Sunday, September 16, 2012

ပါဏာတိပါတကံဟာ သဘာဝကိုဆန့်ကျင်နေတာလား

ကျန်းမာရေး ပုံမှန်ဖြစ်လာလို့ ရေးလက်စအဖြေများကို အဆုံးသတ်ပေးလိုက်ပါတယ်။

မေး။ ။ ဆရာတော် မင်္ဂလာပါ။ အလုပ်များမှန်းသိပေမယ့် ဖြေရှင်းပေးပါအုံးဘုရား။ ပါဏာတိပါတကံနဲ့ပက်သက်ပြီး ဘာသာခြား တစ်ယောက်ကပြောပါတယ်။ သူတပါးအသက်ကို မသတ်ဖို့ တားမြစ်ထားတာက သဘာဝမကျပါဘူးတဲ့။ သူတပါးအသက်ကိုမသတ်ပဲနေလျှင် ကမ္ဘာကြီးရော လူတွေပါ ရှင်သန်နိုင်မှာမဟုတ်ဘူးတဲ့။

ဥပမာ-ခြင်လို ပိုးမွားမျိုးကိုတောင် မသတ်ပဲ လွတ်ပေးလိုက်ရင် ခြင်တွေဟာ ပေါက်ပွားရှင်သန်မှုများမယ် လူတွေအသတ်ပါဆုံးရှုံးနိုင်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတွေများပြီး အဲလို ဘယ်သတ္တဝါမှ မသတ်ပဲ ရောဂါဖြစ်နိုင်တဲ့ သတ္တဝါတွေ များလာမယ်ဆိုရင် လူတွေ သေကြေနိုင်တယ်လို့ပြောပါတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာတွေဟာ သတ္တဝါတွေကို မသတ်ပဲရှောင်တယ်။ ဒါပေမယ့် လူအချင်းချင်းပြန်သတ်နေတာနဲ့တူတူပါပဲတဲ့။

နောက်တစ်ခုက သူတပါးအသက်ကိုမသတ်ပဲ အသီးအရွက်တွေပဲစားတဲ့ ဗုဒ္ဓဘာသာဝင်တွေများလာရင်လဲ သဘာဝကြီးပျက်စီးပြီး ကြာရှည်ရပ်တည်နိုင်မှာမဟုတ်ပါဘူးတဲ့ဘုရား။ အသီးအရွက်ပဲစားတဲ့သူတွေ များလာလေ သဘောဝက အသီးအပွင့်တွေလျော့နည်းပြီး အလျှင်မှီအောင် ပြန်စိုက်နိုင်မှာ မဟုတ်ပဲ လူတွေ သေကျေပြက်စီးရမယ်လို့ပြောပါတယ်။ ပြီးတော့ဗုဒ္ဓဘာသာတွေဟာ ဟိုဟာသတ်လဲငရဲကြီး ဒီဟာ သတ်လဲငရဲကြီးနဲ့ အမြဲတမ်းဒုက္ခရောက်နေရတော့မှာလားတဲ့ဘုရား။ အဖြေကိုစောင့်မျှော်နေပါ့မယ် အရှင်ဘုရား။

ချိုရီ

ဖြေ။ ။ ပိုးမွှားတွေသတ်မှ ရောဂါကင်းမယ်လို့ တစ်ထစ်ချ သတ်မှတ်လို့မရပါဘူး။ တောရွာတွေမှာနေတဲ့လူတွေ ဘယ်ပိုးမွှားမှ မသတ်ပါဘူး။ သူတို့တွေ အသက်ရှင်ကျန်းမာလျက်ရှိကြပါတယ်။

နောက်ပြီး လူသားအားလုံး သူတစ်ပါးအသက်ကို မသတ်ဘဲရှောင်ကြဉ်မယ်လို့ ပြောလို့ရလား။ ဗုဒ္ဓဘာသာဖြစ်တဲ့လူအားလုံးတောင် ပါဏာတိပါတကံကို မစောင့်ထိန်းသူတွေ အများကြီးရှိပါသေးတယ်။ ဒါပြင် ကမ္ဘာမှာရှိတဲ့ လူသားအားလုံး ဗုဒ္ဓဘာသာဝင်ဖြစ်မယ်ဆိုတာရော ပြောလို့ရ လား။ မြတ်ဗုဒ္ဓရှိတဲ့အချိန်က ရဟန္တာများစွာ တရားဟောကြားနေတဲ့ ခေတ်ကာလ မှာတောင် ဘာသာခြားတွေ၊ ဗုဒ္ဓတရားကို မယုံကြည်သူတွေ၊ မလိုက်နာသူတွေ အများကြီးရှိသေးတယ်။ ဒီဘက်ခေတ်မှာဆို ပိုတောင်ဆိုးပါဦးမယ်။ အဲဒါကြောင့် အပေါ်ကပြောတဲ့စကားတွေက တစ်ခုမှတစ်ထစ်ချ သတ်မှတ်လို့မရပါ။ မြတ်ဗုဒ္ဓက သတ္တ၀ါအားလုံး သတ်ဖြတ်ခြင်းမှာ မကင်းလွတ်နိုင်ဘူးဆိုတာကိုသိလို့ မသတ်ရလို့အမိန့်ချမှတ်ခဲ့တာ မဟုတ်ပါဘူး။ သူတစ်ပါးအသက်ကိုသတ်ရင် မင့်တို့လည်း ၀ဋ်လည်ခြင်း အကျိုးတွေ ခံရတယ်။ ဒါဟာ လောကသဘာဝတရားပဲလို့ သိမြင်တဲ့အတိုင်း မိန့်ကြားပေးခဲ့တာပါ။

တချို့က သူတော်ကောင်းတွေ တရားကျင့်ကြံကြရင် လူဦးရေ နည်းပါးသွားမယ်။ မျိုးဆက်ပြတ်သွားမယ်စသည်ဖြင့် ပြောဆိုတွေးထင်နေကြပါတယ်။ တကယ်တမ်းစဉ်းစားကြည့်ရင် လူဦးရေဟာ နည်းမလာဘဲ များများလာတယ်ဆိုတာ စားသောက်ကုန်များ မလောက်ငှတာကိုထောက်ဆကြည့်ပါက သိနိုင်ပါတယ်။ နောက်ပြီး သတ္တ၀ါတွေဟာ သံသရာမှာကျင်လည်နေရတာ အများကြီးရှိနေကြသေးပြီး သံသရာမှလွတ်တဲ့သူဟာ အနည်းငယ်သာ ရှိပါသေးတယ်။ ဒါကြောင့် မျိုးဆက်ပြတ်ခြင်း လူဦးရေနည်းခြင်းတို့ဖြစ်မယ်လို့ တွေးထင်နေသူများ စဉ်းစားကြည့်ပါက သိနိုင်ကြောင်း ပြောပါရစေ။

တချို့သူများက ဦးဇင်းကိုတောင် တရားလာချကြပါသေးတယ်။ အရှင်ဘုရား သာသနာ့ဘောင်မှာနေရင် အရှင်ဘုရားရဲ့ စောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီးကျင့်ဝတ်ကို မလိုက်နာရာရောက်မှာပေါ့၊ မျိုးဆက်သစ်ကို ထိန်းသိမ်းပေးရာ မရောက်ဘဲနေမှာပေါ့ လို့ ပြောဆိုကြပါတယ်။ စောင့်လေမျိုးနွယ်ဆိုတဲ့ ကျင့်ဝတ်တရားဟာ လူဦးရေမျိုးဆက်ကို စောင့်ထိန်းခိုင်းတာ မဟုတ်ပါဘူး။ အဓိကအားဖြင့် မျိုးရိုးစဉ်လာစောင့်ထိန်းခဲ့တဲ့ ကိုယ်ကျင့်တရား၊ ဘာသာတရားအယူဝါဒတို့ရဲ့ မှားမှန်ကိုဆင်ခြင်ပြီးသကာလ မှားနေရင် မှန်အောင်ပြုပြင်ပေးရမယ်။ အမှန်ဖြစ်လာရင် အဲဒီအမှန်တရားကို စောင့်ထိန်းပေးရမယ်။ မိမိမျိုးရိုးစဉ်လာကို သူတစ်ပါးမကျုးကျော် မစော်ကားအောင် စောင့်ရှောက်ကာကွယ်ပေးရမယ်။ ကိုယ့်ကြောင့် ကိုယ့်မျိုးရိုးသိက္ခာမကျ၊ မျက်နှာမငယ်ရအောင် ပြုလုပ်ပေးခြင်းတို့ကို ဆိုလိုတာပါ။

သံသရာမှာ အမှားကိုအမှန်၊ အမှန်ကိုအမှားထင်ကာ ကျင်လည်နေရတဲ့ သတ္တ၀ါတွေ အများကြီးရှိသေးတယ်ဆိုတာ ကျန်တဲ့ဘုံဌာနတွေကိုမကြည့်ပါနဲ့။ တိရစ္ဆာန်တွေကိုကြည့်လိုက်ရင် သိပါတယ်။ အဲဒီလိုများပြားစွာကျန်နေသေးတဲ့ သတ္တ၀ါတွေကို သံသရာမှလွတ်အောင် မိမိကိုယ်တိုင်လည်းကြိုးစားရင် အများကိုလည်း လွတ်မြောက်အောင် နည်းလမ်းပေးခြင်း တို့ကို ပြုလုပ်ရပါမယ်။ အဲဒီလိုမဟုတ်ဘဲ သူလည်းကျင်လည် ကိုယ့်လည်းကျင့်လည်ဆိုရင်တော့ သံသရာထဲမှာ သတ္တ၀ါတွေမကုန်ဆုံးနိုင်တော့ဘဲ သူတော်ကောင်းတရားမရှိလို့ လူမိုက်တွေချည်းဖြစ်နေပါက သတ်ဖြတ်ခြင်းစတဲ့ လူမိုက်လုပ်ငန်းတွေနဲ့သာ ဘ၀တိုင်းကြုံတွေ့နေရမှာပါ။ ဒါကြောင့် သူတော်ကောင်းတရားထွန်းကားအောင် မိမိကိုယ်တိုင်လည်း ကျင့်သုံးရမှာဖြစ်ပြီး အများကိုလည်း ကျင့်သုံးနိုင်အောင် လမ်းညွှန်ပေးရပါမယ်။ ဒါမှသာ သံသရာထဲက သတ္တ၀ါတွေဟာ သူတော်ကောင်းနဲ့တွေ့ပြီး သူတော်ကောင်းများဖြစ်ကာ သံသရာဝဲသြဃထဲကနေ တဖြည်းဖြည်းချင်း လွတ်မြောက်ပြီးသကာလ ငြိမ်းချမ်းမှုကို ထာဝစဉ်ခံစားနေရမှာပါ။

လူသားတွေရဲ့ ခန္ဓာကိုယ်ဓာတ်သဘာဝကြီးက အသားစားမှဖြစ်မယ်၊ အသားစားမှ လိုအပ်တဲ့ခန္ဓာကိုယ် စွမ်းအားတွေရှိပြီး ကျန်းမာအသက်ရှည်မယ်ဆိုရင် အသားကိုစားနိုင်ပါတယ်။ ဒါပေမဲ့ မိမိစားမဲ့အသားဟာ သူ့ဘာသာသူ ဘယ်လိုပုံစံနဲ့ဖြစ်စေသေပြီးသား သတ္တ၀ါ ဖြစ်နေရပါမယ်။ မိမိကိုယ်တိုင်လည်း တိရစ္ဆာန်ကို မသတ်ရသလို သူတစ်ပါးကိုလည်း မသတ်ခိုင်းရ၊ မိမိစားမှာ ဆိုပြီးတော့လည်း သူတစ်ပါးက ပြုလုပ်မပေးရ၊ မိမိပယောဂ လုံးဝမပါရပါ။ အဲဒီလိုဆိုရင်တော့ မိမိစားတဲ့အသားရဲ့ သက်ရှိတိရစ္ဆာန်ဟာ မိမိနဲ့မည်သို့မည်မျှမှ ပတ်သတ်မှု မရှိတဲ့အတွက် အပြစ်မရှိပါပေ။ အဲဒီလိုမဟုတ်ဘဲ မိမိပယောဂတစ်ခုခုပါခဲ့ရင် ဖြစ်စေ၊ မိမိရှေ့မှာသတ်နေတာကို မြင်နေရတဲ့ အသားငါးကိုဖြစ်စေ၊ မိမိကြိုတင်မှာထားလို့ သူတစ်ပါးက သတ်ပေးလိုက်ရင်ဖြစ်စေ အဲဒီလို အသားငါးများကို စားမယ်ဆိုရင်တော့ မိမိမှာလည်း အပြစ်ရှိတာမို့ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

တချို့သောလူတွေဟာ အသားငါးတော့ မစားကြပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကျတော့ ညစ်ပစ်ယုတ်မာကြပါတယ်။ အဲဒီလို လူတွေနဲ့စာရင် စိတ်ဓာတ်ကောင်းပြီး အသားငါးစားတဲ့လူတွေကို လူကောင်းလို့ ခေါ်နိုင်ပါတယ်။ ဒါကြောင့် မိမိခန္ဓာကိုယ်ကြီးဟာ အသားငါးစားမှ ကျန်းမာ သက်ရှည်မှာမို့ဖြစ်စေ၊ သစ်သီးသစ်ရွက်နဲ့ အသက် ဆက်ဖို့မဖြစ်နိုင်ရင်ဖြစ်စေ စိတ်ဓာတ်ကောင်းဖို့သည် အဓိကအကျဆုံးဖြစ်တာမို့ မိမိပယောဂမပါတဲ့ အသားငါးဆို စားချင်ပါက စားနိုင်ကြပါတယ်။

အသားငါးစားတာနဲ့ပတ်သတ်ပြီး မြတ်ဗုဒ္ဓက

(၁) ကိုယ့်အတွက်ရည်မှန်းပြီး သတ်ဖြတ်တာကို ကိုယ်တိုင်မြင်တဲ့အသား

(၂) ကိုယ့်အတွက်သတ်ဖြတ်တယ်လို့ ကိုယ်တိုင်ကြားရတဲ့အသား

(၃) ကိုယ့်အတွက်သတ်ဖြတ်တယ်ဆိုတာ ကိုယ်တိုင်က ယုံမှားသံသယဖြစ်တဲ့အသား

အဲဒီလို အသားမျိုးတွေကို မစားကောင်းပါဘူး။ အဲဒီအစွန်းသုံးပါးလွတ်ကင်းတယ်ဆိုရင်တော့ စားဖို့ရန်အပ်စပ်တယ်ဆိုတာ မြတ်စွာဘုရားရှင်က မိန့်တော်မူပြီးသားပါ။ အစွန်းသုံးပါးကနေ မလွတ်တဲ့အသားကို စားတယ်ဆိုရင် စားတဲ့သူရဲ့အပြစ်သာဖြစ်ပြီး ဘာသာတရားရဲ့သတ်မှတ်ချက် မဟုတ်ဘူးဆိုတာ သဘောပေါက်စေချင်ပါတယ်။ ဥပမာ-ခရစ်ယာန်ဘာသာတစ်ခုမှာ လူကိုမသတ်ဖို့ တားမြစ်ထားတယ်ဆိုပါတော့။ အဲဒါကို အဲဒီဘာသာဝင်တစ်ဦးဦးက လူသတ်မှုကျူးလွန်တယ်ဆိုရင် ဘုရားသခင်ရဲ့အပြစ်မဟုတ်သလို ဘာသာဝင်အားလုံးရဲ့အပြစ်မဟုတ်ပါဘူး။ ကျူးလွန်တဲ့သူရဲ့ အပြစ်ပါပဲ။

ခရီးသွားရင်း ပိုင်းကောင်များကို နင်းမိရာ၌ (မော်တော်ကားဖြင့် တိုက်မိရာ၌) မိမိကြောင့်သေသော်လည်း သေစေလိုသော စေတနာမပါက ပါဏာတိပါတကံမထိုက်ပါ။ တချို့မှာ အဲဒီလိုမတော်တဆနင်းမိသွားရင် သနားကရုဏာတောင် ဖြစ်ကြပါသေးတယ်။ အသာငါးများကို စားတဲ့လူရှိလို့ သတ်တဲ့လူက ရှိရတာလို့ တချို့က ပြောကြပါတယ်။ ဒါဆို ဘယ်သူ့မှာ အပြစ်ရှိတယ်ဆိုတာ ရှင်းပြပါမယ်။

(က) ခွေးတစ်ကောင်ဟာ ကြက်ကို ကိုက်သတ်ပြီးချီလာတာကို လူကစားရင် အဲဒီလူမှာ ပါဏာတိပါတကံ ထိုက်မယ်ထင်လား မထိုက်ပါ။။

(ခ) အိမ်တစ်အိမ်တွင် အိမ်ရှင်မသော်လည်းကောင်း၊ အိမ်ထောင်ဦးစီးသော်လည်းကောင်း တစ်ယောက်ယောက်က ပါဏာတိပါတအမှုကိုပြုရင် စားကြတဲ့တစ်အိမ်သားလုံးက သတ်သူကို အားပေးတာလည်းမရှိ၊ တိုက်တွန်းတာလည်းမရှိ၊ သဘောတူညီမှုမရှိ၊ သူတို့ပယောဂမပါရင် သတ်သူတစ်ဦးသာ ပါဏာတိပါတကံထိုက်ပြီး ကျန်သူများမထိုက်ပါ။ ဒါကြောင့် အိမ်ထောင်သည်များ စားဝတ်နေရေးရှာဖွေပေးတဲ့အခါ အကုသိုလ်ကိစ္စများကို ရှောင်ကြဉ်ပေးရပါမယ်။ ဒါမို့ဆို မိမိတစ်ယောက်တည်းသာ အကုသိုလ်ဖြစ်ခံပြီး လုပ်ကျွေးရင် မိမိတစ်ယောက်တည်းသာ ခံရမည်ဆိုတာ မမေ့ပါနဲ့။ တချို့က မယားမျက်နှာ၊ ချစ်သူမျက်နှာရအောင်ဆိုပြီး မကောင်းမှုလုပ်ကာ မျက်နှာချိုသွေးချင်သူများ သတိထားကြပါလေ။

(ဂ) မြတ်ဗုဒ္ဓလက်ထက်က မုဆိုးကြီးတစ်ယောက်ဟာ သမာပတ်ဝင်စာေးနသော ဥပ္ပလ၀ဏ်ထေရ်မအား အသားတချို့လှူလိုသောကြောင့် အနီးအပါး၌ အလိုရှိသူ ယူရစ်ပါဟု ကြွေးကြော်ပြီး ပံ့သကူပစ်ထားခဲ့ပါတယ်။ အဲဒါကို ဥပ္ပလ၀ဏ်ဘိက္ခုနီမ သမာပတ်မှထတဲ့အခါ ပံ့သကူကောက်ယူပြီးသကာလ ကောင်းမွန်စွာစီစဉ်ကာ ဘုရားရှင်အား ကပ်လှူခဲ့ပါတယ်။ အဲဒီကပ်လှူတာကို ဘုရားရှင် ဘုဉ်းပေးတော်မူခဲ့ပါတယ်။ မိမိပယောဂမပါတဲ့အသားမို့ စားသောက်ခွင့်ရှိတယ်။ အပြစ်မရှိဘူးဆိုတာကို ထောက်ပြချင်တာပါ။

(ဃ) ကုက္ကုရမိတ္တအမည်ရှိတဲ့ မုဆိုးကြီးရဲ့ မယားဟာ အပျိုဘ၀ကပင် သောတာပန်ဖြစ်ခဲ့ပါတယ်။ လင်မုဆိုးကြီးက လေးယူခဲ့ပါ ရှင်မရေလို့ စေခိုင်းရင် လေးကို ယူပေးရ။ ဓား-လှံ ယူခဲ့ပါရှင်မရေလို့ဆိုရင် ယူပေးရပါတယ်။ ဒါဟာ မယားဝတ္တရားကိုပြုကျင့်ရာဖြစ်ပြီး သူမတွင် တိရစ္ဆာန်များအား သတ်စေလိုသော စေတနာမရှိခြင်းကြောင့် ပါဏာတိပါတကံ မဖြစ်ပါ။

(င) လက်၌ အနာမရှိလျှင် ထိုလက်ဖြင့် အဆိပ်ကိုကိုင်သော်လည်း ထိုလက်ကို မပူစေနိုင်။ ထို့အတူ မကောင်းမှုကို ပြုလိုသောစိတ်မရှိသူမှာ မကောင်းမှုအဆိပ် မလောင်နိုင်ပါလို့ မြတ်ဗုဒ္ဓကိုယ်တိုင် ဓမ္မပဒပါဠိတော်၊ ကုက္ကုရမိတ္တ၀တ္ထုမှာ ဟောကြားထားတာ ရှိပါတယ်။ ဒါကြောင့် ပါဏာပါတိကံအကြောင်းကို ဒီလောက်ဆို ရှင်းလိမ့်မယ်ထင်ပါတယ်။ ဒါနဲ့မရှင်းသေးရင်လည်း ဦးဇင်းအရင်ကဖြေဆိုထားတဲ့ ကြက်ဥစားခြင်းဟာ အပြစ်ရှိမရှိ အမေးအဖြေကို ထပ်ဖတ်ကြည့်ရင် ပိုမိုရှင်းသွားပါလိမ့်မယ်။

ပါဏာတိပါတကံထိုက်တဲ့ အင်္ဂါများကို လက်တမ်းမှတ်မိအောင် ထပ်မံရေးသားပေးလိုက်ပါတယ်။
(၁) သက်ရှိသတ္တ၀ါဖြစ်ခြင်း။
(၂) သက်ရှိသတ္တ၀ါဟု သိခြင်း။
(၃) သတ်လိုသော စိတ် (စေတနာ) ရှိခြင်း။
(၄) သတ်ဖို့ရန် ကိုယ်မှု၊ နှုတ်မှု၊ ပယောဂတခုခုကို ပြုသောအားဖြင့် သတ်ခြင်း။
(၅) သေခြင်း။
အထက်ပါအင်္ဂါ (၅)ပါးပြည့်စုံမှ ပါဏာတိပါတကံထိုက်ပါတယ်။

ဒီအင်္ဂါ(၅)ချက်လုံးနဲ့မညီရင်၊ ကိုယ်တိုင်ပြုခြင်း၊ ခိုင်းခြင်း၊ ကျေးဇူးပြောခြင်း၊ သဘောတူခြင်းတို့မရှိဘူးဆိုရင်လည်း ပါဏာတိပါတကံ မထိုက်ပါ။

လူတွင်ရောဂါဖြစ်စေသောပိုးများစွာရှိသည့်အနက် အများဆုံးရောဂါဖြစ်စေသောပိုးမှာ ဘက်တီးရီးယား (bacteria)နှင့် ဗိုက်ရပ်စ် (Virus) များဖြစ်ပါတယ်။

ဘက်တီးရီးယားပိုးများဟာ သူတို့ဘာသာ တစ်ကောင်မှနှစ်ကောင်၊ နှစ်ကောင်မှလေးကောင်း စသည်ဖြင့် မျိုးပွားနိုင်ကြပါတယ်။ အဲဒါကြောင့်မို့ ဘက်တီးရီးယားပိုးများကို သတ္တဗေဒဘာသာတွင် အသေးငယ်ဆုံးနှင့် ရှေးအကျဆုံး သက်ရှိသတ္တ၀ါအဖြစ် စာရင်းသွင်းထားကြတာပါ။ ဗိုက်ရပ်စ်များမှာ သူတို့ဘာသာ မျိုးမပွားနိုင်ဘဲ အခြားသောသတ္တ၀ါတို့ရဲ့ (host)လို့ခေါ်တဲ့ မျိုးပွားပစ္စည်းများကို အသုံးပြုပြီးမှသာ မျိုးပွါးနိုင်ကြပါတယ်။ ဒါကြောင့် ဗိုက်ရပ်စ်ပိုများကို ဆဲလ်အတွင်းရှိသည့် အချိန်၌သာ သက်ရှိသတ္တ၀ါလို့ သတ်မှတ်ရပါမယ်။ ဘက်တီရီးယားနှင့် ဗိုက်ရပ်စ်များဟာ ၎င်းတို့မျိုးပွါးနိုင်ရန် အစာသို့မဟုတ် ပစ္စည်းများရှိနေသမျှ ဆက်လက်မျိုးပွားနိုင်ကြပါတယ်။

ဗုဒ္ဓတရားတော်အရ ကာမဘုံမှ သတ္တ၀ါမှာ အသက်စိတ်ဝိညာဉ်ဟာ အဓိကဖြစ်ပါတယ်။ အသက်စိတ်ဝိညာဉ်ဟာ တစ်ကိုယ်မှနှစ်ကိုယ် ခွဲထွက်မသွားနိုင်ပါဘူး။ သတ္တ၀ါမှန်ရင် သူ့ဘ၀အားလျော်စွာ သက်တမ်းများရှိကြတဲ့အတွက် သတ္တဗေဒအရ သက်ရှိပိုးဟုခေါ်သော်လည်း ဗုဒ္ဓတရားတော်အရ ထိုပိုးမွှားများဟာ သတ္တ၀ါများမဟုတ်ဘဲ ရောဂါသည်မှာ အကုသိုလ်ကံရှိလို့ ဥတုကြောင့်ဖြစ်တဲ့ ကမ္မပစ္စယဥတုဇရုပ်များဖြစ်လာရတာကြောင့် ပိုးသတ်ဆေးပေးခြင်းသည် ပါဏာတိပါတကံ မထိုက်ပါပေ။

သံကောင်များမှာမူ ပဋိသန္ဓေနေခြင်း၊ သက်တမ်းရှိခြင်းတို့ကြောင့် သတ္တ၀ါစာရင်းထဲမှာ ထည့်ရပါမယ်။ ဒါပေမဲ့ သံကောင်များသေခြင်းကို အာရုံမပြုဘဲ လူနာရောဂါပျောက်ကင်းရေးကိုသာ အာရုံပြုပြီး ဆေးထိုးဆေးပေးပြုလုပ်ပါက ပါဏာတိပါတကံ မထိုက်ပါပေ။

ပါဏာတိပါတကံထိုက်ရာတွင်လည်း အပြစ်ကြီးသေးတို့ ခွဲခြားမှုရှိပါသေးတယ်။ သီလစသောဂုဏ်ရှိသူ၊ မိမိအပေါ်ကျေးဇူးရှိသူ၊ သတ်ဖြတ်ရာတွင် လုံလအားစိုက်ထုတ်မှု၊ သတ္တ၀ါ အကြီးအငယ်တို့ပေါ်တွင်မူတည်ပြီး အပြစ်ကြီးခြင်း အပြစ်သေးခြင်းတို့ ဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာ၊ ကျေးဇူးစတဲ့ ဘာဂုဏ်ရည်မှမရှိတဲ့ သံကောင်များကို အာရုံထားပြီးသတ်မိလျှင်လည်း အပြစ်ငယ်လေးမျှသာ ဖြစ်ပါလိမ့်မယ်။

ဒီလောက်ဆိုရင်တော့ ဆင်ခြင်ပေးပြီးမေးထားတဲ့မေးခွန်းအဖြေ လုံလောက်ပြီ ထင်ပါတယ်။ ဦးဇင်းသည် ပညာရှင်မဟုတ်သေးတဲ့ အညတြလေးသာဖြစ်လို့ အဖြေထဲမှာ အမှားများစွာ ပါလျှင်ပါနိုင်ပါတယ်။ အဲဒါကြောင့် မြတ်ဗုဒ္ဓရဲ့ဝါဒအတိုင်း ၀ိဘဇ္ဇလေးနဲ့ဖတ်ပြီး အသိဉာဏ်လေးနဲ့ပိုင်ခြားကြပါလေ။ စာဖတ်ပရိသတ်အားလုံး အသိဉာဏ်ဗဟုသုတတိုးပွားပြီးသကာလ ငြိမ်းချမ်းမှုကိုခံစားနိုင်ပါစေလို့ ဆန္ဒပြုလျက်.....။

မှီးငြမ်းရေးသားသော စာအုပ်များ
၁။ ၀ိနည်းပါဠိတော် နိဿဂ္ဂိယပါစိတ်။
၂။ ဓမ္မပဒပါဠိတော်၊ ကုက္ကုရမိတ္တ၀တ္ထု။
၃။ မဟာစည်ဆရာတော်ဘုရားကြီး ဖြေကြားတော်မူသော ဘ၀ပြဿနာ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

0 comments:

Post a Comment

Powered by Blogger.