Tuesday, November 6, 2012

လူကပဲတိရစ္ဆာန်စကား နားလည်တာလား၊ တိရစ္ဆာန်ကပဲ လူစကားပြောတာလား

မေး။ ။ ဒါလေးကိုဖတ်ရင်းနဲ့သတိရမိတာလေးထပ်မေးပါရစေဘုရား။ သုတ္တန်တရားတော်တွေမှာ ဘုရားအလောင်းပါရမီဖြည့်စဉ်ကာလတွေမှာ တိရစ္ဆာန်တွေနဲ့ လူတွေဟာစကားပြောကြတယ်။ အဲဒါလူတွေက တိရစ္ဆာန်စကားနားလည်နေတာလား။ တိရစ္ဆာန်တွေကပဲ လူစကားပြောတတ်ကြတာလားဘုရား။ တပည့်တော်သိချင်လို့ပါဘုရား။

ဖြေ။ ။ ယနေ့မျက်မှောက်ခေတ်မှာရိုက်ကူးတဲ့ မောင်ပေါက်ကျိုင်းဗွီဒီယိုဇာတ်ကားထဲမှာ မာဂဓဘာသာစကားတတ်တဲ့သူဟာ တိရစ္ဆာန်စကား နားလည်တယ်လို့ ဆိုပါတယ်။ အဲဒီတော့ လူအားလုံးက တိရစ္ဆာန်စကားကို နားလည်နိုင်တာ မဟုတ်ဘဲ မာဂဓဘာသာစကားတတ်တဲ့သူဟာ တချို့သော တိရစ္ဆာန်များရဲ့စကားမှာ မာဂဓဘာသာနဲ့တိုက်ဆိုင်မှုရှိတာကို နားလည်တာလို့ ယူဆရပါမယ်။

ဦးဇင်း ခု ကျမ်းအတွက် အလုပ်များနေလို့ ကိုယ်တိုင်ရေးပေးဖို့၊ ရှာဖွေပေးဖို့ အချိန်မရတာကြောင့် ရှေးမှာဖြေဆိုပေးထားတဲ့ အချက်အလက်များကို ဗဟုသုတအဖြစ် တင်ပြပေးပါမယ်။

၂၀၀၃-ခု မတ်လထုတ် မြတ်မင်္ဂလာမဂ္ဂဇင်းတွင် ဘဒ္ဒန္တတိလောကသာရက ဤသို့ဖြေဆိုပေးထားတာကို တွေ့ရပါတယ်။

တိရစ္ဆာန်များ ပါဠိစကား နားလည်သည်ဟု မဆိုနိုင်ပါ။ နားလည်ကြောင်း မည်သည့်ကျမ်းဂန်မှာမှ အဆိုမရှိပါ။ သို့သော် တစွန်းတစ ခေါ်ဝေါ်မှုကို နားလည်ကြောင်းကား မှတ်သားရဖူးပါတယ်။ (ကြောင်-မိန်၊ ၀က်-လေ့၊ သိသာရွေ့၊ စေ့ခေါ်ဆင်မှာ ဘယ့်ကြောင့်နည်း)-ဟူသော စွယ်စုံကျော်ထင် အဖြေတွင်- ကြောင်ကို မိန်မိန် (မြီမြီ) ဟု ခေါ်ခြင်းသည် မီနသဒ္ဒါ ငါးကိုဆိုသဖြင့် ငါး-ငါး-ဟု အသံပေးခြင်းဖြစ်ကြောင်း ဆိုပါသည်။

ဝက်ကို လေ့လေ့-ဟု ခေါ်ခြင်းသည် ယာဂုကဲ့သို့သော လျက်ဖွယ်ကို လျက်၍စားသော သတ္တ၀ါဖြစ်၍ လေယျလေယျ လျက်လှည့်လျက်လှည့်-ဟု ခေါ်ခြင်းဖြစ်ကြောင်း။

ဆင်ကို စေ့စေ့-ဟု ခေါ်ခြင်းမှာ စေ့ဝု စေ့ဝု ဆန်ဆန်-ဟု အသံပြုခေါ်ဝေါ်ခြင်း ဖြစ်ကြောင်းဆိုပါသည်။

ခွေးကို အို့အို့-ဟု ခေါ်ခြင်းမှာလည်း အ၀ဟရ၊ အ၀ဟရ မျိုလှည့် မျိုလှည့်-ဟုခေါ်ခြင်းဖြစ်ကြောင်း။

ကြက်ကို တီတီ-ဟု ခေါ်ခြင်းသည် ပိုမွှားတိရစ္ဆာန်ကို စားတတ်သော သတ္တ၀ါဖြစ်ခြင်းကြောင့် တီတီ ပိုးမွှား ပိုမွှား-ဟု အသံပြုခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ဆိုပါသည်။

ကျီးကို အန်း အန်း-ဟု အသံပြုခြင်းသည်လည်း အန္န အန္န-ထမင်း ထမင်း-ဟု အသံပြုခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ဖြေဆိုထားပါသည်။

ဤသို့ ကြောင်၊ ၀က်၊ ဆင်၊ ခွေး၊ ကြက်၊ ကျီးတို့အား ခေါ်ဝေါ်သော ဝေါဟာရတို့မှာ မာဂဓပါဠိစကားသက်များဖြစ်၍ တိရစ္ဆာန်တို့ ပါဠိနားလည်သည်ဟု ဆိုခြင်းဖြစ်ဟန် တူပေသည်။

တစ်ခါ ၂၀၀၁-ခု နိုဝင်ဘာလထုတ် မြတ်မင်္ဂလာမဂ္ဂဇင်းတွင် ဓမ္မာစရိယ-ဦးအေးနိုင်(ဘီ-အေ)ရေးသားထားတာကို ယခုလို တွေ့ရပါတယ်။ မာဂဓဘာသာမှာမူ နေရာအချို့၌ဖြစ်စေ၊ တခါတရံဖြစ်စေ ပြောဆိုသူတို့ အလွဲလွဲအမှားမှား ရွတ်ဆိုသင်ယူခြင်းစသော အကြောင်းကြောင့် ပြောင်းလဲပျက်စီးတတ်သော်လည်း နေရာများစွာ၌ဖြစ်စေ၊ အခါခပ်သိမ်းဖြစ်စေ၊ ပြောင်းလဲခြင်း မရှိပေ။ အကြောင်းမှာ-ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ မာဂဓဘာသာကိုသာ အပြောများ၏ဟု သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ၌ မိန့်ဆိုထားရကား ကမ္ဘာပျက်သောအခါမှာပင် ကမ္ဘာပျက်ရာတွင် မပါဝင်သော ဗြဟ္မာ့ပြည်၌ သဘာဝအားဖြင့် တည်ရှိနိုင်သောကြောင့် ဖြစ်သည်။

(လူသားတို့ မှားမှားယွင်းယွင်း သင်ယူုခြင်း စသည်တို့ရှိသောကြောင့် အချို့နေရာ၌ တခါတရံ ပြောင်းလဲတတ်သည်ဟု ဆိုခြင်းဖြစ်၏။ ဗြဟ္မာ့ပြည်စသည့်နေရာတို့၌ မပြောင်းလဲဘဲ ပကတိသဘာဝအတိုင်း တည်ရှိနိုင်သည့်အတွက် နေရာများစွာ၌ အခါခပ်သိမ်း ပြောင်းလဲခြင်းမရှိဟု အနုဋီကာ၌ ဆိုထား၏။)

မာဂဓဘာသာကား အနက်အဓိပ္ပါယ်ကို ချမ်းသာလွယ်ကူစွာ သိနိုင်၊ ဆောင်နိုင်၏။ ဗုဒ္ဓရှင်တော်မြတ်ဘုရား မာဂဓဘာသာစကားဖြင့် တရားဟောတော်မူလျှင် ပဋိသမ္ဘိဒါပတ္တပုဂ္ဂိုလ်တို့မှာ ကြားရုံမျှဖြင့်ပင် နည်းပေါင်းရာထောင်ဖြင့် အဓိပ္ပါယ်ကို ကျယ်ဝန်းစွာသိကြ၏။ အခြားဘာသာဖြင့် ဘုရားစကားတော်အစဉ်ကို တင်ထားလျှင် ထိုစကားတော်ကို အရိုက်အပုတ်ခံ၍ သင်ယူကြရမည်ဖြစ်၏။ ပုထုဇဉ်ပုဂ္ဂိုလ်တို့အဖို့လည်း အမြောက်အများသင်ယူစေကာမူ ပဋိသမ္ဘိဒါပတ္တဖြစ်ရန် အခွင့်အလမ်းမရှိ။ အမှန်စင်စစ် မာဂဓဘာသာသည်သာ သဘာဝနိရုတ္တိဖြစ်၍ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၏အရာလည်း ဖြစ်၏။

နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ကိုရလျှင် မာဂဓဘာသာကို အလိုအလျောက် တတ်နိုင်သည့်နည်းတူ မာဂဓဘာသာ၌ ကျွမ်းကျင်လိမ္မာခြင်းသည်လည်း ပဋိသမ္ဘိဒါဉာဏ်ကို ရခြင်းအကြောင်းတစ်ပါးလည်း ဖြစ်ပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ပိဋကတ်သုံးပုံဟူသော တရားတော်ကို မာဂဓဘာသာဖြင့်သာ ဟောကြားတော်မူခြင်းဖြစ်သည်ဟု သမ္မောဟ၀ိနောဒနီစသော ကျမ်းများ၌ မိန့်ဆိုထား၏။

ကမ္ဘာပျက်ရာတွင် မပါဝင်သော ဗြဟ္မာ့ပြည်၌ သဘာဝအတိုင်း မပြောင်းမလဲ တည်ရှိခဲ့သောကြောင့် မာဂဓဘာသာသည် ကမ္ဘာဦးလူသားတို့ ပြောဆိုသော ဘာသာစကားလည်း ဖြစ်ခဲ့၏။ ထင်ရှားစေဦးအံ့။ ကမ္ဘာဦးလူသားတို့မှာ ဗြဟ္မာ့ပြည်မှ စုတေ၍ လူ့ပြည်သို့ ဥပပါတ် ပဋိသန္ဓေအားဖြင့် ရောက်လာကြသူများဖြစ်၍ လူသားအဖြစ်ဖြင့် ဖြစ်လာကြသည့်အခါမှာလည်း ဗြဟ္မာ့ပြည်တွင် ပြောဆိုခဲ့သော မာဂဓဘာသာကိုပင် ပြောဆိုကြသည်ဟု ကျမ်းဂန်တို့၌ မိန့်ဆိုထား၏။ သို့ဖြစ်၍ မာဂဓဘာသာသည် ဘာသာတကာတို့၏ အရင်းမူလဖြစ်ရကား မာဂဓဘာသာကို မူလဘာသာ-ဟုလည်း ကျမ်းဂန်တို့၌ သုံးနှုန်းကြ၏။ ထိုဘာသာစကားကို ( ကမ္ဘာဦးလူသား၊ ဗြဟ္မာ၊ သူတပါးတို့ စကားပြောသံကို မကြားရသေးသော ကလေးနှင့် တောတွင်း လူရိုင်း၊ မြတ်စွာဘုရား-) တို့ ပြောကြားကြသည်ဟု ပဒရူပသိဒ္ဓိကျမ်း၌ မိန့်ဆိုထားပေသည်။

ဗုဒ္ဓမြတ်စွာသည် မာဂဓဘာသာစကားဖြင့် တရားဒေသနာကို ဟောကြားခဲ့သည်ဟု ဆိုခဲ့၏။ ဤနေရာ၌ မာဂဓဘာသာစကား မတတ်သူ တရားနာ ဝေနေယျတို့မှာ တရားတော်ကို မည်သို့နားလည်နိုင်ပါသနည်းဟု မေးစရာရှိ၏။ အဖြေကား ဘုရားရှင်သည် မာဂဓဘာသာဖြင့်ပင် တရားတော်တို့ကို ဟောကြားတော်မူသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် တရားနာယူသူ ပုဂ္ဂိုလ်တို့ကမူ မိမိတို့ဆိုင်ရာ ကိုယ်ပိုင်ဘာသာဖြင့်ပင် နားလည်ကြသည်။

ဥပမာ-ဒမိဠလူမျိုးတို့ကလည်း ဒမိဠဘာသာစကားဖြင့် ဟောကြားနေသည်ဟု ထင်ရသကဲ့သို့ အန္ဓက လူမျိုးတို့ကလည်း အန္ဓကဘာသာဖြင့်ပင် ဟောညွှန်ပြသဆိုဆုံးမနေသည်ဟု ထင်ရလေသည်။ ဤသို့ ထင်ရခြင်းသည်ပင် အစိန္တေယျဂုဏ်တော်လေးပါးတို့တွင် ၀ါစာအစိန္တေယျ ဂုဏ်တော်ဟူသော ဘုရားရှင်၏ တန်ခိုးအာနုဘော်ပင် ဖြစ်သည်ဟု ဣတိဝုတ္တက အဋ္ဌကထာစသော အဋ္ဌကထာကျမ်းများစွာ၌ မိန့်ဆိုထားသည်။

ဒီလောက်ဆိုရင်တော့ သိချင်တဲ့ဗဟုသုတ ပြည့်စုံလိမ့်မယ်လို့ ထင်ပါတယ်။ စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာကာ လိုရာဆန္ဒပြည့်ဝပြီး ပန်းတိုင်ကို လျင်မြန်စွာလျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်.....။

0 comments:

Post a Comment

Powered by Blogger.