Friday, December 28, 2012

သီရိလင်္ကာ ဘုရားဖူးမှတ်တမ်း(၂)

မဟာဗောဓိပင် (Sri Mahabhodhi)

မဟာဗောဓိပင်ကို သာသနာတော်နှစ် (၂၃၆) ခုနှစ်မှာ စိုက်ပျိုးခဲ့ပြီး စာပေမှတ်တမ်းနဲ့ အတိအကျ မှတ်တမ်းတင်ထားတဲ့အတွက် ကမ္ဘာ့သက်တမ်းအရှည်ဆုံး အပင်ဖြစ်တဲ့အပြင် မြတ်ဗုဒ္ဓ ဘုရားဖြစ်တော်မူခဲ့ရာ မဟာဗောဓိပင်ရဲ့ ကိုယ်ပွားဖြစ်လို့လည်း တန်းဖိုးကြီးလှပါပေတယ်။

တတိယသင်္ဂါယနာတင်ပြီးတဲ့အခါ ကိုးတိုင်းကိုးဌာနသို့ သာသနာပြန့်ပွားစေပြီး သာသနာထွန်းကားစေခြင်း၊ အဓွန့်ရှည်ခြင်းအကျိုးငှာ သာသနာပြုရဟန်းတော်များ စေလွှတ်ခဲ့ပါတယ်။ အဲဒီအခါ အရှင်မဟိန္ဒရဟန္တာမထေရ်မြတ်ဟာ သီရိလင်္ကာနိုင်ငံ၊ သီဟိုဠ်ကျွန်းကို တာဝန်ကျတာနဲ့ ရောက်လာခဲ့ပါတယ်။ သီရိလင်္ကာသို့ရောက်ပြီး တိုင်းပြည်အုပ်ချုပ်သူ ဒေ၀ါနံပိယတိဿမင်းမှအစထားပြီး တရားတော်များ ဟောကြားပေးရာ မထေရ်မြတ်ရဲ့တရားတော်ကို နာယူပြီးနောက် မင်းမျိုးမင်းနွယ်မှအစ အလွှာပေါင်းစုံကနေ သာသနာဘောင်သို့ ၀င်ရောက်လာခဲ့ကြပါတယ်။

ဒေ၀ါနံပိယ တိဿမင်းကြီးရဲ့ ခယ်မတော်ဖြစ်တဲ့ အနုဠာဒေ၀ီလည်း တရားတော်များနာယူကျင့်ကြံပြီး သောတာပန်တည်လာတဲ့အခါ သူ့ရဲ့အခြွေအရံများနဲ့အတူ သာသနာဘောင်ဝင်ကာ ဘိက္ခုနီမ၀တ်လိုကြောင်း အရှင်မဟိန္ဒမထေရ်ကို ခွင့်တောင်းပါတော့တယ်။ မထေရ်မြတ်အနေနဲ့ ၀ိနည်းတော်အရ ဘိက္ခုနီမ၀တ်ဖို့ရာမှာ ဘိက္ခုနီသံဃာရှိမှဖြစ်မှာမို့ နှမတော်ဖြစ်တဲ့ သင်္ဃမိတ္တာထေရီမကို ဘုရားပွင့်တော်မူရာ ဗောဓိပင်ရဲ့ တောင်ဘက်ကိုင်းကို ပင့်ဆောင်ပြီး သီရိလင်္ကာသို့ ကြွရောက်ခဲ့ဖို့ရန် သတင်းစကား ပါးလိုက်ပါတယ်။ ဒီသတင်းကို သီရိဓမ္မာသောက(အသောက)မင်းကြီးလည်းသိရော ဗုဒ္ဓဂါယာသို့ ကိုယ်တိုင်သွားကာ မြတ်ဗုဒ္ဓဘုရားဖြစ်ရာ ဗောဓိပင်ရဲ့ တောင်ဘက်ကိုင်းကို ပင်ဆောင်ခဲ့တဲ့အပြင် သမီးတော် သင်္ဃမိတ္တာထေရီမနဲ့အတူ ဗောဓိပင်ကို စောင့်ရှောက်ဖို့ရန် လူပေါင်းများစွာကိုလည်း ထည့်ပေးလိုက်ပါပေတယ်။

အသောကမင်းကြီးကိုယ်တိုင် အမြတ်တနိုး ပို့ပေးလိုက်တဲ့ မဟာဗောဓိပင်ကို မင်းနဲ့တကွ သီရိလင်္ကာပြည်သူတွေဟာ ခမ်းနားကြီးကျယ်စွာ ကြိုဆိုခဲ့ကြပြီး အရှင်မဟိန္ဒမထေရ်ရဲ့ အကြံပေးချက်အရ မဟာမေဃ၀နဥယျာဉ်တွင် စိုက်ပျိုးထားခဲ့ကြပါတယ်။ ဗောဓိပင်ကနေ သီးထွက်လာတဲ့ မျိုးစေ့အသီးများကို သီရိလင်္ကာပြည်သူများက မြတ်ဗုဒ္ဓရဲ့ကိုယ်ပွားပဲဆိုပြီး တစ်နိုင်လုံးမှာ စိုက်ပျိုးခဲ့ကြပါတယ်။ သီရိလင်္ကာမင်း အဆက်အဆက်နဲ့ ပြည်သူတို့ဟာ သူတို့အသက်နဲ့စည်းစိမ်ကို ပျက်စီးရင်ပျက်စီးပါစေ၊ မြတ်ဗုဒ္ဓရဲ့ကိုယ်ပွားဖြစ်တဲ့ ဗောဓိပင်ကိုတော့ ပျက်စီးမခံဘူးဆိုပြီး အသက်တမျှ ထိမ်းသိမ်းစောင့်ရှောက်ခဲ့မှုကြောင့် ယနေ့ထိတိုင် အန္တရာယ်တစ်စုံတရာမထိခိုက်ဘဲ တည်ရှိနေခဲ့တာပါ။ ယနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ ဗောဓိပင်တံတိုင်းကို ဆင်ရိုင်းအန္တရာယ်ကနေ ကာကွယ်နိုင်ရန်ဆိုပြီး သီရိရာဇသင်္ဃမင်းက (1747-1781 A.D.)မှာ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံတွင် စစ်ပွဲများစွာဖြစ်ခဲ့ပြီး နိုင်ငံသိမ်းပိုက်မှုများစွာဖြစ်ခဲ့သော်လည်း မဟာဗောဓိပင်ကိုတော့ မည်သူကမှ မဖျက်ဆီးခဲ့ကြပေ။ ဘာဖြစ်လို့လဲဆိုတော့ မဟာဗောဓိပင်ဟာ သီရိလင်္ကာပြည်သူများရဲ့ အမြတ်တနိုးထားရာ၊ အသက်တစ်ချောင်းလိုဖြစ်နေတာမို့ မည်သည့်အုပ်ချုပ်သူ၊ စစ်တိုက်သူများကမှ ပျက်စီးအောင် မလုပ်ခဲ့ကြတာပါ။ မဟာဗောဓိပင်ကို ဖျက်ဆီးသူဟာ သီရိလင်္ကာပြည်သူများကို ဖျက်ဆီးသူလို့ ခံယူထားတာကြောင့် ယနေ့ချိန်ထိတိုင်အောင် သီရိလင်္ကာတစ်နိုင်ငံတွင်ရှိတဲ့ မဟာဗောဓိပင်တွေကို မည်သူမှ ဖျက်ဆီးလို့ မရပါပေ။ ဖျက်ဆီးသူဟာ သေဒဏ်အထိ ပေးနိုင်တယ်လို့ ဆိုပါတယ်။

ယနေ့ခေတ်လွန်ခဲ့တဲ့ သုံးလေးနှစ်အတောအတွင်းက ဖြစ်ပွားခဲ့တဲ့ တမီးလ်စစ်ပွဲမှာလည်း တမီးလ်စစ်သားများဟာ အခြားသာသနိက အဆောက်အဦးတွေကို ထိခိုက်စေခဲ့သော်လည်း မဟာဗောဓိပင်ကိုမူ တို့ထိခဲ့ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ ယခုအခါ မဟာဗောဓိပင်ကို သီရိမဟာဗောဓိ (Sri Mahabhodhi)လို့ လူသိများပြီး မြတ်ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ရာ ဗောဓိပင်ရဲ့ တောင်ဘက်ကိုင်းကို စိုက်ပျိုးခဲ့တာကြောင့် ဒက္ခိဏသာခါဗောဓိလို့လည်းကောင်း၊ သင်္ဃမိတ္တာထေရီမ သယ်ဆောင်ခဲ့တဲ့အတွက် သင်္ဃမိတ္တဗောဓိပင်လို့ လည်းကောင်း ခေါ်ဝေါ်သုံးစွဲနေကြတာ တွေ့ရပါတယ်။။

သီရိလင်္ကာနိုင်ငံသားတို့ဟာ နိုင်ငံရဲ့ပထမဦးဆုံးမြို့တည်ရာ အနုရာဓပူရမြို့မှာ စိုက်ပျိုးထားတဲ့ မဟာဗောဓိပင်ကို ဗုဒ္ဓမြတ်စွယ်တော်ပြီးရင် နိုင်ငံရဲ့ တန်းဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးအဖြစ် သက်မှတ်ထားကြပေတယ်။ ဒါကြောင့် သီရိလင်္ကာနိုင်ငံရဲ့ လမ်းလေးခွရှိတဲ့နေရာ၊ ဘုန်းကြီးကျောင်းတိုက်များမှာ ဗောဓိပင်ကို အကာအရံတို့နဲ့ စနစ်တကျ စိုက်ပျိုးထားပြီး ညနေခင်းတိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်သူ၊ ဆီမီးပူဇော်သူ၊ ဗောဓိပူဇာဂါထာ ရွတ်ဖတ်ပူဇော်သူတွေ ပြည့်နေတာဟာ သီရိလင်္ကာနိုင်ငံ ပြည်သူတွေရဲ့ ချစ်စရာကောင်းတဲ့ အကျင့်တစ်ခု၊ ဓလေ့တစ်ခုမို့ အတုယူကျင့်သုံးဖွယ် ကောင်းလှပါတယ်။

သီရိလင်္ကာပြည်သူများက ဗောဓိပင်ကို မြတ်ဗုဒ္ဓရဲ့ကိုယ်ပွားဆိုပြီး အမြတ်တနိုးထားကာ ပူဇော်မှုတွေ နေ့စဉ်ပြုလုပ်ကြပေ မဲ့ မြန်မာပြည်သူတွေကတော့ ဗောဓိပင်ကို ဂရုစိုက်မှု၊ အလေးထားမှု၊ မြတ်နိုးမှု၊ ကြည်ညိုမှု နည်းပါးသွားခြင်း၊ တစ်နှစ်တစ်ခါပြုလုပ်နေကြ ညောင်ရေသွန်းလောင်းပွဲလေးကိုပင် ခရစ်စမတ်စတဲ့ ပွဲတော်များလောက် အလေးထားမှု မရှိကြတာတွေ့ရတဲ့အတွက် များစွာစိတ်မကောင်း ဖြစ်မိပါပေတယ်။

ဗောဓိပင်နဲ့ရိုက်ခဲ့တဲ့ အမှတ်တရဓာတ်ပုံများကို အောက်ကလင့်နှိပ်ပြီး ကြည့်ရှု့နိုင်ပါတယ်။

https://picasaweb.google.com/108484475708180922334/SriMahabhodhi

ဆက်လက်ရေးသားပါဦးမယ်။ စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပါစေလို့ ဆန္ဒပြုလျက်……။

0 comments:

Post a Comment

Powered by Blogger.