Wednesday, October 10, 2012

ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် ကိုးကွယ်ခြင်းနဲ့ ပတ်သတ်၍

မေး။ ။ အရှင်ဘုရား တပည့်တော်စိတ်ထဲမှာ မတင်မကျဖြစ်နေတာလေး တစ်ခုမေးလျှောက်ခွင့်ပြုပါဘုရား။ အဘဘိုးဘိုးအောင် ဘိုးမင်းခေါင်တို့သည် ဘုရားဟောပိဋကတ်တော်တွင် ပါဝင်သည်ဆိုတာ ဟုတ်ပါသလားဘုရား။ တပည့်တော်ငယ်စဉ်ကတည်းက ယခုအချိန်ထိ အနန္တောအနန္တငါးပါးကိုသာ ကိုးကွယ်ပူဇော်ဦးချရာဟု သတ်မှတ်ထားပါသည်ဘုရား။ ဘုရားဝတ်ပြုတိုင်းတော့ အမျှဝေရာတွင် အဘဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်တို့ကို အမျှဝေပါတယ်ဘုရား။ သို့ပေမဲ့ ဦးချရှိခိုးခြင်းတော့မပြုပါဘုရား။အဲဒါတပည့်တော်မှာ အပြစ်ရှိပါသလားဘုရား။

တပည့်တော်မရဲ့ မိတ်ဆွေအချို့က ရှိခိုးသင့်တယ်။ ပိဋကတ်တော်မှာ သူတို့အကြောင်းပါတယ် စသဖြင့်ပြောကြပါတယ်ဘုရား။ တပည့်တော်ခံယူတာကတော့ အနန္တောအနန္တငါးပါးကလွဲ၍ ပူဇော်ရာရှိခိုးဦးချရာမရှိဟု သတ်မှတ်ပါသည်ဘုရား။ တပည့်သိချင်တာလေး ကို ဖြေကြားပေးတော်မူပါဘုရား။


ဖြေ။ ။ ကိုးကွယ်ရာနဲ့ပတ်သတ်ပြီး ပိဋကတ်တွင်လာရှိတာများကို ပထမဦးဆုံး ဖော်ပြပေးပါမယ်။

(၁) မိမိကိုယ်ကိုသာ အားကိုးရာ ဖြစ်တယ်။ တစ်ပါးသူဟာ အားကိုးရာမဟုတ်ပါ။ မိမိကိုယ်ကို အားကိုးပြီးကြိုးစားအားထုတ်မှသာ ကောင်းစွာရခဲရောက်နိုင်ခဲလှတဲ့ သူတော်ကောင်းတရားများကို ရပါလိမ့်မယ်။ (ဓမ္မပဒပါဠိတော်၊ ၃၇)

(၂) ဘုရား၊ တရား၊ သံဃာ ရတနာ(၃)ပါးကို အောက်မေ့သတိရနေသူမှာ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်းထခြင်းတို့ ပျောက်သွားပါလိမ့်မယ်။ (ဓဇဂ္ဂသုတ်၊ ဒီ၊ ပါ၊ ၃၊ ၂၂၁)

(၃) မိဘဆွေမျိုး၊ သားသမီးစတဲ့ အခြံအရံများဟာ ကိုးကွယ်အားထားရာ မဟုတ်ကုန်၊ မိမိကိုယ်ကို အားထားမှသာ လိုရာခရီးရောက်ပါလိမ့်မယ်။ (ဓမ္မပါဠိတော်၊ ပထမတွဲ၊ ၂၈၈။ ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၂၇၂။)

(၄) ဘုရား၊ တရား၊ သံဃာ သရဏဂုံသုံးပါးကို ကိုးကွယ်ဆည်းကပ်သူဟာ သစ္စာလေးပါးကို မြင်ရလိမ့်မယ်။ ရတနာသုံးပါးကို ကိုးကွယ်သူအား အလုံးစုံသော ဒုက္ခအပေါင်းမှ ကင်းလွတ်လိမ့်မယ်။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၅၉)

တဖန် နတ်ကိုးကွယ်ခြင်းနဲ့ပတ်သတ်ပြီး ပိဋကတ်တော်များတွင်လာရှိတာများကို ဖော်ပြပေးရမယ်ဆိုရင်

(၁) နတ်တို့ချစ်မြတ်နိုးစေရန် မေတ္တာသုတ်ကို အမြဲရွတ်ဆိုပေးပါ။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၂၀၁)

(၂) နတ်ဆိုတာ သမုတိနတ်၊ ဥပပတ္တိနတ်၊ ၀ိသုဒ္ဓိနတ်ဆိုပြီး (၃)မျိုးသာ ရှိတယ်။ မင်း၊ မိဖုရား၊ မင်းသားတွေဟာ သမုတိနတ်များ ဖြစ်တယ်။ ဥပပါတ်ပဋိသန္ဓေနဲ့မွေးဖွားလာတဲ့ စတုမဟာရာဇ်စတဲ့ နတ်ပြည်(၆)ထပ်ဟာ ဥပပတ္တိနတ်များ ဖြစ်တယ်။ ပူဇော်အထူးကို ခံယူထိုက်တဲ့ ဘုရား၊ ရဟန္တာများဟာ ၀ိသုဒ္ဓိနတ်များ ဖြစ်တယ်။ အလှူပေးခြင်း၊ ဥပုသ်သီလစောင့်ထိန်းခြင်းများ ပြုလုပ်သူဟာ မင်းစည်းစိမ်၊ သူကြွယ်စည်းစိမ်၊ နတ်ပြည်ခြောက်ထပ်စည်းစိမ်တို့ကို ခံစားရပါတယ်။ လူတို့ရဲ့အသက်ဟာ အသက်(၁၀၀)ကနေ တစ်ရာထက် အနည်းငယ်လွန်ပြီး (၁၆၀)မျှလောက်သာ အသက်ရှည်ကြပါတယ် လို့ မြတ်ဗုဒ္ဓက မိန့်ကြားခဲ့ပါတယ်။ (၀ိဘင်္ဂပါဠိတော်-၄၃၇)

(၃) ကုသိုလ်ကောင်းမှုပြုပြီးတိုင်း နတ်တို့ကို အမျှဝေရင် နတ်တို့က ပြန်လည်စောင့်ရှောက်ပေးကြတယ်။ သူတို့ကို အမျှဝေခြင်းနဲ့ပူဇော်ရင် နတ်တွေဟာ အထူးနှစ်သက်တယ်။ အမျှဝေခြင်းနဲ့ ပူဇော်တဲ့သူကို နတ်တွေက တုံ့ပြန်တဲ့အနေနဲ့ မိခင်တစ်ယောက်က မိမိရင်သွေးကို စောင့်ရှောက်ကာကွယ်သလို ပြုလုပ်ပေးကြတယ်။ နတ်တွေရဲ့ စောင့်ရှောက်မှုကို ခံရသူဟာ မကောင်းတဲ့အနိဋ္ဌာရုံများနဲ့ မတွေ့ရဘဲ ကောင်းတဲ့အာရုံများနဲ့သာ ကြုံတွေ့ရပါတယ်။ (ဥဒါန၊ ပါ၊ ၁၈၈၊ ဋ္ဌ၊ ၃၇၉)

(၄) နတ်တို့ကို အမျှဝေပေးတဲ့သူကို နတ်တို့ကစောင့်ရှောက်ကြတဲ့အတွက် ဖြစ်ပေါ်နေတဲ့ဒုက္ခတွေ ငြိမ်းစေနိုင်ပြီး စည်းစိမ်တိုးပွားပါတယ်။ (အံ၊ ဋ္ဌ၊ ၇၊ ၁၅၄)

(၅) အကြင်သူတို့သည် နေ့၌လည်းကောင်း၊ ည၌လည်းကောင်း နတ်များကို ပူဇော်ကြတယ်။ ထိုသူတို့ကို အကြင်နတ်များက မမေ့မလျှော့ဘဲ ကာကွယ်စောင့်ရှောက်ကြပါလို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါတယ်။ (ခုဒ္ဒကပါဠိတော်၊ ၅)

(၆) ဗေဒင်သုံးးပုံတက်ကျွမ်းသူ၊ မင်းဘုရင်၊ နတ်မင်းကြီးလေးယောက်၊ တာဝတိံသာနတ်စသူတို့က ရှိခိုးရတဲ့ သိကြားမင်းဟာ ကောင်းမှုကုသိုလ်ပြုလုပ်သူ၊ သီလရှိသူ၊ ရတနာသုံးပါးကို ဆည်းကပ်သူ၊ တရားနဲ့အညီ မိဘ၊ သားမယားကို လုပ်ကိုင်ကျွေးမွေးသူတို့ကို ရှိခိုးပါတယ်။ (သံ၊ ၁၊ ၂၃၆)

သိကြားမင်းကတောင် အထက်ပါအင်္ဂါ(၄)ချက်နဲ့ ပြည့်စုံသူကို ရှိခိုးတယ်ဆိုမှတော့ မိမိတို့ကသာ အထက်ပါအချက်များပြည့်စုံအောင် ပြုလုပ်နေထိုင်ဖို့ လိုပါတော့တယ်။ သိကြားမင်း ရှိခိုးခံရတဲ့သူဆိုရင် သိကြားမင်းထက်နိမ့်တဲ့ပုဂ္ဂိုလ်တွေက ဒုက္ခပေးမှာ ကြောက်စရာ မလိုတော့သလို သိကြားမင်းလောက်မှ အစွမ်းအစမရှိတဲ့သူတွေက ကူညီစောင့်ရှောက်မယ်ဆိုတာလည်း ယုံကြည်စရာ မလိုတော့ပါဘူး။ တကယ်တမ်း ကူညီမစထိုက်တဲ့ပုဂ္ဂိုလ်ဆိုရင် သိကြားမင်းကိုယ်တိုင် ကူညီမစပေးပါလိမ့်မယ်။

ဒါဆို မိမိတို့က သိကြားမင်းထက်သာလွန်တဲ့ ရတနာသုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်ပြီး မိဘဆရာသမားတို့ ကျေးဇူးကိုသိတတ်တဲ့ အနေနဲ့ ကျေးဇူးဆပ်ကာ ရှိခိုးဖို့ လိုပါတော့တယ်။ သိကြားမင်းထက်နိမ့်တဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေကို ကိုးကွယ်ရှိခိုးစရာလည်း မလိုတော့ပါဘူး။ ကျန်တဲ့အရာများကို ကိုးကွယ်ရှိခိုးတယ်ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ အထက်ပါအင်္ဂါ(၄)ချက်နဲ့ မပြည့်စုံလို့သာ ဖြစ်ပါလိမ့်မယ်။

ရှိခိုးတဲ့အခါ ရှိခိုးသူနဲ့ ရှိခိုးခံသူတို့မှာ ရှိခိုးသူကသာ ကုသိုလ်ရပြီး ရှိခိုးခံသူက ကုသိုလ်မရပါ။ ရှိခိုးခံသူဟာ ရှိခိုးခံထိုက်တဲ့ အရည်အချင်းများ မရှိဘူးဆိုရင် အပြစ်သာ ရပါတယ်။ ဒါကြောင့် မိမိတို့က သူတစ်ပါးကို ရိုသေလေးစားထိုက်တဲ့ အရည်အချင်များရှိပါက ရှိခိုးနိုင်ပါတယ်။ ရှိခိုးခံရသူကသာ မိမိမှာ အရည်အချင်း ရှိမရှိ စမ်းသပ်ပြီး ရှိခိုးခံသင့် မခံသင့်ကို စဉ်းစားရပါမယ်။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံစံတစ်ရပ်ဖြစ်လို့ တစ်ဦးနဲ့တစ်ဦး လက်အုပ်ချီတာမျိုးဆိုရင်တော့ ဒါဟာ နှစ်ဦးနှစ်ဘက်လုံးပေါ် လေးစားမှုသာပြတာကြောင့် ဘယ်သူမှာမှ အပြစ်မဖြစ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ လက်အုပ်ချီသူစိတ်ထဲမှာ ယဉ်ကျေးမှုဓလေ့ အနေနဲ့သာ ပြုလုပ်ခြင်းကြောင့် ဖြစ်ပါတယ်။

ဒါကတော့ ဦးဇင်းလေ့လာတွေ့ရှိသမျှ ကိုးကွယ်ခြင်းနဲ့ပတ်သတ်တာ၊ နတ်ပူဇော်ခြင်းနဲ့ ပတ်သတ်တာတွေပါ။

မေးခွန်းရှင်ပြောတဲ့ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်တို့ဟာ ဗုဒ္ဓဘာသာနဲ့ပတ်သတ်တဲ့ ပိဋကတ်တော်များတွင် မပါရှိပါ။ နတ်များကို ပူဇော်ပသခြင်းများ ပြုလုပ်ရမယ်ဆိုတာ အပေါ်မှာတွေ့ရှိရတဲ့ ကျမ်းဂန်လာများအရ ကုသိုလ်ကောင်းမှုကိုသာ အမျှဝေပေးခြင်းသာဖြစ်ပြီး ကျန်တဲ့ စားသောက်ပစ္စည်းတွေနဲ့ ပူဇော်စရာ မလိုဘူးဆိုတာ ထင်ရှားနေပါတယ်။

ဒီနေရာမှာ ဆက်စပ်မိတာနဲ့ သူရဿတီနတ်ကိုကိုးကွယ်မှုကို ပြောချင်ပါသေးတယ်။ သူရဿတီနတ်ဟာ ဟိန္ဒူဘာသာတို့ရဲ့အယူအရ ကမ္ဘာလောကကြီးကအစ ဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်နတ် ဖြစ်ပါတယ်။ အဲဒီလိုဖန်ဆင်းရှင် နတ်စတာတွေကိုးကွယ်ရင် ကမ္မဿကတ-ကံ, ကံရဲ့အကျိုးကို ယုံကြည်မှုကင်းမဲ့သွားလို့ သရဏဂုံပျက်စီးပြီး ဗုဒ္ဓဘာသာအဖြစ်ကနေ ဟိန္ဒူဘာသာ ဖြစ်သွားပါတယ်။

အဲဒီစကား ခိုင်မာမှုရှိဖို့ရန်အတွက် ကျမ်းဂန်များတွင် လိုက်လံရှာဖွေကြည့်ရာ “ရတနာသုံးပါးကို လောကဓာတ်တစ်ခုလုံးရဲ့ အမြတ်ဆုံးအလှူခံဟု မှတ်ယူကာ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ အရိုအသေပြုခြင်းတို့ပြုလုပ်ရင် သရဏဂုံယူပြီးဖြစ်သွားတယ်။ သရဏဂုံ တည်ပြီးဖြစ်သွားတယ်။ သရဏဂုံ တည်ပြီးတဲ့ ဗုဒ္ဓဘာသာဝင်ဟာ ရတနာသုံးပါးမှတစ်ပါး အခြား နတ်၊ ဘိုးတော်၊ တိတ္ထိရဟန်းစတဲ့ တစ်ဦးဦးကို တစ်လောကလုံးရဲ့ အမြတ်ဆုံးပုဂ္ဂိုလ်လို့ နှလုံးသွင်းကာ ကိုးကွယ်ဆည်းကပ်ခြင်း စသည်တို့ပြုမိရင် မူလဆောက်တည်ထားတဲ့ သရဏဂုံ ပျက်သွားပေတယ်" လို့ သီလက္ခန်အဋ္ဌကထာဆရာက ဖွင့်ဆိုပြထားတာ တွေ့ရပါတယ်။ (ဒီ၊ ဋ္ဌ၊ ၁၊ ၂၀၇)

အဲဒီတော့ မိမိတို့က ကြောက်လန့်လို့ဖြစ်စေ၊ ရမ်းသမ်းပြီးတော့ဖြစ်စေ တခြားနတ်ဆိုး၊ နတ်မိစ္ဆာ၊ မကောင်းဆိုးဝါး၊ လောကမှာမရှိတဲ့အရာတွေကို ယုံကြည်မယ်ဆိုရင်လည်း မိမိတို့ ခံယူထားတဲ့ ဗုဒ္ဓဘာသာအဖြစ်ကနေ လျှော့ကျမသွားအောင် သရဏဂုံပျက်လောက်အောင်တော့ ရတနာသုံးပါးထက် ပိုမိုပြီး မကိုးကွယ်ကြနဲ့ပေါ့လေ။ ဘုရားစင်ဆိုတဲ့နေရာမှာ ဘုရားဆင်းတုတော်ပဲထားပြီး တခြားအရာများ အရံသဘောအဖြစ် သူများပြောတာ အဟုတ်မှတ်ကာ ယုံကြည်ကိုးကွယ်ချင်လည်း တခြားနေရာမှာ သီးသန့်ထားကြပါ။

လောကမှာ အမှန်တကယ်ရှိတဲ့ စတုမဟာရာဇ်နတ်အစရှိတဲ့ နတ်တွေဟာ မိမိပြုလုပ်တဲ့ ကောင်းမှုကုသိုလ် ကို အမျှဝေပေးဖို့ပဲ လိုတယ်ဆိုတာ အထက်ကတရားတော်တွေ ထောက်ဆကြည့်ရင် သိနိုင်ပါတယ်။ တကယ်လည်း နတ်တွေဟာ လူ့ပြည်က အစားအသောက်တွေကို မစားနိုင်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နတ်သုဒ္ဓါလောက်မှ မကောင်းတဲ့အစားစာတွေ ဖြစ်နေလို့ပါ။ လူတို့ကပြုလုပ်တဲ့ ကောင်းမှုကို အမျှဝေတဲ့အခါ သာဓုခေါ်ရင်တော့ သာဓုခေါ်တဲ့နတ်တွေဟာ ကောင်းမှုတိုးပြီး စည်းစိမ်ချမ်းသာ၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်းတွေ တိုးပွားသွားကြပါတယ်။ ဒါကြောင့် နတ်တွေကို ကောင်းစားစေချင် တယ်၊ မိမိတို့ကိုလည်း စောင့်ရှောက်ကာကွယ်ပေးစေချင်တယ်ဆိုရင်တော့ မိမိကောင်းမှုလုပ်ပြီးတိုင်း အမျှဝေပေးကြပါလေ။

ဒါပြင် ထေရ၀ါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့ဟာ အသေထွက်၊ အရှင်ထွက်ဆိုတဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူများကို ကိုးကွယ်နေကြတာ တွေ့ရပါတယ်။ အသေထွက်ဆိုတာ လက်ရှိဘ၀က သေလွန်ပြီးပေမဲ့ အစွမ်းသတ္တိဆက်လက်ရှိနေသေးသူ၊ အရှင်ထွက်ဆိုတာ သက်တမ်းများစွာ ရှည်ကြာလျက်ရှိနေသူများလို့ ယုံကြည်နေကြတာပါ။

သဗ္ဗညုတဘုရားရှင်ဟာ တန်ခိုးအရာ၊ ပညာအရာစတာတွေ အထူးကဲဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ အဲဒီလို သဗ္ဗညုတဘုရားရှင်သော်မှ သူတစ်ပါးဒုက္ခကို ကယ်တင်မပေးဘဲ ဘယ်လိုလုပ်ဆိုတာလောက်ပဲ လမ်းညွှန်ပေးပြီး ကိုယ်လုပ်မှ ကိုယ်ရမယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကို ခု ထွက်ရပ်ပေါက်တွေ၊ သိဒ္ဓိရှင်တွေ၊ နတ်အမျိုးမျိုးတွေက ကယ်တင်ပေးမယ်။ မင့်တို့လုပ်စရာမလိုဘူး။ ငါတို့လုပ်ပေးမယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားစေချင်ပါတယ်။

မြတ်ဗုဒ္ဓသေလွန်(ပရိနိဗ္ဗာန်စံ)တဲ့အခါမှာလည်း မင့်တို့ကို ငါသေသွားပေမဲ့ ကယ်တင်နိုင်သေးတယ်၊ ကယ်တင်ပေးဦးမယ်လို့ မပြောခဲ့ပါဘူး။ မင့်တို့ဒီလိုလုပ်ရင် ဒီလိုအကျိုးတရားတွေတော့ ခံစားရမယ်ဆိုပြီး နည်းလမ်းပဲပေးခဲ့ပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရမှာပါ။ လောကမှ အသာလွန်ဆုံး၊ အတုမရှိတဲ့ မြတ်ဗုဒ္ဓသော်မှ သေလွန်တဲ့အခါ ဘာအစွမ်းမှ မရှိတော့ဘဲ မသေခင်က အဓိဋ္ဌာန်တာများသာ ရှိနေတော့တာမို့ ကျန်တဲ့ပုဂ္ဂိုလ်တွေက သေပြီးအစွမ်းသတ္တိတွေ ရှိနေသေးတယ်ဆိုတာ ယုတ္တိရှိရဲ့လား၊ ဖြစ်နိုင်ပါမလား။

သိဒ္ဓိရှင်၊ ၀ိဇ္ဇာသမားတွေကို ကိုးကွယ်ယုံကြည်နေသူများက အဲဒီလူတွေဟာ သေပြီးသော်လည်း တန်ခိုးနဲ့ ကယ်တင်သေးတယ်လို့ ယုံကြည်ကြတယ်။ တချို့က မသေဘဲအသက်ရှင်လျက် ရှိနေသေးတယ်လို့ ယုံကြည်ကြပါတယ်။ တကယ်တော့ ယခုလူ့သက်တမ်းဟာ တစ်ရာသက်တမ်းဖြစ်တဲ့အတွက် အထက်မှာမြတ်ဗုဒ္ဓပြောခဲ့တဲ့အတိုင်း အသက်(၁၀၀)ထက် အနည်းငယ် ကျော်လွန်သူ (၁၆၀)ပတ်ဝန်း ကျင်သာ အသက်ရှည်မယ်လို့ ပထမအာယု၊ ဒုတိယအာယုသုတ် (သံ၊ ၁၊ ၁၁၀) တို့မှာလည်း မိန့်ကြားထားခဲ့ တာကို ထောက်ဆကြည့်ရင် ထင်ရှားနေတာမို့ အသက်မသေဘဲ ကယ်တင်စောင့်ရှောက်နေတဲ့သူ မရှိဘူးလို့ သတ်မှတ်ရပါလိမ့်မယ်။

မိမိတို့ ယုံကြည်ကိုးကွယ်နေတဲ့သူတွေဟာ မြတ်ဗုဒ္ဓလုပ်မပေးနိုင်တာကို လုပ်ပေးနိုင်တယ်။ မြတ်ဗုဒ္ဓထက် သာလွန်သူတွေဖြစ်နေ ရင်တော့ မြတ်ဗုဒ္ဓဟာ အတုမရှိ မြတ်ဗုဒ္ဓမဟုတ်တော့ဘဲ ဖြစ်သွားပါ လိမ့်မယ်။ဒါကြောင့် ယုံကြည်တဲ့နေရာမှာ မိမိတို့ အဓိကထားယုံကြည်နေတဲ့ မြတ်ဗုဒ္ဓထက် သာလွန်နေသူများကို ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဆင်ခြင် ယုံကြည်ဖို့လိုတယ်ဆိုတာ မမေ့ပါနဲ့။ မြတ်ဗုဒ္ဓထက် သာလွန်သလိုဖြစ်နေတဲ့ ဒီလိုပုဂ္ဂိုလ်တွေကို ယုံကြည်မိရင် မိမိတို့ဟာ ဗုဒ္ဓဘာသာ ဖြစ်ပါဦးမလားဆိုတာ စဉ်းစားဆင်ခြင်ကြည့်ရင် သိပါလိမ့်မယ်။

ဦးဇင်းတက်သိသမျှ ရေးဖြေပေးခြင်းကို ယခုတော့ ဒီမျှနဲ့ပဲ နားပါရစေ။ စာဖတ်ပရိသတ်များအားလုံး အသိပညာကြွယ်ဝကြပြီး ကိုးကွယ်ရာအစစ်ကို ကိုးကွယ်ရင်း အမှန်တရားရှိရာသို့ လျင်မြန်စွာ ရောက်ရှိ ခံစားနိုင်ကြပါစေလို့ ဆန္ဒပြုလျက်......။

6 comments:

naylinnhtun said...

ကျေးဇူးကြီးပါတယ် အရှင်ဘုရား တပည့်တော်က အစထဲက နတ်တွေ မယုံကြည်မကိုးကွယ်ခဲ့ပါဘူး အခုလို ရှင်းရှင်းလင်းလင်း ထက်ပြီးသိလိုက်ရတဲ့အတွက် ရတနာသုံးပါးကိုသာကိုးကွယ်ရလို့ ယုံကြည်ထားတဲ့ တပည့်တော် အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်

ချစ်စံအိမ် said...

ဦးဇင်းပိုစ့်လေးလာရောက်ဖတ်သွားပါတယ်ဘုရား

koko myo said...

ကျေးဇူးကြီးပါတယ်အရှင်ဘုရား

ရွာသူလေးချမ်းချမ်း ရင်တွင်းဖြစ် said...

တန်ဖိုး၇ှိလှပါတယ်အ၇ှင်ဘုရား

zaw zaw said...

ကျေးဇူးကြီးလှပါပေတယ်အရှင်ဘုရားဒီပိုစ်လေးကိုဗုဒ္ဒဘာသာဝင်တိုင်း
ဖတ်မိကြပါစေ

zaw zaw said...

မှတ်သားနာယူသွားပါတယ်ဘုရား

Post a Comment

Powered by Blogger.