Friday, November 30, 2012

တကယ်ချစ်ရဲ့လား

လောကတွင်းရှိ လူသားများဟာ တကယ်ချစ်ရဲ့လားဆိုတဲ့စကားကို အများသူငှါ တွင်ကျယ်စွာသုံးစွဲနေကြပေမဲ့ အဲဒီစကားဟာ မိမိကိုယ်ကို မေးရမှာလား သူတစ်ပါးကိုမေးရမဲ့စကားလားဆိုတာ သေချာမသိကြပါဘူး။ တကယ်တော့ ဒီစကားဟာ မိမိကိုယ်ကို မေးရမဲ့စကားပါ။ ဘာဖြစ်လို့လဲဆိုတော့ မိမိကိုယ့်ကိုမှ တကယ်မချစ်တဲ့သူဟာ သူတစ်ပါးကို တကယ်ချစ်တယ်ဆိုတာ မဖြစ်နိုင်လို့ပါ။ မိမိကိုယ့်ကို တကယ်ချစ်တဲ့သူဟာ သူတစ်ပါးကိုချစ်တဲ့သူမို့ သူတစ်ပါးဒုက္ခရောက်အောင်မလုပ်ဘဲ သူတစ်ပါးအကျိုးရှိမဲ့ အများအကျိုးကိုသာ ပြုလုပ်ပေးကြပါတယ်။ သူတစ်ပါးကောင်းကျိုးကိုပြုလုပ်ပေးတဲ့သူဟာ မိမိအတွက်လည်း ကောင်းကျိုးများရရှိတာမို့ မိမိကိုယ်ကို တကယ်ချစ်တဲ့သူလို့ ဆိုနိုင်ပါတယ်။ မိမိကိုယ့်ကိုမချစ်တဲ့သူဟာ မကောင်းမှုများလုပ်မဲ့သူမို့ မကောင်းကျိုးများခံစားရရင် တစ်ပါးသူလည်း ကောင်းကျိုးချမ်းသာများ ခံစားရလိမ့်မယ်မဟုတ်ပေ။

သူတစ်ပါးအသက်ကိုသတ်ရင် သူတစ်ပါးလည်း စိတ်ဒုက္ခရောက်သလို မိမိလည်း နောက်တစ်ချိန်တွင် စိတ်ဒုက္ခများစွာခံစားရမဲ့အပြင် ယခုမျက်မှောက်ဘ၀တွင်လည်း ကံနိမ့်နေပါက မကောင်းကျိုးများ ဆက်တိုက်ပေးခြင်း ခံရပါလိမ့်မယ်။ မိမိကိုယ့်ကို တကယ်ချစ်တဲ့လူဆိုရင် မိမိယခုဘ၀ နောက်ဘ၀ကောင်းစားဖို့ကိုကြည့်ရမဲ့အပြင် မိမိအမြဲချမ်းသာမှုများခံစားရမဲ့ မိမိတို့ပန်းတိုင်ကိုပါ လျင်မြန်စွာရောက်အောင် ကြိုးစားပြုလုပ်ရမှာပါ။ ဒါမှလည်း မိမိကိုယ်ကို တကယ်ချစ်ရာရောက်တဲ့အတွက် မိမိကိုယ်ကိုချစ်တဲ့သူလို့ ခေါ်ဆိုနိုင်မှာပါ။ အဲဒီလိုမဟုတ်ရင်တော့ မိမိကိုယ်ကို တကယ်ချစ်တဲ့သူဆိုတာ မဖြစ်နိုင်ပေ။

သူတစ်ပါးပစ္စည်းကို ခိုးယူသူဟာ ပစ္စည်းခိုးဖို့ရန်ပဲ ကြံစည်နေတာမို့ သူ့စိတ်မှာ မကောင်းတာချည်းဖြစ်နေတဲ့အတွက် ရုပ်ရေမှာလည်း ကြမ်းတမ်းနေပါလိမ့်မယ်။ ဒါတွင်မက နောင်ဘ၀မှာလည်း နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဆင်းရဲဒုက္ခများနဲ့သာ ရင်ဆိုင်ရမဲ့အပြင် ဖြစ်လေရာမှာ ချမ်းသာတဲ့သူ မဖြစ်တော့မှာမို့ မိမိကိုယ့်ကို ဒုက္ခပေးတဲ့သူဟာ မိမိကိုယ့်ကို ချစ်တဲ့သူမဖြစ်နိုင်ပါ။ မိမိကိုယ့်ကိုမချစ်လို့ ကိုယ်စိတ်နှစ်ပါးမချမ်းသာတဲ့သူဟာ သူတစ်ပါးကိုလည်း ကိုယ်စိတ်နှစ်ပါးချမ်းသာအောင် မလုပ်ပေးနိုင်တာမို့ သူတစ်ပါးကို တကယ်ချစ်တဲ့သူလို့ မသတ်မှတ်နိုင်ပေ။

သူတစ်ပါးသားမယားကို ပြစ်မှားသူဟာ သံသရာဘက်ကကြည့်ရင် နောင်ဘ၀မှာ မိမိကို စိတ်ဒုက္ခများစွာဖြစ်မဲ့ မကောင်းကျိုးများ ခံစားရမှာပါ။ ယခုမျက်မှောက်ဘ၀အတွက် ကြည့်ရင်လည်း ရောဂါရခြင်း၊ အားနည်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ သူတစ်ပါးရဲ့မုန်းတီးခြင်း၊ လူထင်သေးခြင်းများ ခံစားရပါတယ်။ အမှန်ကိုအမှန်အတိုင်းမသိတဲ့သူများဟာ တကယ်ချမ်းသားမှုမဟုတ်တဲ့ စိတ်ရဲ့လှည့်စားမှုလေးကိုပဲ မိမိအတွက်ချမ်းသာတယ် ကောင်းတယ်ထင်ကာ မကောင်းမှုများမှာ ပျော်မွေ့ပြီး မိမိကိုယ့်ကို ဒုက္ခရောက်အောင် ပြုလုပ်နေကြတာပါ။

သူတစ်ပါးပျက်စီးအောင်၊ စိတ်ဒုက္ခရောက်အောင် လိမ်ညာပြောဆိုလှည့်ပတ်သူဟာ ယခုမျက်မှောက်တွင် သူတစ်ပါးဆင်းရဲရသလို မိမိခံစားရမဲ့အပြင် နောင်တမလွန်မှာလည်း မကောင်းမှုများနဲ့ပြည့်နပ်နေပြီး မကောင်းကျိုးများသာ ကျင်လည်နေရတာကြောင့် အဲဒီသူဟာ မိမိကိုယ့်ကို တကယ်ချစ်တဲ့သူ မဖြစ်နိုင်ပါ။အရက်သေစာသောက်စား မူးယစ်နေတဲ့သူဟာ မျက်မှောက်ဘ၀တွင် မကောင်းမှုများလုပ်ရန် ၀န်မလေးခြင်း၊ မိမိမိသားစု စိတ်မချမ်းသာခြင်း၊ မိမိစိတ်ပုံမှန်မဟုတ်တော့တာကြောင့် ကောင်းမှုမလုပ်နိုင်ခြင်း၊ စီးပွားရေးများ မကြံဆနိုင် မပြုလုပ်နိုင်တဲ့အတွက် စီးပွားနှောင့်နှေးခြင်း၊ မိမိကိုယ့်ကိုမိမိ ကျန်းမာရေးချို့တဲ့အောင်ပြုလုပ်နေခြင်းစတဲ့ မကောင်းကျိုးများ ဖန်တီးယူနေသူပါ။ နောက်ဘ၀မှာလည်း အရူးဖြစ်ခြင်း၊ ဉာဏ်ထိုင်းမှိုင်းသူဖြစ်ခြင်းစတဲ့ မကောင်းကျိုးများကိုသာ ခံစားရမှာမို့ မိမိကိုယ်ကို တကယ်ချစ်တဲ့သူ မဖြစ်နိုင်ပေ။

အဲဒီလိုပဲ ဒေါသကြီးတဲ့ပုဂ္ဂိုလ်များဟာ ယခုဘ၀တွင် မိမိအတွက် ရုပ်ရေကြမ်းတမ်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းများဖြစ်ပြီး နောင်ဘ၀တွင်လည်း ရုပ်ရေမလှသူ ဖြစ်ရပါတယ်။ တကယ်လို့သာ မိမိကိုယ်ကိုချစ်တာမှန်ရင် ဒီလိုမျိုး မျက်မှောက်တမလွန်အကျိုးမရှိမဲ့ မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ကာ မိမိဒုက္ခတွေငြိမ်းပြီး ချမ်းသာမှုသာရှိတဲ့ နိဗ္ဗာန်ကိုရောက်အောင် ကြိုးစားပြုလုပ်ပေးကြရမှာပါ။ အဲဒါကြောင့် မိမိကိုယ့်ကို နေ့စဉ်နဲ့အမျှ တကယ်ချစ်ရဲ့လားလို့ မေးမေးကြည့်သင့်ပါတယ်။

လူသားအများစု ဘာသာမရွေး၊ လူမျိုးမရွေး ပြုလုပ်နေကြတဲ့ ပရဟိတလုပ်ငန်းဆိုတာ ရှိပါတယ်။ အဲဒီလုပ်ငန်းဟာ တကယ်တွေးကြည့်ရင် မိမိကိုယ်ကိုချစ်တဲ့သူများဖြစ်သလို သူတစ်ပါးကိုလည်း ချစ်တဲ့ပုဂ္ဂိုလ်များရဲ့အလုပ်ပင် ဖြစ်ပါတယ်။ သူတစ်ပါးကိုကူညီပေးလိုက်ရင် မိမိအကျိုးကိစ္စပါ တစ်ခါတည်းပြီးသွားတာမို့ သူတစ်ပါးစိတ်ချမ်းသာပျော်ရွှင်ရသလို ယခုဘ၀မှာမိမိလည်း စိတ်ချမ်းသာမှုပီတိများ ခံစားရပြီး နောင်ဘ၀များစွာတွင်လည်း ကောင်းကျိုးများခံစားကာ မိမိတို့ပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိမှာပါ။

သူတစ်ပါးအကျိုးကိုလုပ်တဲ့ပရဟိတအလုပ်ဟာ အယုတ်၊ အလတ်၊ အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဘယ်သူဘယ်ဝါ မရွေး၊ အားလုံးရဲ့အကျိုးအတွက် လုပ်ပေးတဲ့အလုပ်ပါ။ မိမိကူညီပေးလိုက်တဲ့အတွက် ကူညီခံသူကနေ တုန့်ပြန်လာမဲ့ အကျိုးမျှော်ကိုးမှု ဘာမျှော်လင့်ချက်မှမထားဘဲ ပေးဖို့သက်သက်ပဲ ပေးဆပ်သူများ ဖြစ်ကြပါတယ်။ မိမိကူညီပြုလုပ်ပေးလိုက်လို့ သူတစ်ပါးချမ်းသာသွားတာကိုမြင်ရရင် ပရဟိတသမားများဟာ ကျေနပ်ပျော်ရွှင်လေ့ရှိကြပါတယ်။

လောကထဲမှာ ကံဉာဏ်နည်းပါးလို့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး မပြည့်စုံသူများကို ကူညီလုပ်ပေးလိုက်တာဟာ သူဒုက္ခမှလွတ်ပါစေဆိုတဲ့ ကရုဏာ၊ ချမ်းသာပါစေဆိုတဲ့ မေတ္တာအရင်းခံနဲ့ ဆောင်ရွက်ပေးနေကြတယ်ဆိုတာ ပရဟိတသမားများရဲ့ ကောင်းမွန်တဲ့စိတ်ဓာတ်လေးတွေပါ။ ကိုယ့်ကျေးဇူးကိုသိလို့ မိမိအပေါ်ပြန်လည်တုံ့ပြန်မှု မျှော်လင့်မထားကြပါဘူး။ တကယ်တော့ ပရဟိတလုပ်တယ်ဆိုတာ လောဘကို တိုက်ရိုက်ဖြိုဖျက်ပေးနေတာပါ။ ဒါပြင် မေတ္တာကရုဏာနဲ့ ဆောင်ရွက်ပေးတာကြောင့် ဒေါသကိုလည်း ဖျက်ဆီးပြီးသား ဖြစ်သွားပါတယ်။ အသိတရား ဦးဆောင်ပြီးလုပ်တဲ့ပရဟိတဆို မောဟကိုပါ ဖယ်ရှားပေးလိုက်ပြန်ပါသေးတယ်။

ဒါကြောင့် ပရဟိတအလုပ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟကိလေသာ မကောင်းမှုတွေကို အနိုင်ယူတိုက်ထုတ်နိုင်တာကြောင့် မိမိလည်းအကျိုးရှိ သူတစ်ပါးလည်း အကျိုးများတဲ့ ပညာရှိသူတော်ကောင်းများရဲ့ ကောင်းမွန်မြင့်မြတ်တဲ့အလုပ်ဆိုတာ ထင်ရှားနေပါပေတယ်။လောကထဲမှာ ဆင်းရဲဒုက္ခအပူ ပြဿနာမျိုးစုံကို ဖန်တီးနေတဲ့ လောဘ၊ ဒေါသ၊ မောဟ အပူငွေ့များဖယ်ရှားသန့်စင်ပြီး မြင့်မြတ်တဲ့စိတ်ထားနဲ့ ဆောင်ရွက်နေတာကြောင့် စဉ်းစားကြည့်ရင် ပရဟိတအလုပ်ဟာ အလွန်ကြည်နူးစရာကောင်းတဲ့ အလုပ်ပါ။ ဒါကြောင့် လူသားအများစုဟာ လူမျိုးမတူ၊ ဘာသာမတူပေမဲ့ ပရဟိတလုပ်တာခြင်းတူပြီး စိတ်ပါဝင်စားစွာနဲ့ ပြုလုပ်ပေးနေကြတာ လူသားတိုင်းအသိပင် မဟုတ်ပါလား။

အလှူအတန်းပွဲ၊ အများသူငှာလုပ်နေကြတဲ့ ပွဲလမ်းသဘင်များမှာ ပရဟိတဝေယျာဝစ္စ ပြုလုပ်ပေးကြတာကို မကြာခဏတွေ့မြင်ရပါတယ်။ အဲဒီလိုလုပ်ပေးတာဟာ ပရဟိတစိတ်ဓာတ်ကြောင့် မိမိနဲ့မသက်ဆိုင်တဲ့ အလုပ်ကိစ္စများကို အချိန်ကုန်ခံ ပင်ပန်းခံပြီး ပြုလုပ်ပေးနေကြတာပါ။ အသုဘပို့မှုကိစ္စများမှာ လူများစုဟာ မိမိတို့လိုက်ပါစရာမလိုသော်လည်း ပရဟိတစိတ်ရှိသူပီပီ သေသွားသူကို နှုတ်ဆက်တဲ့အနေနဲ့ဖြစ်စေ၊ ကျန်ရစ်သူမိသားစုများကို အားဖြည့်ပေးတဲ့အနေနဲ့ဖြစ်စေ ၀ိုင်းဝန်ကူညီပြုလုပ်ပေးကြပါတယ်။ ပရဟိတစိတ်ဓာတ်နဲ့ အလှူတန်းပွဲများရဲ့ ဝေယျာဝစ္စများကို ၀ိုင်းဝန်ကူညီပြုလုပ်ပေးတဲ့သူဟာ အလှူရှင်များနည်းတူ ကောင်းကျိုးကုသိုလ်ရရှိတဲ့ အပြင် မေတ္တာကရုဏာနဲ့ ပြုလုပ်ပေးတာကြောင့် သီလလုံခြုံသူဖြစ်သွားတာမို့ ဗြဟ္မစိုရ်တရားလက်ကိုင်ထားသူများ ဖြစ်ပေတယ်လို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါတယ်။

ဘုရားရှင်နှင့်ရဟန္တာတို့ဆိုတာ ယခုမျက်မှောက်ဘ၀မှာလုပ်ဆောင်ကြတဲ့ ကောင်းမှုများရဲ့ အကျိုးကျေးဇူးများကို နောက်ဘ၀တွင် ဆက်လက်ခံစားဖို့ မရှိကြတော့ပါဘူး။ ဒါပေမဲ့ မြတ်ဗုဒ္ဓနဲ့ရဟန္တာအရှင်မြတ်များဟာ မိမိတို့ရရှိထားတဲ့ နိဗ္ဗာန်ချမ်းသာကို အေးဆေးစွာမခံစားဘဲ ပရဟိတအများကောင်းကျိုးတွေကို ပြုလုပ်ပေးကြတယ်ဆိုတာ တိပိဋကကျမ်းစာများမှာ တွေ့ရှိရပါတယ်။ သူတော်ကောင်းတို့ရဲ့စိတ်ဓာတ်ဟာ မိမိချမ်းသာရေးထက် အများချမ်းသာရေးကိုသာ ဦးစားပေးတတ်တာကြောင့် ပရဟိတလုပ်ငန်းများကို မဖြစ်မနေ ပြုလုပ်ပေးကြတာပါ။

မြတ်ဗုဒ္ဓဟာ သူတစ်ယောက်အတွက်ပဲ ချစ်မည်ဆိုရင် သုမေဓာရှင်ရသေ့ဘ၀ကတည်းက သာဝကရဟန္တာပုဂ္ဂိုလ်အနေနဲ့ နိဗ္ဗာန်ချမ်းသာကြီးကို အလွယ်တကူ ရယူနိုင်တဲ့ အခြေအနေရှိခဲ့ပါတယ်။ ဒါပေမဲ့ မိမိကိုယ့်ကို တကယ်ချစ်တာထက် အများကိုပိုပြီး ချစ်ခင်တဲ့ပရဟိတ စိတ်ဓာတ်ရှိသူဖြစ်တာကြောင့် သာဝကပုဂ္ဂိုလ်အနေနဲ့ နိဗ္ဗာန်ချမ်းသာမယူဘဲ သဗ္ဗညုတဉာဏ်ရအောင် သူများမလုပ်နိုင်တဲ့ ပါရမီများကို ဘ၀များစွာ ဆင်းရဲပင်ပန်းခံပြီး အများကိုလည်း သူနည်းတူရအောင် ပြုလုပ်ပေးခဲ့ပါတယ်။

သဗ္ဗညုတဉာဏ်ရပြီး မြတ်ဗုဒ္ဓဖြစ်တဲ့အခါမှာလည်း တစ်ရက်ကို(၂၄)နာရီရှိရာ (၂၂)နာရီခန့် ပရဟိတအများအကျိုးအတွက် အလုပ်လုပ်ပေးခဲ့ပါတယ်။ အဲဒီလို မိမိတို့ရဲ့ဆရာသခင် ကျေးဇူးရှင်ဖြစ်တဲ့ မြတ်ဗုဒ္ဓသည်ပင် အခုလို ပရဟိတအလုပ် လုပ်ပေးခဲ့သေးတာမို့ ကျွန်ုပ်တို့ဟာ မြတ်ဗုဒ္ဓလောက် မလုပ်နိုင်ရင်တောင် မိမိတက်နိုင်တဲ့ ပရဟိတလုပ်ငန်းများကို မဖြစ်မနေပြုလုပ်ပေးသင့်တယ် မဟုတ်ပါလား။ပရဟိတလုပ်နေချိန်တွင် သီလရှိသူ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ် တရားလေးပါးနဲ့ညီနေတာကြောင့် ဗြဟ္မာများနဲ့တူတဲ့ လူကောင်းတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ ပရဟိတမလုပ်တဲ့အချိန်တွင်တော့ အကုသိုလ်များလည်း လုပ်နိုင်တာမို့ အမြဲလူကောင်းတစ်ယောက် ဟုတ်မဟုတ်တော့ အနီးကပ်လေ့လာမှ သိနိုင်ပါလိမ့်မယ်။ သို့သော် မိမိသန္တာန်မှာ အများအကျိုးပရဟိတလုပ်ဖို့သာ စိတ်ဆန္ဒရှိနေတဲ့သူဆိုရင်တော့ လူကောင်းတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။

အဲဒီတော့ အကျဉ်းချုပ်ဆိုရမယ်ဆိုရင် ပရဟိတလုပ်သူဟာ မိမိတို့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်ဗုဒ္ဓကိုလည်း အတုယူသူ မိမိအပေါ်အများက ပြန်လည်တုန့်ပြန်မဲ့ အကျိုးကျေးဇူးများကိုလည်း မျှော်လင့်ချက်မထားဘဲ မိမိကူညီလုပ်ကိုင်ပေးလိုက်ရတဲ့အတွက် သူတစ်ပါးချမ်းသာပျော်ရွှင်သွားတာကိုမြင်ရရင် ကျေနပ်မှုပီတိများနဲ့ နှစ်သိမ့်နေတဲ့သူများဖြစ်တာကြောင့် ကျွန်ုပ်တို့လူသားများဟာ ရခဲလှတဲ့ လူ့ဘ၀၊ ရှိခဲလှတဲ့ သူတော်ကောင်းစိတ်၊ တွေ့ခဲလှတဲ့ ဘုရားသာသနာ၊ ပြုနိုင်ခဲလှတဲ့ ပရဟိတအလုပ်ကို ယခုလို အသက်ရှိစဉ်အချိန်ကာလလေးမှာ များများပြုလုပ်ပေးနိုင်အောင် ကြိုးစားရပါမယ်။ ဒါမှသာ မိမိကိုယ့်ကိုရော သူတစ်ပါးကိုပါ တကယ်ချစ်တဲ့သူဖြစ်ပြီး လူဖြစ်ရကျိုးနပ်တဲ့ လူတစ်ယောက်ဖြစ်ကာ မိမိတို့ပန်းတိုင်ကိုလည်း လျင်မြန်စွာရောက်ရှိပါလိမ့်မယ်။

အရှင်ကောမလ ဆန်နီနေမင်း
sanninaymin@gmail.com
www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

0 comments:

Post a Comment

Powered by Blogger.