်းပခဲ့သည်။

 ထိုအချိန်မှစ၍ နှစ်စဉ်နှစ်တိုင်း ဗြိတိသျှတို့လက်ထက်၌ပါ ကျပလာခဲ့ကြရာ ယခုအချိန်ထိ စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓနဲ့ပတ်သတ်သော ပူဇော်ပွဲများတွင် လင်္ကာသားများ အသည်းနှလုံးကဲ့သို့ တန်ဖိုးထား၍ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းကိုးကွယ်ခဲ့ခြင်းများသည် မှတ်တမ်းတင်လောက်သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရခြင်းဖြစ်ပေသည်။

 လင်္ကာတို့၏ အသည်းနှလုံးဖြစ်သော မြတ်ဗုဒ္ဓစွယ်တော်အကြောင်းကို ပြည့်စုံစွာတင်ပြရန်ကား ခဲယဉ်းပေလိမ့်မည်။ မည်သို့ဆိုစေ လင်္ကာသားတို့သည် မိမိတို့ကိုယ်တိုင် တိုင်းတစ်ပါးလက်ထက် အကြိမ်ကြိမ် ကျရောက်ခဲ့ရသော်လည်း ဗုဒ္ဓမြတ်စွယ်တော်ကိုကား အရောက်မခံခဲ့ပေ။ မိမိတို့၏ အသက်နှင့်ထပ်တူ မြတ်နိုးတန်ဖိုးထားလျက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ကြသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓစွယ်တော်ကို “လင်္ကာသားတို့၏ အသည်းနှလုံး”ဟု တင်စားဆိုလိုက်ခြင်းသည် မပိုရုံမျှမက လိုပင်လိုနေဦးမည် ဖြစ်ပါသည်။
   
အရှင်ကောမလ ဆန်နီနေမင်း


0 comments:

Post a Comment

Powered by Blogger.