Saturday, September 8, 2012

ရဟန်းမခံထိုက်၊ ဈာန်မဂ်ဖိုလ်မရထိုက်သူများ

ဝိနည်းမဟာဝဂ္ဂပါဠိတော်(၁၆၄)မှာပါတဲ့ ရဟန်းမခံထိုက်သူ၊ ဈာန်မဂ်ဖိုလ်မရထိုက်သူ အဘဗ္ဗပုဂ္ဂိုလ်(၁၁)ယောက်အကြောင်းကို တချို့က မရှင်းလင်းဘဲဖြစ်နေကြတဲ့အတွက် ဦးဇင်းဆီကို လာလာမေးနေကြလို့ လူပြိန်းကအစ နားလည်အောင် ရေးသားတင်ပြပေးလိုက်ပါတယ်။

အဘဗ္ဗ-မကျွတ်ထိုက်သော၊ သို့မဟုတ် ရဟန်းဘ၀၊ ဈာန်မဂ်ဖိုလ်နဲ့ မထိုက်သောပုဂ္ဂိုလ်များမှာ

(၁) ပဏ္ဍုတ်
(၂) ဥဘတောဗျဉ္ဇနက (ပဏ္ဍုက်ငါးမျိုးနဲ့ဥဘတောဗျည်းတို့ရဲ့ အကျယ်အဓိပ္ပါယ်ကို ဦးဇင်းအရင် ဖြေထားခဲ့တဲ့ ပဏ္ဍုက်နဲ့အကြွေးရှိသူ ဘယ်လိုခွဲခြားမလဲ အမေးအဖြေကိုဖတ်လိုက်ရင် ရှင်းပါလိမ့်မယ်)

(၃) ထေယျသံဝါသက- ရှင်ရဟန်းအသွင်ကိုခိုးယူ၍ ရှင်ရဟန်းစစ်တို့နှင့် ပေါင်းသင်းနေထိုင်သူ။ ဆိုလိုတာကတော့ မိမိဘာသာ သင်္ကန်းဝတ်၊ ခေါင်းရိတ်ကာဖြင့် သာသနာဘောင်သို့ဝင်လာပြီး ရဟန်းသံဃာများနဲ့အတူနေထိုင်ကာ အခြားရဟန်းများလိုနေထိုင်ပြီးသကာလ ဥပုသ်ပြုခြင်းစတာတွေပါ ပြုလုပ်နေထိုင်သူ ရဟန်းတုများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်က ရဟန်းမဟုတ်ဘဲ ရဟန်းယောင်ဆောင်ထားလို့ အသွင်ခိုးသူလို့ ခေါ်ပါတယ်။ အဲဒီလို ရဟန်းသံဃာအသွင်ကို ခေါ်မိရင်လည်း ရဟန်းခံပေးလို့မရသလို ဈာန်မဂ်ဖိုလ်လည်း မရတဲ့ကံဖြစ်သွားပါတယ်။ တော်တော်ကြီးတဲ့ အကုသိုလ်လို့ သတ်မှတ်ရပါမယ်။

ထေယျသံဝါသက-ရဟန်းသံဃာအသွင်ခိုးသူနဲ့ပတ်သတ်ပြီး တချို့က ရဟန်းစစ်ဘ၀ကနေ ပါရာဇိကကျပြီး ရဟန်းမဟုတ်တော့တဲ့ ရဟန်းတွေကိုလည်း ထေယျသံဝါသက-ရဟန်းတုလို့ ထင်ပြီးသကာလ မှတ်ထင်နေကြတာ ရှိပါသေးတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ရဟန်းစစ်ဘ၀ကနေ ပါရာဇိကကျပြီး ရဟန်းမဟုတ်တော့တဲ့ သံဃာဟာ သူ့ကိုယ်သူတော့ ရဟန်းမဟုတ်မှန်း သိပါလိမ့်မယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း ရဟန်းမဟုတ်တော့ဘူး။ ပါရာဇိကကျပြီးပြီ၊ ကိုရင်ဘ၀နဲ့နေတော့မယ်။ ဒါမှမဟုတ် လူဝတ်ကြောင်နဲ့နေတော့မယ်စတာတွေ မပြောဆိုမပြုလုပ်ဘဲ အရင်ရဟန်းအစစ်အတိုင်း နေထိုင်သွားလာလှုပ်ရှားနေသမျှ အဲဒီပါရာဇိကကျတဲ့ရဟန်းဟာ ရဟန်းပဲမို့ ရဟန်းလို့ သတ်မှတ်ရပါမယ် ဆိုတဲ့အကြောင်း မဟာဝဂ္ဂအဋ္ဌကထာ၊ တိတ္ထိယပကန္တကကထာတွင်လည်းကောင်း၊ ၀ိနယသင်္ဂဟ အဋ္ဌကထာ၊ စာမျက်နှာ(၁၅၁)တွင်လည်းကောင်း ပြဆိုထားပါတယ်။

ပါရာဇိကကျတဲ့ရဟန်းဟာ သူ့မှာရဟန်းသီလမရှိတော့လို့ သူကတော့ သူများလှူဒါန်းတာတွေကိုစားနေသမျှ အပြစ်ကတော့ ဖြစ်နေမှာပါ။ ဒါပေမဲ့ လှူဒါန်းသူများမှာတော့ မြတ်ဗုဒ္ဓက သီလမရှိသူရဟန်းကိုလည်း သံဃာအားလုံးအား ရည်စူးလှူဒါန်းရင် ရှင်သာရိပုတ္တရာအစရှိတဲ့ ရဟန္တာများပါ အကျုံးဝင်သွားတာမို့ သံဃိကလှူဒါန်းခြင်းအာရုံသာပြုလှူဒါန်းရင် ငါ့ဘုရားရှင်ကိုလှူဒါန်းတာထက် အကျိုးပေးများတယ်လို့ သဒ္ဓါတရားကောင်းသူ၊ ပညာနဲ့ပြည့်စုံသူများအား ဟောကြားပေးခဲ့ပါတယ်။

သဒ္ဓါတရားကတော့ ရှိတယ်။ ဒါပေမဲ့ ပညာနည်းတဲ့အတွက် သီလ၊ သမာဓိ၊ ပညာနဲ့ပြည့်စုံတဲ့ မိမိကြည်ညိုသူမှ လှူဒါန်းချင်တဲ့ပုဂ္ဂိုလ်များကိုတော့ မြတ်ဗုဒ္ဓက အဲဒီလိုလူဆိုရင် သီလ၊ သမာဓိ၊ ပညာ များများပြည့်စုံတဲ့ ရဟန်းသံဃာကို လှူပါလို့ မိန့်တော်မူခဲ့ပါတယ်။ တကယ်တော့ ဒီလိုလူဟာ ပညာနည်းသူမို့ သူ့ကို သီလမရှိတဲ့ရဟန်းသံဃာလှူခိုင်းရင် မလှူဘဲနေမှာဆိုးလို့ ပြောပေးရတဲ့ သဘောမျိုးပါ။

ရဟန်းသံဃာတစ်ပါးပါးဟာ သီလ၊ သမာဓိ၊ ပညာနဲ့လည်းပြည့်စုံတယ်။ မိမိလည်း ကြည်ညိုနေတယ်ဆိုရင် အဲဒီသံဃာကို လှူလိုက်ပါ။ သို့သော် လှူတဲ့အခါမှာတော့ သံဃိက-သံဃာအားလုံးကို မှန်းပြီးသကာလ လှူဒါန်းမယ်ဆိုရင် ပိုမိုအကျိုးပေး များမှာပါ။ ဒါကြောင့် ကျောင်းကန်ဘုရားစတဲ့ အဆောက်အဦးတွေမှစ ဘယ်အလှူမျိုးမဆို မိမိကြည်ညိုသူကို လှူဒါန်းရင်လည်း သံဃိကအလှူလေးဖြစ်အောင် ပြုလုပ်စေချင်ပါတယ်။ ဒါမှ မိမိတို့အလှူဟာ ရဟန္တာများပါ လှူဒါန်းရတဲ့အကျိုးပေးတွေ ဖြစ်နေမှာပါ။

သံဃိကလှူလိုက်ရင် သံဃာအားလုံးနဲ့သက်ဆိုင်သွားတာမို့ သံဃာအားလုံးကိုတော့ လိုက်လံခွဲဝေပေးစရာ မလိုပါဘူး။ တစ်ကျောင်းမှာလှူတဲ့ဟာကို တစ်ကျောင်းမှာရှိတဲ့သံဃာများက သုံးဆောင်နိုင်သလို ကျောင်းတိုက်တစ်တိုက်မှာလှူတဲ့ဟာဆို ကျောင်းတိုက်တစ်ခုမှာရှိတဲ့ သံဃာများက ခွဲဝေသုံးဆောင်နိုင်ပါတယ်။ တစ်ပါးစာသုံးဆောင်စရာဆိုရင်လည်း အလှူခံတဲ့ သံဃာတစ်ပါးတည်းလည်း သုံးဆောင်နိုင်ပါတယ်။ လှူတဲ့သူကတော့ အကျိုးပေးများမှာ သေချာပါတယ်။ အလှူခံတဲ့သံဃာကသာ သံဃိကလှူတာကို ငါ့တစ်ပါးတည်းလှူတာဆိုတဲ့ စိတ်မထားဖို့၊ မသိမ်းပိုက်မိဖို့ပါ။ အများသုံးဆောင် လောက်တဲ့ဟာဆို အများသုံးဆောင်နိုင်အောင် ခွဲဝေပေးပေါ့လေ။

(၄) တိတ္ထိယပက္ကန္တက-တိတ္ထိတို့ထံသို့ သာသနာတော်မှ ဖဲသွားခဲ့သူ။ ရဟန်းဘောင်ဝင်ပြီး ရဟန်းသံဃာကိုအထင်သေးကာ တိတ္ထိထံမှာ သို့မဟုတ် တခြားဂိုဏ်းမှာသွားရောက်ပြီးသကာလ ထိုဂိုဏ်းဂဏ၀ါဒတို့ရဲ့ အယူကိုယူပြီး တဖန်ရဟန်းဘောင်ဝင်ရောက်ချင်တဲ့သူများကိုလည်း ရဟန်းခံပေးလို့ မရပါဘူး။ ဒီလိုလူဟာ သံဃာကိုစော်ကားထားသူမို့ ရဟန်းခံပေးလို့မရသလို ဈာန်မဂ်ဖိုလ်ကို မရနိုင်တာပါ။ ရဟန်းသံဃာကို မစော်ကားရသေးဘဲ တခြားဂိုဏ်းဂဏကိုယုံကြည်ရာမှ ဗုဒ္ဓဘာသာကိုယုံကြည်လာသူဆို ရဟန်းခံပေးလို့ရသလို ဈာန်မဂ်ဖိုလ်လည်း ရနိုင်ပါတယ်။

(၅) တိရစ္ဆာန် (ဒါကတော့ ရှင်းပါတယ်)
(၆) အမေသတ်သူ။
(၇) အဖေသတ်သူ။
(၈) ရဟန္တာသတ်သူ။

(၉) မြတ်ဗုဒ္ဓအားသွေးစိမ်းတည်အောင်ပြုသူ။ တချို့ကမေးကြပါတယ်။ တချို့လူတွေက ဗုဒ္ဓရုပ်ပွား၊ စေတီတွေကို ဖျက်ဆီးကြတယ်။ အဲဒီလူတွေကျတော့ ဘာဖြစ်လို့ မြေမမျိုတာလဲ။ ဒုက္ခမရောက်တာလဲတဲ့။ ဒုက္ခကတော့ အနည်းနဲ့အများ ရောက်မှာပါ။ ဒါပေမဲ့ မြေမျိုးလောက်တဲ့အထိတော့ သူတို့မှာ ကံမထိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ များသောအားဖြင့် ဗုဒ္ဓရုပ်ပွား၊ စေတီတွေကို ဖျက်ဆီးကြတဲ့လူတွေဟာ သူတို့သန္တာန်မှာ သက်ရှိဗုဒ္ဓကို အာရုံပြုပြီး ဖျက်ဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ကြတာ မဟုတ်လို့ပါ။ မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း သူ့ကို သက်ရှိလိုအာရုံပြုပြီး လှူဒါန်းမယ်၊ ရိုသေမယ်၊ ဂါရ၀တရားထားမယ်ဆိုရင် သက်ရှိကိုပြုလုပ်လှူဒါန်းရသလို အကျိုးပေးမှာဖြစ်ပြီး သက်မဲ့ကိုအာရုံပြုရင်တော့ ကုသိုလ်ရော အကုသိုလ်ပါ  မိမိစိတ်ထားအတိုင်း အကျိုးပေးမှာပါတဲ့။ အဲဒါကြောင့် ဗုဒ္ဓကိုမယုံကြည်သူများဟာ သက်ရှိကိုအာရုံမပြုဘဲ စေတီရုပ်ပွားများကို သက်မဲ့လိုအာရုံပြုပြီး အုတ်ခဲဘိလပ်မြေကိုဖျက်ဆီးသလို အာရုံထားဖျက်ဆီးကြတာမို့ မြေမျိုးတဲ့အထိ အကျိုးမပေးတာပါ။ ထိုက်သင့်တဲ့ဒုက္ခတော့ ခံကြရမှာပါ။

ဗုဒ္ဓရုပ်ပွားစေတီတွေကို မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိသလို အာရုံပြုမယ်။ ယုံကြည်စိတ်ရှိပြီး ဖျက်ဆီးမယ်ဆိုရင်တော့ ထိုက်သင့်တဲ့ကံကြီးများ အကျိုးပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမှုကိုဖြစ်စေ၊ မကောင်းမှုကိုဖြစ်စေ ပြုလုပ်တဲ့အခါမှာ ပြုလုပ်သူရဲ့စိတ်ထားပေါ်မူတည်ပြီး အကျိုးပေးတာကြောင့် ပြုလုပ်တာခြင်းတူကြပေမဲ့ အကျိုးပေးခြင်း ကွာနေတာကို လက်တွေ့လူအချင်းချင်း နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။

ဗုဒ္ဓဘာသာအိမ်တိုင်းမှာ ဗုဒ္ဓဘုရားစင်ရှိကြပေမဲ့ ရိုသေလေးစားတာ၊ ကိုးကွယ်တာ၊ သန့်ရှင်းတာ၊ သပ်သပ်ရပ်ရပ်ပြုလုပ်ထားတာခြင်းမတူကြသလို အာရုံပြုလှူဒါန်း လေးစားကြတာခြင်းလည်း မတူတာကြောင့် ဘုရားစင်ရှိတဲ့အိမ်ခြင်းတူပေမဲ့ အကျိုးပေးခြင်း မတူတာတွေကို လက်တွေ့မြင်သိကြလိမ့်မယ် ထင်ပါတယ်။ အဲဒါကြောင့် မိမိတို့စိတ်ထားလေးဟာ မှန်ကန်ဖို့နဲ့ကောင်းမွန်ဖို့ သတိမမေ့ဖို့ အရေးကြီးတယ်ဆိုတာ ဂရုစိုက်ကြပေါ့လေ။

(၁၀) သံဃာသင်းခွဲသူ။ သံဃာသင်းကွဲအောင်တော့ များသောအားဖြင့် လူဝတ်ကြောင်တွေက မပြုလုပ်နိုင်သလို ဖြစ်မြောက်အောင်လည်း မပြုလုပ်နိုင်ပါဘူး။ အကြံပေးလောက်တော့ လုပ်နိုင်တာပေါ့လေ။ အဓိက သံဃာသင်းခွဲအောင် ပြုလုပ်နိုင်တာကတော့ သံဃာချင်းပဲဖြစ်လို့ ဒီကံကတော့ သံဃာတွေသာ အဓိကရှောင်ကြဉ်ရမှာပါ။ လူဝတ်ကြောင်တွေကတော့ သံဃိကနဲ့ပုဂ္ဂလိက ခွဲခြားတတ်ဖို့ သူများလှူတာ မပိတ်ပင်မိဖို့၊ သူများလှူတာကို မနာလိုမဖြစ်ဖို့စတာတွေပဲ ရှောင်ကြဉ်ကြပါလေ။ သံဃာသင်းခွဲတယ်ဆိုတာ အရှင်ဒေ၀ဒတ်မထေရ်က သံဃာအချင်းချင်း ခွဲထွက်သွားအောင် ပြုလုပ်တာမျိုးကို ဆိုလိုတာပါ။

(၁၁) ဘိက္ခုနီဒူသက-ဘိက္ခုနီမဖျက်ဆီးသူ။ ဒီကံကတော့ ယနေ့ခေတ်မှာ ဘိက္ခူနီမရှိတော့လို့ ကံကျုးလွန်ဖို့ မလွယ်တော့ပါဘူး။ ဒါပေမဲ့ သီရိလင်္ကာ၊ ထိုင်း၊ အမေရိကန်စတဲ့နိုင်ငံတွေရဲ့ တစ်စိတ်တစ်နေရာများ မှာတော့ ဘိက္ခူနီလို့သတ်မှတ်ပြီး ပြုလုပ်နေကြတာတော့ တွေ့ရပါတယ်။

ဒီလောက်ဆိုရင်တော့ ရဟန်းမခံထိုက်သူ၊ ဈာန်မဂ်ဖိုလ်မရထိုက်သူများအကြောင်းကို ရှင်းလင်းနားလည် လောက်ပြီ ထင်တာမို့ ဒီမှာပဲ ရပ်နားပါရစေ။

0 comments:

Post a Comment

Powered by Blogger.