Monday, December 10, 2012

မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်နဲ့အတူ ဘုရားဖူးသွားမည့် နေရာများ

ယနေ့ ညနေမှစတင်ပြီး မေတ္တာရှင်ဆရာတော်အား သီရိလင်္ကာနိုင်ငံတွင် ထင်ရှားကျော်ကြားသော နေရာများကို လိုက်လံပို့ဆောင်ပေးပါမယ်။

(၁) မြတ်ဗုဒ္ဓ သဗ္ဗညုတဉာဏ်ရရှိတော်မူခဲ့တဲ့ အိန္ဒိယနိုင်ငံမှမူရင်း ကူးယူလာသော နှစ်ပေါင်း (2600) ကျော်ခဲ့ပြီး ကမ္ဘာမှတ်တမ်းမှာ နှစ်ပေါင်းကြာရှည်သော သစ်ပင်များတွင် ပါဝင်ခဲ့တဲ့ မဟာဗောဓိပင်။

(၂) မြတ်ဗုဒ္ဓရဲ့ အံ့သွားတော်(စွယ်တော်)တိုက်။

(၃) မြတ်ဗုဒ္ဓရဲ့ ဌာပနာအများဆုံးတည်ရှိပြီး သာသနာကွယ်ရင် မြတ်ဗုဒ္ဓနဲ့သက်ဆိုင်တဲ့ ဌာပနာအားလုံး စုစည်းပြီးသကာလ ဗုဒ္ဓရုပ်ပွားတော်အဖြစ် ပြတော်မူမဲ့ မဟာစေတီ။

(၄) စတုတ္ထသင်္ဂါယနာတင်ခဲ့ပြီး ပိဋကတ်များ ပေထက်အက္ခရာတင်ခဲ့တဲ့ အာလုဝိဟာရ။

(၅) အိန္ဒိယနိုင်ငံတွင် တတိယသင်္ဂါယနာတင်ပြီး ကိုးတိုင်းကိုးဌာနသို့ သာသနာပြုစေလွှတ်ရာတွင် သီရိလင်္ကာသို့ အရှင်မဟိန္ဒရဟန္တာမထေရ်မြတ် စတင်ရောက်ရှိခဲ့တဲ့နေရာ။ အရှင်မဟိန္ဒအရိုးကို စေတီတည်ထားသည့်နေရာ၊ မြတ်ဗုဒ္ဓနဖူးသင်းကျစ်တော်ကို ဌာပနာထားသည့် စေတီများရှိရာ မဟိန္တလေတောင်။

(၆) သီရိလင်္ကာနိုင်ငံတွင် ရဟန္တာများစွာ ဖြစ်ထွန်းခဲ့သော စိတ္တပဗ္ဗတတောင်။ ထိုတောင်တွင် ဆရာတော်အပါဝင် ဒကာများပါ တရားအားထုတ်ဖို့ရန် စီစဉ်ထားသည်။ စိတ္တပဗ္ဗတတောင်မှာ ဘယ်လောက်ထိ ရဟန္တာမထေရ်များ ပေါများခဲ့သလဲဆိုရင် တောင်သူလယ်သမားများ  စပါးနေပူလှန်တဲ့အခါ စပါးမခြောက်အောင် ဈာန်ပျံရဟန္တာများ ပေါများခဲ့တယ်လို့ ပြောကြပါတယ်။

(၇) မြန်မာနိုင်ငံ၊ ဟံသာဝတီခေတ်၊ ဓမ္မစေတီမင်းလက်ထက်တွင် မြန်မာပြည် သာသနာညှိုးနွမ်းနေသည့်အတွက် သာသနာသန့်ရှင်းအောင် သံဃာအစစ်မှန်များသာဖြစ်အောင်ဆိုပြီး ဓမ္မစေတီမင်းကနေ သံဃာ(၇)ပါးကို သီရိလင်္ကာနိုင်ငံသို့ ရဟန်းခံရန် စေလွတ်ခဲ့တယ်။ အဲဒီရဟန်းတော်တွေကို သီရိလင်္ကာသံဃာများမှ ကလျာဏီမြစ်တွင် ရေသိမ်ပြုလုပ်ပြီး ရဟန်းခံပေးခဲ့တယ်။ အဲဒီရဟန်းတော်များ မြန်မာပြည်ပြန်ရောက်တဲ့အခါ မြန်မာပြည်တွင် ကလျာဏီသိမ်ကို ပြုလုပ်ခဲ့ကြတယ်။ သီရိလင်္ကာတွင်လည်း ရေသိမ်က ပစ္စည်းများကို တိုက်တာသိမ်အဖြစ် ပြုလုပ်ထားခဲ့တာ ယခုအချိန်ထိ ရှိနေပါသေးတယ်။ ကလျာဏီသိမ်အဖြစ် ပြုလုပ်ခဲ့တဲ့ ကလျာဏီမြစ်နဲ့သိမ်တို့ကို ဆရာတော်အား လိုက်လံပို့ပေးပါမယ်။

ယခုနေရာများကတော့ အဓိကသွားရောက်မဲ့ နေရာများပင် ဖြစ်ပါတယ်။ အဲဒီနေရာများအပြင် သီရိလင်္ကာနိုင်ငံတွင် သာသနာထွန်းကားစဉ်က တည်ရှိခဲ့သော စေတီ၊ ကျောင်းတော်ရာများကိုလည်း လိုက်လံပို့ဆောင်ပေးသွားပါမယ်။

ဆရာတော်နဲ့အတူ လှည့်လည်သွားလာရင်း ခရီးသွားမှတ်တမ်းအဖြစ်လည်းပါအောင်၊ သီရိလင်္ကာ သာသနာသမိုင်းတွေလည်းပါအောင် ဆောင်းပါးများ ရေးဖြစ်အောင် ကြိုးစားပါဦးမယ်။ ဆရာတော်ရေးရင်ရေး၊ ဆရာတော်မရေးရင် ဦးဇင်းရေးပြီး စာဖတ်ပရိသတ်များအတွက် ဗဟုသုတရအောင် တင်ပေးသွားပါမယ်။

စာဖတ်ပရိသတ်များအတွက် အမေးအဖြေများကို တစ်ပါတ်ခန့် နားထားပါဦးမယ်။ အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်.......။

အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

Powered by Blogger.