Sunday, September 23, 2012

အဓမ္မဝါဒ ဖြန့်ဝေမှု အကျိုး၊ အပြစ် စိစစ်ချက်

မေး။ ။ မေးရင် ဖြေမယ်ဆိုလို့ မေးပါရစေဘုရား။ ဗုဒ္ဓဘာသာကို တဘက်တလမ်းက ကူညီပြန့်ပွားအောင် (သာသနာပြုသူများကို မဆိုလိုပါဘုရား။ သာသနာပြန့်ပွားရေး လုပ်ငန်းလုပ်နေသူများကို ဆိုလိုပါသည်ဘုရား) လုပ်ဆောင်နေကြသော တပည့်တော်တို့လို Webmaster တွေ၊ တရားပွဲတွေကို စီစဉ်ကျင်းပနေတဲ့ ကူညီရေးအသင်းတွေနဲ့ သက်ဆိုင်ပါတယ်ဘုရား။

သာသနာပြန့်ပွားရေးကို လုပ်ဆောင်နေသူတွေဟာ အကယ်၍ တရားအမှားတွေကို ဖြန့်ဖြူးမိခဲ့ရင် အပြစ် ဖြစ်ပါသလားဘုရား။ ဒီမေးခွန်းကို ဆရာတော်တွေ တော်တော်များများကို မေးခဲ့ဘူးပါတယ်။ အဖြေတွေက မျိုးစုံပါ။ အဘိဓမ္မာရှုထောင့်က ကြည့်ပြီး ဖြေတဲ့ ဆရာတော်တွေကတော့ လူအများကို သိစေလိုတဲ့ စေတနာနဲ့ တရားကလဲ မှားမှန်းမသိဘဲ လုပ်ဆောင်တဲ့အတွက် အပြစ်မရှိပါဟု ဖြေဆိုပါတယ်။ အဲဒီမှာ မေးခွန်း တခုထပ်တိုးပါတယ်ဘုရား။ မှားမှန်မသိတာက ပထမ တခါလောက်ပါ။ ဒါပေမဲ့ တပည့်တော်တို့လို website သမားတွေ၊ တရားပွဲတွေ ကမကထ လုပ်ဆောင်နေတဲ့ အဖွဲ့တွေက လူတွေ အများစုနဲ့ဆက်ဆံနေတာဆိုတော့ Feedback တွေ ဝေဖန်မှုတွေ အများအပြား လက်ခံရရှိတတ်ပါတယ်။ ဒီဆရာတော် ဟောတဲ့တရားကို သဘောကျတယ်၊ မကျဘူး။ အဲဒီ ဟောပြောချက်ဟာ မှားတယ်၊ မှန်တယ်စသည်ဖြင့်ပေါ့။

အဲဒီလို Feedback လာတဲ့အခါမှာတော့ မသိလို့ဆက်လုပ်မိတယ် ဆိုတာမျိုး မဟုတ်တော့ဘူး။ တပိုင်းတစ သိတာ ဖြစ်သွားပြီ။ အဲဒီတော့ ဒီတရားကိုဆက်လက် ဖြန့်ဝေမလားဆိုတဲ့ ဆုံးဖြတ်မှုကို ပြုရ မယ်ပေါ့။ မြန်မာပြည်မှာတောင် စာပေတတ်ကျွမ်းတဲ့ ဆရာတော်ကြီးတွေ စုပေါင်းပြီး ဝိနိစယခုံရုံးနဲ့ တရားမှားတာ၊ မှန်တာကို စစ်ဆေးနေကြတာ။ တပည့်တော်တို့လို ဘာမှမဟုတ်တဲ့ သူက ဆုံးဖြတ်ဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ complain လာပြီဆိုတော့ အဲဒီတရားကို ဆက်ပြီး ဖြန့်ရမလား၊ မဖြန့်ရမလားဆိုတဲ့ ဆုံဖြတ်မှုကို ပြုလုပ်ရပါတယ်။ ဆက်လက် မဖြန့်ဝေတော့ဟု ဆုံးဖြတ်လျှင် တရားဟောဆရာတော်အတွက် နစ်နာပါတယ်။ ဆက်လက်ဖြန့်ဝေမယ်ဆိုရင် တပည့်တော် တို့လို ဖြန့်ဝေသူအတွက် သံသရာမှာ နစ်နာပါတယ်။

ဒီမေးခွန်းကို တိပိဋက ဆရာတော်ကြီး တပါးကို မေးဘူးပါတယ်။ ဆရာတော်ကြီးက ဖြေပါတယ်။ မသိဘဲလုပ်ရင် အပြစ်မဖြစ်ဘူးလို့ မယူဆနဲ့ဒကာကြီးတဲ့။ ဥပမာ ပစ္စေကဗုဒ္ဓါတွေကို မတော်တဆ အပြစ်ကျူးလွန်မိတဲ့သူတွေ ရှိတယ်။ မသိလို့ လုပ်မိပေမဲ့ အပြစ်ကျရောက်တယ်တဲ့။ တိပိဋက စာမေးပွဲမှာလဲ အဲဒီကိစ္စကို ဒီလိုမျိုး မေးခွန်းထုတ်တယ်တဲ့။ ဥပမာ ဆိတ်တကောင်ကို ကောက်ရိုးပုံထဲမှာ ထဲ့ထားမယ်ဆိုပါတော့တဲ့။ လူတယောက်က လှံနဲ့ ကောက်ရိုးပုံကို ထိုးတယ်။ အဲဒီဆိတ် သေသွားတယ်။ အဲဒီလှံထိုးတဲ့သူ အပြစ်ရောက်ပါသလားတဲ့။ အဲဒီ ဆိတ်နေရမှာ အကယ်၍ လူတယောက်က ကောက်ရိုး ပုံထဲ့မှာ ရှိနေခဲ့ရင် လှံထိုလို့သေသွားခဲ့ရင် လှံထိုးတဲ့သူ အပြစ်ရှိပါသလားတဲ့။ အဲဒီ အပြစ်နှစ်ခုမှာ ဘယ်အပြစ်က ပိုကြီးသလဲတဲ့။ ဆိတ်သေတာနဲ့ လူသေတာမှာ လူသေတာက အပြစ်ပိုကြီးတယ်တဲ့။

နောက်ထပ် ဥပမာတခု ထပ်ပေးပါတယ်။ ပြည်တန်ဆာမတဦးဟာ အခန့်မသင့်လို့ ကိုယ်ဝန်ရပြီး သားယောင်္ကျားလေး မွေးပါတယ်။ မိခင်ပြည်တန်ဆာမက မလိုချင်လို့ သွားရောက်စွန့်ပြစ်ခဲ့ပါတယ်။ အဲဒီကလေးဟာ ကြီးပြင်းလာတော့ စစ်ထဲဝင်ပြီး စစ်သူကြီးတဦး ဖြစ်လာပါတယ်။ ဒီလိုနဲ့ တိုက်ပွဲမှာ ရန်သူနဲ့တွေ့တော့ မျှားကို ချိန်ရွယ်ပြီး ရန်သူရဲ့ ရင်ဝတဲ့တဲ့ကို ပစ်ချလိုက်တော့ ရန်သူဟာ သေဆုံးသွားပါတယ်။ ဒါပေမဲ့ သေဆုံးသွးတဲ့ ရန်သူဟာ ပြည်တန်ဆာမနဲ့ တချိန်မှာ ပျော်ပါခဲ့ဘူးတဲ့ စစ်သူကြီးရဲ့ ဖခင်တဦး ဖြစ်ပါတယ်။ အဲဒါကို မသိတော့ စစ်သူကြီးက ရန်သူအမှတ်နဲ့ ပြစ်လိုက်လို့သေသွားတဲ့ အမှုမှာ စစ်သူကြီးဟာ ပါဏာတိပါတာ ကံထိုက်မလား။ ပဉ္စာနန္တရိယကံထိုက်မလားလို့ မေးပါတယ်။ ဆရာတော်ကဘဲ ဖြေပါတယ်။ စစ်သူကြီးဟာ အဖေမှန်း မသိဘဲသတ်လိုက်ပေမဲ့ ပဉ္စာနန္တရိယကံ ထိုက်တယ်လို့ ဆိုပါတယ်။ ဆရာတော်ကြီးက အဲဒီဥပမာလိုဘဲ မိမိက စေတနာထားသော်လည်း မသိဘဲလုပ်တိုင်း ကံမထိုက်ဘူးလို့မယူဆနဲ့ ဒကာကြီးတဲ့။ မိမိလုပ်တာကို ခံရတဲ့သူရဲ့ မြင့်မြတ်မှုပေါ်မှာ မူတည်တယ်တဲ့။

အဲဒါဆိုတော့ တပည့်တော်လုပ်နေတဲ့ သာသနာပြန့်ပွားရေးမှာ မသိလို့ တရားအမှားတွေကို ဖြန့်ဝေမိတာ အပြစ်ဖြစ်လားလို့ မေးလျှောက်တော့ ဆိတ်ငြိမ်သွားပါတယ်။ ထို့နောက် ဆရာတော် တရာဟောကြွချိန်ဖြစ်လို့ တရားဟောခန်းမသို့ ကြွသွားသဖြင့် စကား မဆက်ဖြစ်တော့ပါ။

ဒီကိစ္စကို ဖားအောက်ဆရာတော်ကြီးကတော့ ပြတ်သားစွာ ပြောပါတယ်။ မင်းတို့တရားဖြန့်ဝေတဲ့ သူတွေ သတိလေးထားကြပါတဲ့။ မင်းတို့ဟာ တရားအမှားတွေကို ဖြန့်ဝေမိခဲ့လို့ရှိရင် အဲဒီကံနဲ့တူညီတဲ့ အကျိုးပေးဟာ။ မင်းတို့ နောင်ဘဝကျရင် တရားအမှားတွေနဲ့ အရင်တွေ့ရအုံးမှားပေါ့လို့ မိန့်တော်မူပါတယ်။ ဘုန်းဘုန်းကလဲ ဒီကိစ္စကို ဘယ်လို မြင်ပါသလဲဘုရား။


ဖြေ။ ။ မေးခွန်းက ရှေလျားသလောက် တော်တော်လေး သိမ်မွေ့ပါတယ်။ ဒီမေးခွန်းကိုပဲ စာတတ်ပေတတ် ဆရာတော်ကြီးများကို မေးပြီးခဲ့တာကိုထောက်ရင် မေးခွန်းရှင်ဟာ ဒီကိစ္စကို တော်တော်လေး အလေးထားပုံရပြီး ကိုယ့်လုပ်ရပ် မှန်၊ မမှန်နဲ့ အပြစ် ရှိ၊ မရှိ စိစစ်ချင်ပုံရပါတယ်။ အဓမ္မဝါဒကို ဖြန့်ဝေခြင်းနဲ့ ပတ်သက်လို့ Dhammadownload Webmasters တွေ စိုးရိမ်လည်း စိုးရိမ်စရာပါပဲ။ မေးခွန်းမေးတဲ့ Dhamma Download အဖွဲ့ဝင်များတို့၊ တရားပွဲဦးစီးကျင်းပသူများ၊ တရားစာအုပ်၊ တရားခွေစတဲ့ တရားနဲ့ပတ်သတ်ပြီး ဓမ္မဒါနပြုလုပ်နေသူများအတွက် ဒီမေးခွန်းဟာ အလွန်အရေးပါအရာရောက်သလို တစ်ချက်မှားရင် အပြစ်များစွာလည်း ဖြစ်နိုင်တာမို့ သတိထားပြုလုပ်သင့်တာတော့ အမှန်ပါ။ အဲဒီတော့လည်း ဦးဇင်းတက်သိသမျှ လေ့လာတွေ့ရှိသမျှကို ဖြေပေးပါမယ်။

မြတ်စွာဘုရားက မိစ္ဆာဒိဋ္ဌိ (အယူဝါဒမှောက်မှားခြင်း၊ အဓမ္မဝါဒ) နဲ့ ပတ်သက်လို့ အပြစ် ဘယ်လောက်ကြီးကြောင်း ဒေသနာ များစွာ ဟောကြားတော်မူခဲ့ပါတယ်။

(၁) မိစ္ဆာဒိဋ္ဌိ (အဓမ္မဝါဒီ) တစ်ယောက် ပေါ်ပေါက်လာရင် လောကလူသားအားလုံးအတွက် အကျိုးမဲ့ဖြစ်စေဖို့၊ ဆင်းရဲစေဖို့ ဖြစ်တယ်။ အဲ့ဒီလို ပုဂ္ဂိုလ်မျိုးဟာ လူများစွာကို သူတော်ကောင်း တရားတွေကနေ ကင်းဝေးစေပြီး မသူတော်တရား၊ အဓမ္မဝါဒတွေမှာ တည်စေတယ်လို့ မြတ်စွာဘုရား မိန့်တော်မူခဲ့ပါတယ်။ (အင်္ဂုတ္ထိုရ်ပါဠိတော်၊ ပထမအုပ်၊ စာမျက်နှာ - ၃၄)

အဲဒါကို ထောက်ဆကြည့်မယ်ဆိုရင်တော့ မိမိက မှားယွင်းတဲ့တရားကို ဖြန့်ဝေမိမှုကြောင့် လူအများ အယူလွဲမှားမှုတွေ ဖြစ်သွားမယ်။ တစ်ယောက်အယူလွဲမှားသွားရင်တောင် အဲဒီလူကနေ တစ်ဆင့်တစ်ဆင့် ထပ်ကာထပ်ကာ အယူဝါဒမှားယွင်းမှုတွေ တိုးပွားသွားနိုင်ပါတယ်။ အဲဒီလို မှားယွင်းတဲ့အယူဝါဒတွေ လောကမှာ များလာမယ်ဆိုရင် လောကရှိလူအများအတွက် အကျိုးမဲ့ တွေနဲ့သာ ရင်ဆိုင်နေမှာပါ။ အဲဒါဆို ဖြန့်ဝေသူမှာ မည်မျှလောက် အပြစ်တွေဖြစ်နေမယ်ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။

နောက်ပြီး မိမိက အလုပ်တစ်ခုလုပ်တဲ့နေရာမှာ မိမိအတွက်နဲ့သူတစ်ပါးအတွက်ဆိုပြီး နှစ်ဘက်လုံးကို ကြည့်ရပါမယ်။ မိမိပဲကောင်းကျိုးရစေပြီး သူတစ်ပါးကို ဆိုးကျိုးရစေတဲ့ အရာမျိုးရင်လည်း မပြုလုပ်သင့်ပါဘူး။ ဥပမာ-မိမိက စေတနာနဲ့လှူဒါန်းရင် ကောင်းကျိုးရတယ်ဆိုပြီး သူတစ်ပါးဒုက္ခရောက်စေမဲ့ တရားမှားတွေ ဖြန့်ဝေပေးမယ်ဆိုရင် မိမိက စေတနာမှန်လို့ အပြစ်မရှိသော် လည်း တစ်ဘက်လူမှာ ဆိုးကျိုးများစွာ ဖြစ်သွားနိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။ ဒါကြောင့် မိမိက သူတစ်ပါးအတွက် ဆိုးကျိုးရစေမဲ့ တရားတွေပါတဲ့ဟာကို သိရင်တော့ မဖြန့်ဝေပေးသင့်ပါ။ အရင်က မသိလို့ ဖြန့်ဝေပေးမိရင်လည်း မှားမှန်းသိတဲ့အချိန်မှာ ဘယ်စာအုပ်၊ ဘယ်တရားခွေမှာ ဘယ်လိုမှားနေတာကို အမှန်တကယ်သိရှိရတဲ့အတွက် ဖျက်ပစ်ခြင်း၊ သတိပေးခြင်းများ ပြုလုပ်သင့် ပါတယ်။ မိမိက တရားတစ်ခု မှားနေတာကို အများတကာသိအောင် တရားမှားကိုတရားမှားမှန်း သိစေလိုတဲ့ စေတနာနဲ့ဖြန့်ဝေပေးမယ်ဆိုရင်တော့ အဓမ္မကို အဓမ္မမှန်း သိစေချင်တဲ့စေတနာကြောင့် ဖြန့်ဝေသူမှာ အပြစ်မရှိပါပေ။

(၂) စေတနာနဲ့ပတ်သတ်ပြီး ရှင်းပြပေးရမယ်ဆိုရင် အများသိကြတဲ့ အင်္ဂုတ္ထိုရ်ပါဠိတော်၊ ဒုတိယတွဲ၊ စာမျက်နှာ (၃၆၃) မှာ စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ(အံ၊၂၊ ၃၆၃) စေတနာသာ ကံဖြစ်တယ်လို့ မြတ်ဗုဒ္ဓမိန့်ဆိုချက်ကို ထောက်ဆကြည့်ရင် မိမိအလုပ်တစ်ခုလုပ်တဲ့အခါ စေတနာ သည်သာ ကံအဖြစ် အကျိုးပေးမှာမို့ စေတနာပါမှု မပါမှုပေါ်မှာ မူတည်ပါတယ်။

စေတနာပါရင် ဘယ်လိုကံဖြစ်တယ် မဖြစ်ဘူးဆိုတာနဲ့ပတ်သတ်ပြီး ၀ိနယပိဋကတ်၊ ပါရာဇိကဏ်ပါဠိတော်၊ တတိယပါရာဇိကသိက္ခာပုဒ်၊ ၀ိနီတ၀တ္ထုမှာ မြတ်စွာဘုရားကိုယ်တိုင် ဆုံးဖြတ်ခဲ့တဲ့ ၀ိနည်းဖြတ်ထုံးလေးတစ်ခုကို ထုတ်ပြချင်ပါတယ်။ သားဖြစ်သူရဟန်းက ဖခင်ဖြစ်သူရဟန်းကို "ဖခင်ရဟန်း၊ အရှင်ဘုရားကို သံဃာတော်များ ပင့်လျှောက်နေတယ်" ဆိုပြီး ကျောကုန်းကိုတွန်းလိုက်ရာ ဖခင်ရဟန်းလဲကျကာ သေဆုံးသွားပါတယ်။ အဲဒီအခါမှာ သားဖြစ်သူရဟန်းက သူ့မှာ ပါရာဇိကအာပတ်သင့်မသင့် သံသယဖြစ်၍ ဘုရားရှင်ကို လျှောက်ထားပါတယ်။ ထိုအခါ ဘုရားရှင်က "သေစေလိုတဲ့ စေတနာမရှိလို့ အပြစ်မဖြစ်ပါ၊ သေစေလိုတဲ့စေတနာနဲ့တွန်းလျှင်တော့ အပြစ်ဖြစ်ပါတယ်"လို့ မိန့်တော်မူခဲ့ပါတယ်။ (၀ိ၊၁၊ ၁၀၁)

 မြတ်ဗုဒ္ဓချမှတ်ခဲ့တဲ့ ၀ိနည်းသိက္ခာပုဒ်တိုင်းနီးပါးမှာ အသဉ္စိစ္စ-စေတနာမပါရင် အပြစ်မရှိ၊ အာပတ်မသင့်လို့ ပါရှိနေတာကို တွေ့ရပါတယ်။

ဒီနေရာမှာ ပိုပြီး ရှင်းလင်းသွားအောင် ဓမ္မပဒအဋ္ဌကထာမှာလာတဲ့ သာမာဝတီမင်းသမီး အကြောင်း အနည်းငယ် ထုတ်နှုတ်တင်ပြလိုပါတယ်။ သာမာဝတီမင်းသမီးဟာ မျက်မှောက်ဘ၀မှာ မီးလောင်ပြီး သေဆုံးခဲ့ရပါတယ်။ အဲဒီလို မီးလောင်းခံရတာဟာ တစ်ခုသောအတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ အပြစ်ကြောင့် ဖြစ်ပါတယ်။ အတိတ်ဘ၀တစ်ခုက သာမာဝတီမင်းသမီးလောင်းလျာနဲ့ မောင်းမများဟာ ရှင်ဘုရင်နဲ့အတူ မြစ်ဆိပ်သို့ ရေကစားသွားကြပါတယ်။ အဲဒီအချိန်မှာ ရှင်ဘုရင်နန်းတော်ကို ဆွမ်းခံအမြဲကြွနေတဲ့ ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တစ်ပါးဟာ ဖလသမာပတ်ဝင်စားရန်အတွက် မြစ်ဆိပ် အနီးက မြက်တဲတစ်လုံးမှာဝင်ပြီး သမာပတ်ဝင်စားနေပါတယ်။ သာမာဝတီမင်းသမီးနဲ့မောင်းမများ ဟာ ရေထဲမှာ ဆော့ကစားပြီးတဲ့အခါ ချမ်းအေးလာကြပါတယ်။ ဒါနဲ့ မီးလှုံချင်လို့ မီးရှို့စရာနေရာ လိုက်ရှာကြတဲ့အခါ ပစ္စေဗုဒ္ဓါမထေရ်မြတ်သီးတင်သုံးနေတဲ့ မြက်တဲလေးကို သွားမြင်ပါတယ်။ မြက်တဲ ကို မြက်ပုံထင်ပြီး မီးရှို့လိုက်ကြပါတယ်။ မြက်တဲထဲမှာရှိတဲ့ ပစ္စေဗုဒ္ဓါမထေရ်မြတ်ကို မီးရှို့လိုက်သလို ဖြစ်သွားသော်လည်း ပစ္စေကဗုဒ္ဓါရှိမှန်းမသိတဲ့အတွက် (သေစေလိုတဲ့ စေတနာမပါလို့) အပြစ်မဖြစ်ပါဘူး။

ဒါပေမဲ့ မြက်တဲထဲမှာ ပစ္စေကဗုဒ္ဓါမီးလောင်းနေတာကို သိတဲ့အခါကျတော့ ရှင်ဘုရင်သိရင် အပြစ်ဒဏ်ပေးခံရမှာဆိုးပြီး အစဖျောက်တဲ့အနေနဲ့ အလောင်းပါမကျန်အောင် ပစ္စေကဗုဒ္ဓါရဲ့ကိုယ်ပေါ်မှာ ထင်းတွေပုံကာ ဆက်လက်မီးရှို့ကြပါတယ်။ အဲဒီလို သေစေလိုတဲ့စေတနာနဲ့ မီးရှို့တဲ့အတွက် သာမာဝတီနဲ့မောင်းမများမှာ အပြစ်သင့်သွားပါတယ်။ ဒါကြောင့် သာမာဝတီမင်းသမီးနဲ့ မောင်းမများဟာ ဘ၀ပေါင်းများစွာ မီးလောင်းသေရခြင်း ဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓါမထေရ်မြတ်ဟာ သမာပတ်ဝင်စားနေတာမို့ သမာပတ်ဝင်စားနေတဲ့ အချိန်မှာ မည်သူကမျှ သေအောင်ပြုလုပ်လို့မရတဲ့ သမာပတ်ရဲ့စွမ်းအားကြောင့် ပစ္စေကဗုဒ္ဓါမထေရ်မြတ် သေဆုံးခြင်းမရှိလို့ ပဉ္စာနန္တရိယကံတော့ မထိုက်ကြပါဘူး။ သို့သော် နောက်ပိုင်းမှာ သေစေလိုသောစေတနာနဲ့ မီးရှို့ခဲ့မှုကြောင့် အပါယ်ကျခြင်း၊ ဘ၀ပေါင်းများစွာ မီးလောင်းခံရခြင်းအကျိုးများကတော့ ခံစားရပါတယ်။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၁၄၃)

တစ်ခါ အဘိဓမ္မာပိဋကတ်၊ ကထာဝတ္ထုပါဠိတော်မှာလာရှိတဲ့ အထောက်အထားတစ်ခုကိုလည်း ထုတ်နှုတ်ဖော်ပြပေးပါဦးမယ်။ ကထာဝတ္ထုကျမ်းဆိုတာ တတိယသင်္ဂါယနာကို ဦးဆောင်ဦးစီးပြုပြီး သင်္ဂါယနာတင်ခဲ့တဲ့ အရှင်မဟာမောဂ္ဂလိပုတ္တ တိဿမထေရ်မြတ်က ရေးသားစီရင်ခဲ့တဲ့ကျမ်း ဖြစ်ပါတယ်။ တတိတသင်္ဂါယနာမှာ အဲဒီကျမ်းကို အဘိဓမ္မာပိဋကတ်ထဲ ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။ အဲဒီကျမ်းမှာ အဓမ္မ၀ါဒီသမားများရဲ့ မှားယွင်းတဲ့အယူအဆများကို ဓမ္မ၀ါဒီများက အမေးအဖြေပုံစံပြုလုပ်ပြီး ဖြေရှင်း ထားတာ တွေ့ရပါတယ်။

အဓမ္မ၀ါဒီ ဥတ္တရာပထတိုင်းသားများဟာ စေတနာမပါသော်လည်း အမိကိုသတ်မိရင် ပဉ္စာနန္တရိယကံထိုက်တယ်လို့ အယူရှိကြပါတယ်။ ဒါကို ဓမ္မ၀ါဒီဘက်ကနေ အမိကိုသတ်မိရင် အပြစ်ကြီးတာမှန်ပေမဲ့ စေတနာမပါရင် ပဉ္စာနန္တရိယကံ မထိုက်လို့ အဘိဓမ္မာပိဋကတ်၊ ကထာဝတ္ထုပါဠိတော်၊ စာမျက်နှာ(၄၂၇)မှာ တွေ့ရပါတယ်။ (ဘိ၊၅၊ ၄၂၇)

အဲဒီတော့ သူတစ်ပါးကိုကောင်းကျိုး ရစေချင်တဲ့ဆန္ဒသာရှိပြီး အကျိုးယုတ်စေမဲ့ စေတနာဆိုး မရှိဘူး။ တရားတော်များကို အမှားပါမယ်မထင်လို့ ဖြန့်ဝေမိရင် အပေါ်မှာတွေ့ရှိရတဲ့ တရားတော်များအလို အရ ဖြန့်ဝေသူမှာ အပြစ်မရှိနိုင်ပါ။ လက်ခံရရှိသူများမှာတော့ အသိပညာဗဟုသုတမရှိရင် တရားမှားကိုတရားမှန်ထင်ပြီး လိုက်နာကျင့်သုံးမိပါက ဒုက္ခပင်လယ်နဲ့ ကြုံတွေ့နိုင်တာကြောင့် အတက်နိုင်ဆုံးတော့ မိမိတို့ဖြန့်ဝေ ဓမ္မဒါနပြုလုပ်မဲ့ တရားစာအုပ်၊ တရားခွေများကို ပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်ပြီးသကာလ ဖြန့်ဝေပေးရင် ပိုကောင်းပါလိမ့်မယ်။

မိမိဖြန့်ဝေမဲ့တရားဟာ မှားမှန်း တိကျခိုင်မာစွာ သိလာရပြီး အထောက်အထားတွေနဲ့ တင်ပြနေသူရှိနေပြီ၊ ပညာရှင်များကလည်း အမှားလို့သတ်မှတ်နေပြီဆိုရင်တော့ မည်သည့်ပုဂ္ဂိုလ်ရဲ့တရားမဆို မဖြန့်ဝေသင့်ပါ။ သိလျက်နဲ့ ဖြန့်ဝေနေဦးမယ် ဆိုရင်တော့ စေတနာပါလာတဲ့အတွက် အပြစ်ဖြစ်မှာ မလွဲပါဘူး။ ဖြန့်ဝေသူမှာရော လက်ခံရရှိသူမှာရော ဆိုးကျိုးများစွာဖြစ်စေတာမို့ မလုပ်သင့်ဘူးဆိုတာ ထင်ရှားပါတယ်။ အရင်က ဖြန့်ဝေမိခဲ့တဲ့ တရားများတွင် အမှားပါတယ်ဆိုတာ အမှန်တကယ်သိရှိလာရင်တော့ ဖျက်ဆီးပစ်လိုက်ပါ။

အဓမ္မ၀ါဒကို ကိုယ်ပိုင်လက်ထဲထားစရာမလိုသလို တစ်ပါးသူများလက်ထဲလည်း မရောက်အောင်လို့ပါ။ အဓမ္မ၀ါဒမှန်းသိလျက် တစ်ဦးတစ်ယောက်မျက်နှာ၊ ဂုဏ်သတင်းအတွက်နဲ့ ဖြန့်ဝေသူရော၊ လက်ခံရရှိမဲ့သူများရော ထိခိုက်နစ်နာ ဆိုးကျိုးဖြစ်စေမဲ့ဟာကို သိသိကြီးနဲ့ မိုက်မဲမိရင်တော့ မိုက်မဲမိသူဟာ အမိုက်တကာ အမိုက်ဆုံးလူလို့ ပြောရပါလိမ့်မယ်။

အထက်မှာပြခဲ့တဲ့ ၀ိနည်းပိဋကတ်၊ သုတ္တန်ပိဋကတ်၊ အဘိဓမ္မာပိဋကတ်များက အထောက်အထားများနဲ့ဆို မေးခွန်းရှင်သိချင်တဲ့ အဖြေလုံလောက်ပြီလို့ ထင်ပါတယ်။

ဦးဇင်းဟာ ပညာရှင်မဟုတ်၊ စာသင်သားတစ်ပါးသာဖြစ်ပြီး ဦးဇင်းလေ့လာထားသမျှလေးကိုသာ မျှဝေပေးလိုက်တာမို့ အမှားပါရင်ပါနိုင်ပါတယ်။ မိမိအသိပညာနဲ့ သုံးသပ်နိုင်သလို ပညာရှင်များကိုလည်း မေးမြန်းကြပါဦးလေ။ စာဖတ်ပရိတ်သတ်အားလုံး အသိပညာတိုးတတ်ပြီး ငြိမ်းအေးမှုကိုလျင်မြန်စွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်.....။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

0 comments:

Post a Comment

Powered by Blogger.