Wednesday, September 26, 2012

သံဝေဂပွားများဖို့နဲ့ သံဝေဇနိယ(၄)ဌာန

မေး။ ။ ဆရာတော်မေးခွင့်ပြုပါဘုရား။ ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာနကို သွားရောက်ဖူးမြော်ရင် အပယ်မကျဘူးဆိုတာ ဘုရားဟောရှိပါသလား။ ရှိခဲ့ရင်လဲ ဘုရားရှင်က ဘယ်သူ့ကိုဟောတာလဲ။ ဘယ်နေရာမှာ ဟောခဲ့တာလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ အာနန္ဒာ သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်ကုန်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်ကုန်သော ဌာနတို့သည် လေးပါးရှိကုန်၏။ အဘယ်လေးပါးတို့နည်းဟူမူ-

ဤ (လုမ္ဗိနီ) ဌာန၌ မြတ်စွာဘုရားသည် ဖွားတော်မူ၏။ အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနပေတည်း။

ဤ (မဟာဗောဓိ) ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကိုရတော်မူ၏။ အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနပေတည်း။

ဤ (မိဂဒါဝုန်) ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားတော်ကို ဟောကြားလည်စေတော်မူ၏။ အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည်ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနပေတည်း။

ဤ (ကုသိနာရုံ) ဌာန၌ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသနိဗ္ဗာနဓာတ ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏။ အာနန္ဒာ ဤဌာနသည်လည်း သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနပေတည်း။

အာနန္ဒာ သဒ္ဓါတရားရှိသော အမျိုးသားသည် ဖူးမြော်ထိုက်သော (ဖူးမြော်သူအား) သံဝေဂရစေတတ်သော ဌာနတို့သည် ဤလေးပါးတို့ပေတည်း။

အာနန္ဒာ သဒ္ဓါတရားရှိကုန်သော ရဟန်း၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာမတို့သည် ဤ (လုမ္ဗိနီ) ဌာန၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏ဟူ၍လည်းကောင်း၊ ဤ (မဟာဗောဓိ) ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏'' ဟူ၍လည်းကောင်း၊ ဤ (မိဂဒါဝုန်) ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားကို ဟောကြားတော်မူခဲ့၏ ဟူ၍လည်းကောင်း၊ ဤ (ကုသိနာရုံ) ဌာန၌ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏ဟူ၍လည်းကောင်း (အောက်မေ့လျက်) လာရောက်ကုန်လတ္တံ့။

အာနန္ဒာ စေတီပုထိုးတို့ကို ဖူးမြော်ရန် သွားလာလှည့်လည်သော သူတို့သည် ကြည်ညိုသော စိတ်ရှိလျက် သေကုန်ငြားအံ့။ ထိုသူအားလုံးတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက် ၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။

(ဒီယနိကာယ်၊ မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ်၊ (ဒီ၊ ၂၊ ၁၁၆)

အထက်ပါမြတ်ဗုဒ္ဓတရားတော်များကို ထောက်ဆကြည့်မယ်ဆိုရင် သံဝေဂတရားပွားများသူ၊သံဝေဂ တရားပွားများလျက် သေသောသူတွေသာ နတ်ပြည်သို့ ရောက်နိုင်ပါတယ်။ သံဝေဇနိယ(၄)ဌာနသွားရုံ၊ ဘုရားစေတီများကို လှည့်လည်ကြည့်ရှု့မှတ်တမ်းတင်ရုံနဲ့တော့ နတ်ပြည်ကို မရောက်နိုင်ပါ။ သံဝေဂဆိုတာ မြတ်ဗုဒ္ဓကိုကြည်ညိုတဲ့စိတ်ကို ဆိုလိုတာပါ။

"အော် မြတ်စွာဘုရားရှင် ဖွားမြင်ခဲ့တဲ့နေရာပါလား၊ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်ရခဲ့တဲ့နေရာ ပါလား၊ မြတ်စွာဘုရား အစဦးဆုံး ဓမ္မစကြာတရား ဟောခဲ့တဲ့နေရာပါလား၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခဲ့တဲ့နေရာပါလား၊ ခုတော့ ဒါတွေဟာ မမြဲခြင်းအနိစ္စတရားတွေမို့ အကုန်ပျက်စီးနေပါရော့လား စသည်ဖြင့် မြတ်ဗုဒ္ဓနဲ့ပတ်သတ်တာတွေကိုကြည့်ပြီး မြတ်ဗုဒ္ဓကိုကြည်ညိုမှုဖြစ်ရမယ်၊ ဒါတွေဟာ မမြဲခြင်းတရားတွေမို့ ခုတော့ အဲဒီ(၄)ခုလုံးဟာ ပျက်စီးသွားခဲ့ကြပြီလို့ သံဝေဂရှု့မှတ်ရပါမယ်။

ဒါကြောင့် သံဝေဇနိယ(၄)ဌာနကို သွားမယ်ဆိုရင် အစကတည်းက သံဝေဂပွားများမယ်ဆိုတဲ့ စိတ်လေးရှိဖို့ လိုအပ်ပါတယ်။ ရောက်ရင်လည်း သံဝေဂတရားများ ပွားများပြီးသကာလ မသေမချင်း ပွားများမိနေအောင် ပြုလုပ်နေဖို့ မမေ့ပါနဲ့။

သံဝေဂပွားများနိုင်မယ်ဆိုရင် အသုဘအလောင်းတစ်ခုကို သံဝေဂပွားများလျက်လည်းကောင်း၊ မိမိခန္ဓာကိုယ်ကို သံဝေဂပွားများလျက်လည်းကောင်း၊ အိုနာသေဘေးစတဲ့ သံဝေဂပွားများစရာတွေ၊ ကုသိုလ်တိုးပွားစရာတွေ အများကြီးထဲကနေ မိမိနဲ့သင့်လျော်မည့် မည်သည့်တရားမဆို သံဝေဂပွားများမယ်ဆို ပွားများနိုင်ပါတယ်။

အဓိကက မိမိသန္တာန်မှာ အမြဲတစေ ကုသိုလ်ဖြစ်စေမဲ့အရာများ ရှိနေဖို့ပါ။ ဒါမှ သေတဲ့အခါ သုဂတိဘုံကို ရောက်ပါလိမ့်မယ်။ မိမိသန္တာန်မှာ ကုသိုလ်တရားလေးတွေ အမြဲတစေရှိဖို့ အရေးကြီးတာကြောင့် ကုသိုလ်တရားလေးတွေ နေ့စဉ်ရှိနေပြီး အာရုံပြုနေမိဖို့ မမေ့ကြပါနဲ့။ စာဖတ်ပရိသတ်အားလုံး ကုသိုလ်တရားများ နေ့စဉ်လက်ကိုင်ထားနိုင်ကြပါစေလို့ ဆန္ဒပြုလျက်.....။

0 comments:

Post a Comment

Powered by Blogger.