Sunday, January 20, 2013

ဝိညာဏပစ္စယာ နာမရူပံ-ဆိုသည်မှာ

မေး။ ။ အရှင်ဘုရားအား တပည့်တာ် အနန္တောအနန္တကို အစဉ်ဦးထိပ်ပန်ဆင်လျှက် တရားဘာဝနာဘက်ကို လေ့လာလိုက်စားရင်း အတွေးတွေနဲ့ စစ်ဖြစ်နေရတဲ့ ဒွိဟသံသယစိတ်များ ကွင်းလုံးကျွတ် ပယ်ပျောက်စေရန်အလို့ငှာ တပည့်တာ်၏မေးခွန်း အား မေတ္တာရှေ့ထားပြီးဖြေကြားပေးဖို့ တောင်းဆိုအပ်ပါသည်ဘုရား။ အရှင်ဘုရားအား ရိုသေမြတ်နိုးလက်ဆုံမိုးပြီး ရှိခိုးပါ၏ဘုရား။ တပည့်တော်မေးချင်သည်မှာ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းထဲမှပါရှိသော သင်္ခါရပစ္စယာ ၀ိဉာဏံ၊ ၀ိဉာဏပစ္စယာ နာမရူပံမှာ တပည့်တော်သိချင်တာက ၀ိဉာည်မှာရှိတဲ့နာမ်နဲ့ နာမရူပံမှာရှိတဲ့နာမ်ဟာ ဘယ်လိုကွာခြားချက်များရှိပါသလဲအရှင်ဘုရား။ တပည့်တော်အား မေတ္တာရှေ့ထားဂရုဏာတတ်လျှက် ဖြေကြားပေးတော်မူပါဘုရား။ အနန္တငါးပါးကိုဦးထိပ်ပန်ဆင်လျှက်ပါ။

ဖြေ။ ။ ပဋိစ္စသမုပ္ပါဒ်အရ ၀ိညာဏပစ္စယာ နာမရူပံ-ဆိုတာ ၀ိညာဉ်က ဘ၀ကူးသွားပြီး နာမ်ရုပ်ဖြစ်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ၀ိညာဉ်လို့ခေါ်တဲ့ စိတ်(၈၉) က နာမ်ရုပ်ဆိုတဲ့ စေတသိက် (၅၂)ပါး၊ ရုပ် (၂၈)ပါးတို့ကို အကြောင်းအားလျော်စွာ ဖြစ်စေခြင်းကို ဆိုလိုတာပါ။ (မီးတွင်ရှိန်ဝါ ထက်ကြပ်ပါသို့)ဆိုတဲ့စကားအတိုင်း မီးဖြစ်ပေါ်လာရင် ထိုမီးရဲ့ အရှိန်အ၀ါလည်း အတူတကွပါလာသလို ၀ိညာဉ် (၆)ပါးဖြစ်တဲ့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မနောဝိညာဉ်တို့ဖြစ်လာရင် ထိုဝိညာဉ်တို့ရဲ့အစွမ်းသတ္တိကြောင့် စေတသိက်ခေါ်တဲ့ နာမ်တရားများ၊ မဟာဘုတ်ကြီးလေးပါးနဲ့ ဥပါဒါရုပ် (၂၄)ပါး ရုပ်တရားများ ထင်ရှားဖြစ်ပေါ်လာကြပါတယ်။

ခန္ဓာငါးပါးတွင်ပါရှိတဲ့ ၀ိညာဉ်ဆိုတာ သူ့ချည်းသက်သက် တည်ရှိနေတာ မဟုတ်ပါဘူး။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရတို့နဲ့အတူ တည်ရှိနေကြပါတယ်။ ၀ိညာဉ်လို့ခေါ်တဲ့ အသိစိတ်ဟာ ဆိုင်ရာဝတ္ထုရုပ်တွေမှာ တည်နေပါတယ်။ စက္ခုဝိညာဉ်ခေါ် မြင်သိစိတ်ဟာ စက္ခုဝတ္ထုခေါ် မိမိမှီရာဝတ္ထုရုပ်မှာ မှီနေရတယ်။ ဒီလိုပဲ သောတ၀ိညာဉ်ခေါ်တဲ့ ကြားသိစိတ်ဟာလည်း သောတ၀တ္ထုမှာ မှီနေကြရပါတယ်။

ဒီလောက်ဆို သဘောပေါက်လိမ့်မယ် ထင်ပါတယ်လေ။

0 comments:

Post a Comment

Powered by Blogger.