Thursday, November 22, 2012

နတ်မင်းဆိုတဲ့ မာရ်နတ်ကြီးက ဘာလို့မိုက်ရတာလဲ

မေး။ ။ အရှင်ဘုရား မာရ်နတ်ကြီး အကြောင်းစဉ်းစားစရာတွေများနေလို့ မေးခွင့်ပြုပါအရှင်ဘုရား။ နတ်ပြည်ခြောက်ထပ်ရဲ့ အပေါ်ဆုံးအထပ်က မာရ်နတ်ကြီးဟာ ဘယ်လိုကောင်းမှုတွေကြောင့် နတ်စည်းစိမ်ကို ရရှိခဲ့ပါသလဲ။ သူက နတ်မင်းဖြစ်ပြီး ဘာလို့ မိုက်မဲရတာလဲဘုရား။

ဖြေ။ ။ ပရနိမ္မိတ၀သ၀တ္တီနတ်ပြည်ကို ၀သ၀တ္တီနတ်မင်းကြီးက အုပ်ချုပ်ပါတယ်။ မာရ်နတ်အမည်ရှိတဲ့ နတ်ဆိုးက ပရနိမ္မိတ၀သ၀တ္တီနတ်ပြည်ရဲ့ မထင်းရှားတဲ့ နေရာတစ်ခုမှာ ပရိသတ်ဖွဲ့ပြီး နေပါတယ်။ နားလည်အောင်ပြောရမယ်ဆိုရင် ဝေးလံခေါင်းပါးတဲ့ တောရပ်ဒေသတစ်ခုမှာ လူမိုက်တွေပေါင်းစုပြီး ဗိုလ်လုပ်နေတဲ့သူလို့ မူလပဏ္ဏာသအဋ္ဌကထာက ဖွင့်ဆိုပြပါတယ်။ (မ၊ဋ္ဌ၊၁၊၃၅)

တချို့က ဒါကိုမသိတဲ့အခါကျတော့ ပရနိမ္မိတ၀သ၀တ္တီနတ်ပြည်ကိုအုပ်ချုပ်တဲ့ နတ်မင်းကြီးကိုပဲ မာရ်နတ်မင်းထင်နေကြတယ်။ အဲဒီလို နတ်သူတော်ကောင်းမို့ နတ်မင်းကြီးဖြစ်ရတဲ့သူက ဘယ်လိုနည်းနဲ့မှ မြတ်ဗုဒ္ဓအစရှိတဲ့ သူတော်ကောင်းတွေကို စော်ကားပြစ်မှားမှာ မဟုတ်ပါဘူး။ သူတော်ကောင်းတွေကို လိုက်လံပြစ်မှား စော်ကားနှောက်ယှက်နေတဲ့ မာရ်နတ်ဆိုတာ ကုသိုလ်ကံလေးကောင်းလို့ နတ်ပြည်အထက်ဆုံးမှာရောက်နေရပေမဲ့ စိတ်ကောင်းမရှိတဲ့အတွက်ကြောင့် သူရဲ့နတ်တန်ခိုးတွေဟာ အလကားဖြစ်ပြီး နတ်ဆိုးကြီးအမည်တွင်ကာ မကောင်းတဲ့အကုသိုလ်အကျိုးတွေကို ခံစားရပါတယ်။

မိမိတို့ လူ့ပြည်မှာလည်း ကုသိုလ်ကံလေးကောင်းလို့ လူ့ဘ၀ရလာကြပေမဲ့ လူတစ်ယောက်လုပ်သင့်လုပ်ထိုက်တဲ့ ပရဟိတကောင်းကျိုးတွေကို မလုပ်ဘဲနဲ့ အတ္တဟိတအတွက် မကောင်းတာတွေပဲလုပ်ပြီး ဘ၀ဆုံးသွားမယ်ဆိုရင် မာရ်နတ်ကြီးနဲ့တူတဲ့ လူတစ်ယောက်လို့ ပြောရပါလိမ့်မယ်။ အဲဒီတော့ မိမိတို့က ကံကောင်းလို့ရရှိလာတဲ့ လူ့ဘ၀လေးကို ဒီထက်မက ကံတွေထပ်ကောင်းပြီးသကာလ နောက်ဆုံးကံကောင်းခြင်းလက်ဆောင်ရဲ့ ပန်းတိုင်ကိုပါ လျှောက်လှမ်းနိုင်အောင် ကြိုးစားရမယ်ဆိုတာ သတိလေးနေ့စဉ်ရှိပြီး ကြိုးစားအားထုတ်ဖို့ မမေ့ကြပါနဲ့။

နတ်ဆိုးမာရ်နတ်ကြီးက ဘယ်လိုကြောင့် နတ်ပြည်ကိုရောက်ရသလဲဆိုတာတော့ ဦးဇင်းလည်း စာရှာချိန် မရသေးလို့ သိသလောက်ပဲ လောလောဆယ် ဖြေပေးလိုက်ပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်ရင်တော့ နတ်ပြည်ဘာကြောင့် ရောက်ရသလဲဆိုတာ သိနိုင်ပါတယ်။ အတိတ်ဘ၀တစ်ခုခုက ကုသိုလ်ကံကောင်းရှိခဲ့လို့ နတ်ပြည်ရောက်ရတယ်ဆိုတာ သေချာနေတာမို့ တစ်ခုသောအတိတ်ဘ၀မှာ ကောင်းတဲ့ကံပြုလုပ်ခဲ့တဲ့အတွက် ဖြစ်ပါလိမ့်မယ်။ ပုထုဇဉ်သတ္တ၀ါတွေဆိုတာ ဘ၀ဆက်တိုင်း ကောင်းတာတွေပဲ လုပ်နေဖို့ မသေချာတဲ့အတွက် ကောင်းတဲ့ကံကြောင့် ကောင်းတဲ့ဘုံရောက်ပေမဲ့ ရောက်လာတဲ့ဘုံမှာ ကောင်းတာထပ်လုပ်ဖြစ်ဖို့ဆိုတာ မသေချာလှပါဘူး။

အခုလည်း မာရ်နတ်ကြီးဟာ အရင်အတိတ်ဘ၀တွေတုန်းက ကောင်းတာလုပ်ခဲ့လို့ မထင်းရှားတဲ့နေရာဒေသမှာ နတ်ဖြစ်ရပေမဲ့ နတ်ရဲ့တန်ခိုးကို မကောင်းတဲ့နေရာ အသုံးချမိတာကြောင့် နတ်ပြည်ရကျိုး မနပ်ဘူးလို့ ဆိုရပါမယ်။ မိမိတို့လူသားများလည်း အတိတ်ကံကောင်းလို့ လူဖြစ်ရပေမဲ့ လူဖြစ်ရကျိုးနပ်တဲ့လူဆိုတာ တော်တော်ရှားတယ်လို့ ပြောရပါမယ်။ လူတွေများပေမဲ့ လူနဲ့မတူသူတွေအများကြီးဆိုတာ လူလူချင်းမို့ သိကြလိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် မိမိတို့ဟာ အတိတ်က ကောင်းတာလုပ်ခဲ့လို့ ယခုဘ၀မှာ ကောင်းတဲ့ဘုံကို ရောက်ရသလို နောက်အနာဂတ်ဘ၀တွေမှာလည်း ကောင်းတဲ့ဘုံရောက်ပြီး ကောင်းတာတွေလုပ်ကာ အကောင်းတကာ အကောင်းဆုံးနေရာသို့ ရောက်ရှိအောင် လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း အချိန်ရသမျှ ဖြေပေးမှုကို ရပ်နားလိုက်ပါတယ်။

တချို့က မာရ်နဲ့မာရ်နတ်ကို မကွဲမပြားဖြစ်နေကြတာ တွေ့ရတဲ့အတွက် ဘယ်လိုဟာတွေကို မာရ်ခေါ်တယ်ဆိုတာသိရအောင် တင်ပြပေးလိုက်ပါတယ်။

မာရ်(၅)မျိုး

(၁) ထောင့်ငါးရာကိလေသာကို ကိလေသမာရ်လို့ ခေါ်တယ်။
(၂) ကုသိုလ်၊ အကုသိုလ်ကံကို အဘိသင်္ခါရမာရ်လို့ ခေါ်တယ်။
(၃) မာရ်နတ်ဆိုးကြီးကိုတော့ ဒေ၀ပုတ္တမာရ်လို့ ခေါ်တယ်။
(၄) ခန္ဓာငါးပါးကိုတော့ ခန္ဓမာရ်လို့ ခေါ်တယ်။
(၅) သေခြင်းတရားကိုတော့ မစ္စုမာရ်လို့ ခေါ်တယ်။ (ဥဒါနအဋ္ဌကထာ၊ ၁၉၅)

အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

Powered by Blogger.