Friday, December 7, 2012

မာရ်နတ်ကြီးက ဘုရားဖြစ်ဦးမှာလား

မေး။ ။ အရှင်ဘုရား မာရ်နတ်သည် သုကိုယ်တိုင်ကလဲ ဘုရားဆုပန်ထားသုဖြစ်ပြီး သူဘုရားဖြစ်ချိန်မှာ ချွတ်ရမဲ့သုတွေ မကျန်မှာစိုးသည့်အတွက် သုများတကာကို ယခုလို လိုက်နှောက်ယှက်နေသည်ဟု ကြားသိထားပါသည်။ ဘုန်းဘုန်း မာရ်နတ်ဟာ အမြဲပျက်စီးရာပျက်စီးကြောင်း အဖျက်လုပ်ဘို့ရာ နောင်ဘုရားပွင့်ချိန်မှာလည်း ရှိနေဦးမယ်လို့ ကြားဘူးပါတယ်ဘုရား။ ဟုတ်ပါသလားဆိုတာ ရှင်းပြပေးပါဦးဘုရား။ကြည်ညိုစွာဖြင့် လျှောက်ထားအပ်ပါသည်ဘုရား။

ဖြေ။ ။ ပထမဦးဆုံး မာရ်နတ်ဟာ ဘုရားဆုပန်ထားသူ ဟုတ်မဟုတ်ကို သိရှိရအောင် ကျမ်းဂန်များတွင် ရှာဖွေကြည့် ရာ နောက်ကမ္ဘာတွင် ဖြစ်လာမဲ့ဘုရားရှင်များအကြောင်း ဟောကြားထားတဲ့ အနာဂတ၀င်ကျမ်းမှာ နောက်ပွင့်လာမဲ့ အရိမေတ္တေယျမြတ်စွာဘုရားရှင်ဟာ ကုဋေခုနစ်ရာ ပရိသတ်တို့ကို ချေချွတ်ပြီးလို့ အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်ကျရင် ပရိနိဗ္ဗာန်စံဝင်မှာပါ။ ယခုတည်ရှိနေတဲ့ ဘဒ္ဒကမ္ဘာကြီးဟာ အရိမေတ္တေယျ ဘုရားရှင်နောက် ဘုရားတစ်ဆူမှ မပွင့်တော့ဘဲ (၆၄)ကပ်ပြည့်တဲ့အခါ ကမ္ဘာပျက်လိမ့်မယ်။ ဘုရားမပွင့်တဲ့ ကမ္ဘာပေါင်းတစ်သိန်းကျော်လွန်တဲ့အခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းဟာ ရာမသမ္ဗုဒ္ဓဘုရားဖြစ်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်မယ်။ အဲဒီမဏ္ဍကမ္ဘာမှာ ဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်လာပြီး အဘိဘူဘုရားတစ်ဆူသာ ပွင့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်တဲ့အခါ ဖြစ်ပေါ်လာမဲ့ ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား၊ စန္ဒနီပုဏ္ဏား၊ သုဘလုလင်၊ တောဒေယျပုဏ္ဏား၊ နာဠာဂီရိဆင်မင်း၊ ပလလေယဆင်တို့ အစဉ်အတိုင်း ဘုရားဖြစ်ကြပါလိမ့်မယ်လို့ အနာဂတ၀င်ကျမ်းမှာ ဖွင့်ဆိုထားပါတယ်။ အဲဒီတော့ နောက်ဖြစ်မဲ့ကမ္ဘာများနဲ့ ပွင့်တော်မူမဲ့ဘုရားရှင်နာမည်များမှာ မာရ်နတ်နာမည် မပါတဲ့အတွက် မာရ်နတ်ဘုရားဆုပန်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုရပါလိမ့်မယ်။ ဦးဇင်းကပဲ အသိပညာကြွယ်ဝမှုနည်းလို့ မသိတာဆိုရင်လည်း သိသူများရှိပါက ကျမ်းဂန်များ ညွှန်ပြစေချင်ပါတယ်။

နောက်တစ်ခါ မာရ်နတ်က ဘာဖြစ်လို့ သူတော်ကောင်းများကို နှောက်ယှက်နေတာလဲဆိုတာနဲ့ပတ်သတ်ပြီး ကျမ်းဂန်များတွင် ရှာဖွေကြည့်ရာ (မ၊ဋ္ဌ၊၁၊ ၃၅။ သုတ္တ၊ပါ၊ ၂၈၄။ ဋ္ဌ၊၁၊ ၃၉။ ဋ္ဌ၊ ၂၊ ၁၁၉။ ထေရ၊ဋ္ဌ၊၂၊၈၆) ကျမ်းဂန်တို့ကို ထောက်ဆကြည့်လိုက်တဲ့အခါ မာရ်နတ်နှောက်ယှက်နေခြင်းဟာ သူအယူအဆ၊ သူနှစ်သက်သလို၊ သူကြိုက်သလို၊ သူမှန်ကန်တယ်ထင်သလို မယူဆကြတဲ့သူတွေ၊ သူနဲ့ဆန့်ကျင်ဘက်လုပ်မဲ့သူတွေကို လိုက်နှောက်ယှက်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူလိုလူမိုက်တွေ သူ့ဘက်မှာမရှိတော့မှာကြောင့် ဖြစ်ပါတယ်။ မာရ်နတ်က ကာမဂုဏ်ငါးပါးကို ရှယ်ကောင်းတဲ့အရသာလို့ လူမိုက်တွေအကြိုက်ဖြစ်သလို သူကလည်း ကြိုက်ပါတယ်။ ဒါပြင် သူက နိစ္စမြဲတဲ့အရာကို ပိုမိုနှစ်သက်ပါတယ်။ သူ့ကိုယ်သူ မသေတော့ဘူး။ ကာမဂုဏ်တွေကို အမြဲခံစားနေရမယ်ပဲ ထင်နေတဲ့သူပါ။ မြတ်ဗုဒ္ဓက သားသမီးရှိတဲ့သူဟာ သားသမီးကြောင့် စိုးရိမ်ရတယ်၊ နွားရှိတဲ့သူဟာ နွားကြောင့်စိုးရိမ်ရတယ်။ ရုပ်ရည်ဥပဓိရှိတဲ့သူဟာ လူတို့ကို စိုးရိမ်ရမယ်၊ ရုပ်ရည်ဥပဓိမရှိတဲ့သူဟာ လူတို့ကို မစိုးရိမ်ရလို့ပြောရင် မာရ်နတ်က ပြောင်းပြန်ပြောပါ တယ်။ သားသမီးရှိရင် သားသမီးကြောင့် နှစ်သက်ရတယ်၊ နွားရှိတဲ့သူဟာ နွားတို့ကို နှစ်သက်ရတယ်၊ ရုပ်ရည်ဥပဓိရှိတဲ့သူဟာ လူတို့ကို နှစ်သက်စေတယ်၊ ရုပ်ရည်ဥပဓိမရှိတဲ့သူဟာ လူတို့ကို မနှစ်သက်ရပေလို့ ယူဆပါတယ်။

မာရ်နတ်ဟာ ချွတ်ရမဲ့သတ္တ၀ါတွေ မကျန်မှာကြောင့် သူတော်ကောင်းတွေကို လိုက်နှောက်ယှက်နေတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လောကထဲမှာ လူမိုက်နဲ့သူတော်ကောင်း ဘယ်ဟာက ပိုများသလဲဆိုတာ လိုက်လံစစ်ဆေးကြည့်လိုက်ရင် လူမိုက်တွေက ပိုများနေလို့ မကျန်မှာတော့ မပူရပါဘူး။ ခုခေတ်အနေနဲ့ပြောမယ်ဆိုရင် ဦးဇင်းအရင် သာသနာပြုပေးနေတဲ့ ဆရာတော်တွေအများကြီးရှိနေပေမဲ့ ဦးဇင်းတို့အလှည့်ရောက်တဲ့အခါ ဟောပြောပေးစရာလူတွေ မကျန်ရှိတော့မှာ ပူစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားသိပြီးတရားကျင့်သူတွေ အလွန်တရာနည်းပါးလှပြီး တရားမသိသူ၊ မကျင့်သူတွေ အများကြီးရှိနေဦးမှာမို့ပါ။

မာရ်နတ်ကြီးဟာ နောက်ပွင့်မဲ့ဘုရားရှင်လက်ထက်မှာ ရှိမရှိဆိုတာနဲ့ပတ်သတ်ပြီး ရှင်းပြပေးရမယ်ဆိုရင် အောက်မှာဖောက်ပြမဲ့ အရှင်မောဂ္ဂလာန်မထေရ်မြတ် မိန့်ကြားထားတာကို ထောက်ဆကြည့်မယ်ဆိုရင်တော့ ယခုဂေါတမဘုရားရှင်လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ မာရ်နတ်ဟာ ငရဲမှာ နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲတွေကို ခံရဦးမှာမို့ ဒီဘဒ္ဒကမ္ဘာရဲ့ နောက်ဆုံးပွင့်တော်မူမဲ့ အရိမေတ္တေယျဘုရားရှင်ကို နှောက်ယှက်ဖို့ နတ်ရောလူပါဖြစ်ဖို့ မလွယ်လောက်ပါဘူး။ သူရဲ့ဆွေမျိုးနောက်ပါထဲက တစ်ယောက်ယောက်သောသူကပဲ မာရ်နတ်ဖြစ်လေမလား၊ တခြားတစ်ယောက်ပဲ မာရ်နတ်ဖြစ်လေမလားဆိုတာ သေချာမသိနိုင်သေးပေ။ ဒါပြင် အရိမေတ္တေယျဘုရားရှင်ဟာ (၇)ရက်တရားကျင့်ရုံနဲ့ သဗ္ဗညုတဉာဏ်ရမှာဆိုတော့ မာရ်နတ်ရော ရှိပါမလားဆိုတာလည်း စဉ်းစားစရာပါ။

အခါတစ်ပါးမှာ အသျှင်မဟာမောဂ္ဂလာန်ဟာ သူ့ရဲ့ဝမ်းဗိုက်ထဲမှာ မာရ်နတ်ဝင်နှောက်ယှက်နေတာကို သိမြင်တဲ့အတွက် ''မာရ်နတ်ယုတ် ထွက်လော့၊ မာရ်နတ်ယုတ် ထွက်လော့၊ မြတ်စွာဘုရားကို မညှဉ်းဆဲလင့်၊ မြတ်စွာဘုရားရဲ့ တပည့်သာဝကကို မညှဉ်းဆဲလင့်၊ သင်ဒီလိုလုပ်ရင် သင့်မှာ အချိန်ကြာမြင့်စွာ ဆင်းရဲဒုက္ခရောက်စေလိမ့်မယ်။ အဲဒီလို မဖြစ်စေပါနဲ့လို့ မိန့်ကြားတော်မူလိုက်ပါတယ်။

အဲဒီအခါ မာရ်နတ်က သူ့ကို အရှင်မြတ်မသိမြင်ဘဲ ရမ်းပြောနေတာလို့ထင်ပြီး ၀မ်းဗိုက်ထဲကနေ မထွက်ခွာသေးဘဲ ဆက်နေတဲ့အခါ အရှင်မြတ်က ''မာရ်နတ်ယုတ် သင်က ငါမသိဘဲရမ်းပြောနေတာဘဲဆိုပြီး ထင်နေတာမဟုတ်လားလို့ ပြောလိုက်တဲ့အခါကျမှ မာရ်နတ်ဟာ သူ့ရဲ့စိတ်အကြံစည်ကိုသိသွားတဲ့အတွက် ၀မ်းဗိုက်ကနေထွက်ခွာပြီး တံခါးရွက်အပြင်ဘက်မှာ ရပ်နေလိုက်ပါတယ်။

အရှင်မဟာမောဂ္ဂလာန်မြတ်က ဆက်လက်ပြီး မာရ်နတ်ယုတ် သင်တံခါးရွက် အပြင်ဘက်ရပ်နေတာကို ငါမြင်တယ်။ သင်မမြင်ဘူးမထင်နဲ့။ ကကုသန္ဓမြတ်စွာဘုရားပွင့်စဉ်တုန်းက ငါဟာ ဒူသီအမည်ရှိတဲ့ မာရ်နတ်ဖြစ်ခဲ့ဖူးတယ်။ ငါ့မှာ ကာဠီဆိုတဲ့ နှမတစ်ယောက်ရှိတယ်။ အခု သင်ဟာ ငါ့နှမရဲ့သား ငါ့ရဲ့တူဖြစ်တယ်။ ငါဟာ ကကုသန္ဓမြတ်စွာဘုရားနဲ့ တပည့်ဖြစ်သူ အရှင်ဝိဓုရတို့ ရွာအတွင်း ဆွမ်းခံကြွတဲ့အခါ သူငယ်တစ်ယောက်ကိုပူးဝင်ပြီး အရှင်ဝိဓုရမထေရ်ရဲ့ ဦးခေါင်းကို ကျောက်ခဲနဲ့ ပစ်ခတ်ခဲ့တယ်။ မထေရ်မြတ်ဟာ ကျောက်ခဲပစ်သွားလို့ ဦးခေါင်းမှာသွေးတွေယိုးကျသွားခဲ့တယ်။ ဒီအကြောင်းအရာကို ကကုသန္ဓမြတ်စွာဘုရားသိမြင်တော်မူတဲ့အခါ ''ဒူသီမာရ်နတ်ကား အတိုင်းအရှည်ကို မသိ''ဟု နှလုံးပြုကာ ဆင်ပြောင်ကြည့်သလို နောက်လှည့်ကြည့်တော်မူခဲ့တယ်။ အဲဒီမကောင်းမှုကံကြောင့် ငါလည်းနတ်ပြည်ကနေ ရွေးလျောပြီး ငရဲကိုဆိုက်ရောက်ခဲ့ရတယ်။

ငါ့ရဲ့ခန္ဓာကိုယ်ဟာ လူရဲ့ခန္ဓာကိုယ် ဦးခေါင်းက ငါးရဲ့ဦးခေါင်းပုံစံနဲ့ ငရဲသုံးမျိုးတို့မှာ နှစ်ပေါင်းသောင်းချီပြီး ဒုက္ခဆင်းရဲများကို ခံစားခဲ့ရတယ်လို့ အရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်က သူ့ရဲ့တူတော်နေတဲ့ မာရ်နတ်ကို အတိတ်ဇာတ်ကြောင်းများ ဟောကြားပေးခဲ့ပါတယ်။ အကျယ်ဖတ်ချင်ရင်တော့ အောက်ပါကျမ်းညွှန်မှာ ဖတ်ရှု့နိုင်ပါတယ်။ (မ၊ ၁၊ ၄၀၈-၄၁၅)

အထက်ပါ သာဓကကိုထောက်ဆကြည့်မယ်ဆိုရင် မာရ်နတ်ဟာ နတ်ပြည်ခြောက်ထပ်ရဲ့ အထက်ဆုံး ၀သ၀တ္တီနတ်ဘုံမှာဖြစ်တဲ့အတွက် နတ်တို့ရဲ့သဘာဝအရ တခြားလူ့ဘုံတို့မှာ သေဆုံးခြင်းထုံစံမရှိတာမို့ မြေမျိုးခြင်းတို့မဖြစ်ဘဲ မကောင်းမှုအကုသိုလ်ကံကြောင့် သက်တမ်းမကုန်မီ နတ်ပြည်ကနေသာ သေဆုံးရပြီး ငရဲကို ကျရောက်ရပါတယ်။

တစ်ခါ မာရ်နတ်အကြောင်းများကို ဆက်ရေးပေးရမယ်ဆိုရင် အရှင်သာဋိမတ္တိယမထေရ်နဲ့ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးကို တင်ပြပေးပါဦးမယ်။

အရှင်သာဋိမတ္တိယမထေရ်မြတ်ဟာ မကြည်ညိုသေးသူကိုလည်း ကြည်ညိုအောင်၊ ကြည်ညိုပြီးသားသူများကိုလည်း ထပ်မံကြည်ညိုမှုဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ မထေရ်တစ်ပါးဖြစ်တာမို့ မိသားစုတစ်စုက မထေရ်မြတ်ကို အလွန်တရာကြည်ညိုကိုးကွယ်ကြပါတယ်။ အဲဒီမိသားစုမှာရှိတဲ့ အမျိုးသမီးတစ်ခုဟာ နေ့စဉ် မထေရ်မြတ် ဆွမ်းခံကြွလာရင် ဆွမ်းလောင်းပေးလေ့ရှိပါတယ်။ ဒီအကြောင်းကိုသိတဲ့ မာရ်နတ်က မထေရ်မြတ်ဂုဏ်သိက္ခာကျဆင်းပြီး အရှက်ရအောင် ပြုလုပ်မယ်ဆိုပြီး တစ်နေ့မှာ အရှင်သာဋိမတ္တိယ ရဟန္တာမထေရ်မြတ် အယောင်ဆောင်ကာ ထိုမိသားစုအိမ်ကို ဆွမ်းခံသွားခဲ့ပါတယ်။

မိန်းမပျိုက အရှင်သာဋိမတ္တိယ ရဟန္တာအရှင်မြတ်အထင်နဲ့ ဆွမ်းလောင်းရန်လာတဲ့အခါ မထေရ်ဟန်ဆောင်သူမာရ်နတ်က အမျိုးသမီးရဲ့လက်ကို ဖမ်းဆွဲကိုင်လိုက်တယ်။ အမျိုးသမီးလေးကတော့ ဒီလက်ဟာ သာမာန်လူရဲ့အတွေ့အထိမဟုတ်ဘူးဆိုတာသိလို့ လက်ကိုရုန်းပြီး ဖယ်လိုက်ပါတယ်။ လက်ဖယ်ပြီးနောက် အိမ်ထဲကိုဝင်သွားတဲ့အခါ နဘေးကလူတွေက ရဟန္တာအရှင်မြတ်တစ်ပါးက ဒီလိုလုပ်တာဟာ မသင့်တော်ပါဘူးလို့ ကဲ့ရဲ့ပြောဆိုကြပါတယ်။ ဒီအကြောင်းကိုမသိတဲ့ အရှင်သာဋိမတ္တိယမထေရ်ဟာ အရင်ပုံစံအတိုင်း ထိုအိမ်ကို ဆွမ်းခံသွားပါတယ်။ ဆွမ်းခံလည်းဝင်လာရော အိမ်မှာရှိတဲ့လူတွေက အရှင်မြတ်ကို မရိုမသေ မလေးမစားပြောဆိုကြတာ တွေ့ရတဲ့အခါကျမှ မထေရ်မြတ်က စဉ်းစားဆင်ခြင်ကြည့်တဲ့အခါ မာရ်နတ်လာနှောက်ယှက်သွားတယ်ဆိုတာကို သိလိုက်ရပါတယ်။

ဒါနဲ့ အရှင်မြတ်ကနေ မာရ်နတ်ရဲ့ လည်ပင်းမှာ ခွေးကောင်ပုပ်စွပ်စေသတည်းလို့ အဓိဋ္ဌာန်ပြုလိုက်ပါတယ်။ မာရ်နတ်လည်း ခွေးသေကောင်ပုပ်စွပ်ခံရတဲ့အခါ မထေရ်မြတ်ထံရောက်လာခဲ့ပါတယ်။ မထေရ်မြတ်က အရင်ရက်က ပြုလုပ်ခဲ့တာကို မေးတဲ့အခါ မာရ်နတ်က သူပြုလုပ်ခဲ့ပါတယ်။ သူ့ကို ခွင့်လွတ်သည်းခံပေးပါ။ ယနေ့ကစပြီး အရှင်မြတ်ကို အလုပ်အကျွေးပြုလုပ်ပေးပါမယ်လို့ လျှောက်တဲ့အခါ မထေရ်မြတ်က ခွေးသေကောင်ပုပ်ကို ဖြုတ်ပေးလိုက်ပါတယ်။

ခွေးသေကောင်ဖြုတ်ပေးပြီးတဲ့အခါ မထေရ်မြတ်က မာရ်နတ်ကို အောက်ပါအတိုင်း တရားဟောကြားပေးခဲ့ပါတယ်။

ပစ္စည်းလေးပါးကို လှူဒါန်းတဲ့သူဟာ ပစ္စည်းလေးပါးလှူဒါန်းရကျိုးကိုရရှိပြီး အလှူခံတဲ့ငါတို့မှာ အဲဒီပစ္စည်းလေးပါးလှူဒါန်းရကျိုးကို မရရှိပါဘူး။ ပစ္စည်းလေးပါးကို ငါတို့ဟာ တပ်မက်တွယ်တာခြင်းမရှိတဲ့အတွက် ငါတို့ဟာ အလိုမရှိပါဘူး။ စေတနာသဒ္ဓါတရားနဲ့လှူဒါန်းသူတွေအတွက်သာ အကျိုးများအောင် အလှူခံပေးနေခြင်း ဖြစ်တယ်။ မင့်က ခု ငါ့ကို ရိုသေလေးစားမှုပြုလုပ်လိုက်တယ်။ အဲဒီလိုရိုသေလေးစားမှုပြုလိုက်တဲ့အတွက် မင့်အတွက်သာ အကျိုးတရားဖြစ်ပြီး ငါ့အတွက် ဘာအကျိုးတရားမှ မရရှိပါဘူး။ ဒါကြောင့် လှူဒါန်းသူ၊ ရိုသေလေးစားသူတို့သာ မိမိတို့ စေတနာအလျောက် အကျိုးပေးများရကြပြီး အလှူခံသူ၊ အရိုသေခံရသူတို့မှာ ဘာအကျိုးတရားမှ မရရှိကြပါပေ။

ပုထုဇဉ်တို့ရဲ့ သဒ္ဓါတရားဆိုတာ မြဲတာမဟုတ်ဘူး။ ဒီနေ့ စေတနာရှိလို့ လှူချင်ပေမဲ့ နောက်နေ့စေတနာမရှိလို့ မလှူဖြစ်တာတွေလည်း ရှိတယ်။ ခု ငါဆွမ်းခံသွားတဲ့အိမ်ကလူတွေ ငါ့ကို ဆွမ်းမလောင်းလို့ ငါ့အတွက် ဘာမှမဖြစ်၊ ငါတို့ဟာ တစ်အိမ်မဟုတ်တစ်အိမ် လှည့်လည်ဆွမ်းခံနေမှာမို့ ငါတို့အတွက် ဆွမ်းမလောက်မငှဖြစ်လိမ့်မယ်လို့ သင်မထင်နဲ့။ လှူဒါန်းသူမှာသာ စေတနာပျက်လို့ မလှူဖြစ်ရင် အကျိုးပေးမရရှိမှာသာ ငါတို့က စိတ်ပူပန်တာ။ အဲဒါကြောင့် သင်မာရ်နတ်ဟာ ဒီလိုမျိုး သူတစ်ပါး စေတနာပျက်မဲ့အရာမျိုးကို မလုပ်ပါနဲ့လို့ မထေရ်မြတ်က တရားဟောကြားပေးလိုက်ပါတယ်။ (သာဋိမတ္တိယတ္ထေရဂါထာဝဏ္ဏနာ၊ ထေရဂါထာအဋ္ဌကထာ၊ ၁၊ ၄၆၀-၄၆၂။)

ဒီလောက်ဆိုရင်တော့ မာရ်နတ်ကြီးအကြောင်းနဲ့ပတ်သတ်လို့ ပြည့်စုံလောက်ပြီလို့ ထင်တာမို့ ဒီလောက်နဲ့ပဲ ရပ်နားပါရစေ။ ဦးဇင်းစာဖတ်ပရိသတ်များအားလုံး အသိပညာကြွယ်ဝကာ ပန်းတိုင်ကို လျင်မြန်စွာလျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်.....။

အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

Powered by Blogger.