Sunday, December 30, 2012

မသိချင်နဲ့ဆိုတာကိုမှ သိချင်သူ

မေး။ ။ အရှင်ဘုရား မအားတဲ့ကြားထဲက တပည့်တော် သိချင်တာလေး ဖြေပေးပါဦးဘုရား။ သတ္တ၀ါအနန္တကို သံသရာမှလွတ်အောင် ဘုရားရှင်တိုင်းကလဲ လုပ်ပေးပါတယ်။ ဘာကြောင့် ဒီအချိန်အထိ မကုန်နိုင်ဘဲ ရှိနေရတာလဲဘုရား။ ဘယ်အချိန်ကျမှ ကုန်နိုင်မှာလဲဘုရား။ တပည့်တော် ကျမ်းတွေမှာ ရှာတာလဲ မတွေ့ပါဘူးဘုရား။ တပည့်တော်နာဖူးတဲ့တရားထဲမှာ ဘုရားရှင်က လူတစ်ဦးရဲ့သံသရာ ဘယ်ကစတာလဲဆိုတာ ကြည့်တာတောင် ကြည့်လို့ မရဘူးတဲ့။ အဲဒီလောက်ထိ သံသရာရှည်တယ်လို့ နာရပါတယ်ဘုရား။ ဘုရားရှင်ကရော သူ့ရဲ့ သံသရာ ဘယ်ကစလဲဆိုတာ သိပါသလားဘုရား။ တပည့်တော်ပြောတဲ့ ဘုရားရှင်ရဲ့ သံသရာဆိုတာ အသင်္ချေ ဖြည့်လာခဲ့ရတဲ့ ဂေါတမမြတ်စွာဘုရားရဲ့ မိန်းမဖြစ်ရက်နဲ့ ဘုရားဆုပန်ခဲ့တဲ့ ဘ၀ကို ပြောတာ မဟုတ်ပါဘူးဘုရား။ တပည့်တော်သိချင်တာ ဘုရားက ဘုရားရဲ့ သံသရာအစကို ဘယ်လို ဟောကြားထားသလဲဆိုတာ သိချင်တာလေးပါ။ အရှင်ဘုရား အချိန်ရရင် ဖြေပေးပါဦးဘုရား။

ဖြေ။ ။ အင်္ဂလိပ်စာ သင်တဲ့အခါ much, many အသုံးအနှုန်းကို ဆရာများက ရှင်းပြတဲ့အခါ many ဆိုတာ ရေတွက်လို့ရတဲ့၊ ရေတွက်နိုင်တဲ့အရာတွေရှေ့မှာ ထည့်သုံးရတယ်။ much ကိုတော့ ရေတွက်လို့မရတဲ့၊ ရေမတွက်နိုင်တဲ့အရာတွေရှေ့မှာ ထည့်သုံးရတယ်လို့ ပြောပါတယ်။ ဥပမာ-ငွေနဲ့တွဲသုံးတဲ့အခါ ငွေကို တစ်ကျပ်၊ နှစ်ကျပ်လို့ ရေတွက်လို့ရပေမဲ့ တစ်ငွေ၊ နှစ်ငွေလို့ ရေတွက်လို့ မရဘူး။ ဒါကြောင့် ငွေနဲ့တွဲသုံးရင် much ကို သုံးရတာလို့ ဆိုပါတယ်။ ဒါနဲ့ ဆရာကို much က ဘယ်လိုရေတွက်လို့ မရတဲ့ဟာလဲဆိုပြီး ထပ်မေးတဲ့အခါ ဆရာက ဘယ်လိုမှကို အစအဆုံး ရေတွက်လို့မရတဲ့ဟာတွေပေါ့ကွာ။ ဥပမာ-ပယ်လယ်ထဲမှာ ရေဘယ်နှစ်စက်ရှိတယ်၊ သတ္တ၀ါ ဘယ်လောက်ရှိတယ်ဆိုတာမျိုးတွေပေါ့လို့ ဆရာရှင်းပြတာကို ကြားရတဲ့အခါကျမှ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ အနန္တဆိုတာ much နဲ့တွဲသုံးရမဲ့ အရာတွေပါလားဆိုပြီး နားလည်ခဲ့ပါတယ်။

ခုလည်း အင်္ဂလိပ်စာမှာ muchနဲ့ တွဲသုံးရမဲ့ အနန္တကို ဘာလို့မသိရတာလဲ။ ဘာကြောင့် မဟောခဲ့တာလဲလို့ မေးလာကြတဲ့အခါကျတော့ ဦးဇင်းကလည်း ဘာဖြစ်လို့ much ဆိုတာ ပေါ်လာရသလဲ။ ဘာ့ကြောင့် many တစ်ခုတည်းနဲ့ သုံးလို့မရတာလဲဆိုပြီး အင်္ဂလိပ်စာဝေါဟာရများကို စောဒကတက်ရမလို့ ဖြစ်နေပြီလေ။ အဲဒီတော့ အစအဆုံး ရေတွက်လို့မရနိုင်တာ၊ မရေတွက်နိုင်အောင် များပြားနေတာတွေကို သိချင်ပါတယ်၊ ရေတွက်ချင်ပါတယ်၊ ဘာလို့ မသိရတာလဲလို့ သူများကို သွားပြောမဲ့အစား မိမိကိုယ်တိုင် သဲပုံတစ်ပုံမှာထိုင်ပြီး ဒီသဲပုံထဲက သဲစေ့တွေ ဘယ်လောက်ရှိလဲဆိုတာသိရအောင် အရင်ရေတွက်ကြည့်ပြီးမှ သွားမေးသင့်တယ်လို့ ထင်မြင်မိပါတယ်။

လောကထဲမှာ မသိနိုင်၊ မရေတွက်နိုင်တဲ့အရာတွေ အများကြီးရှိတာကို လူတိုင်းလည်း သိမယ်ထင်ပါတယ်။ ဥပမာ-ပင်လယ်သမုဒ္ဒရာထဲကရေကို ရေဘယ်နှစ်စက်ရှိလဲဆိုတာ ရေတွက်လို့ မရပါဘူး။ ဒါပြင် လူတစ်ယောက်မှာ အမွေဘယ်နှစ်ပင်ရှိလဲဆိုတာလည်း ရေတွက်လို့ မရပြန်ဘူး။ ပယ်လယ်ထဲမှာ သတ္တ၀ါပေါင်း ဘယ်လောက်ရှိလဲဆိုတာလည်း ရေတွက်လို့ မရပြန်ဘူး။ ရေတွက်လို့မရနိုင်တဲ့ သတ္တ၀ါတွေ လောကထဲမှာရှိနေတာမို့ ဘုရားရှင်တွေ ဘယ်လောက်ပွင့်ပွင့် ကုန်ဖို့ရာ ခဲယှဉ်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားရှင်မပွင့်တဲ့ ကာလ၊ ကမ္ဘာတွေ အများကြီးရှိနေလို့ပါပဲ။ အဲဒီလို ဘုရားရှင်မပွင့်တဲ့ ကမ္ဘာတွေ၊ ကာလတွေမှာ သတ္တ၀ါတွေ နိဗ္ဗာန်သီးသန့်ရောက်အောင် အားထုတ်ဖို့ မလုပ်နိုင်ကြပါဘူး။ ကျန်တာမပြောနဲ့ ဘုရားရှင်ပွင့်နေဆဲကာလမှာတောင် နိဗ္ဗာန်ရောက်အောင် ပြုလုပ်တဲ့သတ္တ၀ါဟာ တစ်ရာမှာ တစ်ယောက် မရှိပါဘူး။ ခုမျက်မှောက်မှာလည်း သာသနာရှိနေသေးပေမဲ့ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမှုလုပ်တဲ့သတ္တ၀ါနဲ့ မလုပ်တဲ့သတ္တ၀ါ ဘယ်ဟာက ပိုများမလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ကျန်တဲ့သတ္တ၀ါတွေ မကြည့်နဲ့၊ အသိဉာဏ်ရှိတဲ့ လူတွေသာ နှိုင်းယှဉ်ကြည့်ရင် ကောင်းတာလုပ်သူ၊ မလုပ်သူ မည်သူက များသလဲဆိုတာ သိနိုင်ပါတယ်။ ကျန်တဲ့လူတွေ မကြည့်ပါနဲ့ဦး။ သာသနာထွန်းကားနေတဲ့ မြန်မာပြည်ကို ကြည့်ရင်ပဲ သိနိုင်လိမ့်မယ် ထင်ပါတယ်။

သတ္တ၀ါတွေဟာ ရေတွက်လို့မရနိုင်အောင် များပြားသလို ကျင်လည်ခဲ့ရတဲ့ဘ၀တွေဟာလည်း ရေတွက်လို့ မရနိုင်တာကြောင့် မြတ်ဗုဒ္ဓက သတ္တ၀ါတွေရဲ့ သံသရာအစကို မသိချင်နဲ့၊ သိအောင်လည်း အားထုတ်မနေနဲ့၊ အလကား အချိန်ကုန်ပြီး အကျိုးရှိမဲ့နေရာသာ အချိန်ကို အသုံးချပါလို့ မိန့်တော်မူခဲ့တာပါ။ လူတစ်ယောက်ဟာ ပင်လယ်ထဲကရေတွေ ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်ကြည့်မယ်၊ သိအောင်လုပ်မယ်ဆိုပြီး အချိန်ကုန်ခံလုပ်နေမယ်ဆိုရင် ဒကာရဲ့သက်တမ်းဟာ အလကားနေရင်း ကုန်သွားပါက နှမြောစရာ ကောင်းလှပါတယ်။ ကိုယ့်အသက်ရှိနေချိန်မှာ ဒါန၊ သီလ၊ ဘာဝနာ၊ ပရဟိတများလုပ်ပြီး အချိန်ကုန်မယ်ဆို ဘယ်လောက်တန်ဖိုးရှိမလဲဆိုတာ စဉ်းစားကြည့်ရင် သိပါလိမ့်မယ်။ လူ့ဘ၀ရဖို့၊ သူတော်ကောင်းစိတ်ရှိဖို့၊ အသက်ရှည်ဖို့၊ သာသနာနဲ့တွေ့ဆုံးဖို့၊ ကုသိုလ်လုပ်ဖြစ်ဖို့ဆိုတာတွေက အလွန်အင်မတန်ရှားပါးလှတဲ့အရာတွေပါ။ အဲဒီလို ရှားပါးလှတဲ့ ဖြစ်ခဲလှတဲ့အချိန်လေးတွေမှာ အကျိုးနည်းမဲ့အရာကို မလုပ်ဘဲ အကျိုးများမဲ့အရာကို ပြုလုပ်ဖို့ အရေးကြီးတာကြောင့် မြတ်ဗုဒ္ဓဟာ သူရဲ့သံသရာအစကို သိနိုင်သော်လည်း မည်သူ့ကိုမျှ မပြောပြခဲ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြောပြရင်လည်း မည်သူမျှ ယုံကြည်မှာမဟုတ်လို့ပါ။ ဒကာအနေနဲ့လည်း ပယ်လယ်ထဲမှာ သတ္တ၀ါ ဘယ်နှစ်မျိုးရှိတယ်ဆိုတာ သိရင်တောင်မှ ကျန်တဲ့လူတွေကို သွားပြောပါက ယုံကြည်မယ်မထင်ပါ။

အဲဒီတော့ မိမိရရှိနေတဲ့ လူ့ဘ၀လေး၊ အသက်ရှင်နေစဉ်ကာလလေးမှာ အရေးကြီးတာနဲ့ အရေးမကြီးတာ ဘယ်ဟာကို ဦးစားပေးလုပ်သင့်သလဲဆိုတာ ကိုယ်တိုင်လည်းပဲ သိကြမှာပါ။ မိမိအလုပ်ထဲမှာကိုပင် အဓိကနဲ့သာမည အလုပ်တွေကိုခွဲခြားပြီး လုပ်ကိုင်နေကြတာဆိုတော့ ခုလည်း ငါတို့ အသက်ရှင်နေစဉ်လေးမှာ နောက်နောင်ဘ၀တွေအတွက် ကောင်းကျိုးချမ်းသာဖြစ်စေမဲ့အရာများကို ဦးစားပေးလုပ်ပြီး မကောင်းတာ၊ မဟုတ်တာတွေနဲ့ အချိန်ကုန်ခံပြီး မသေရဘူးလို့ စိတ်ဆုံးဖြတ်ကာ လုပ်ကိုင်ဖို့ မသင့်ပါပေဘူးလားလို့ အကြံပေးရင်း ဒီလောက်ဆို နားလည်လိမ့်မယ်ထင်လို့ ဒီမှာပဲ နိဂုံးချုပ်ရင်း စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး ကုသိုလ်အလုပ်နဲ့ အကုသိုလ်မကောင်းမှုအလုပ် ဘယ်အလုပ်ကို မသေခင်မှာ လုပ်ဖို့သင့်သလဲဆိုတာ အမြဲစဉ်းစားလုပ်ကိုင်နိုင်ပါစေလို့ ဆန္ဒပြုလျက်....။

အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

Powered by Blogger.