Monday, September 17, 2012

သတ္တ၀ါအစ၊ သံသရာအစ သိချင်သူများအတွက်

ပထမဦးဆုံးအနေနဲ့ မေးဖြေ(၄)ခုကို မဖတ်မီ ကြိုတင်ပြီးတော့ မေတ္တာရပ်ခံပါရစေ။ မဖြေသင့်တဲ့ မေးခွန်းတွေပါနေသော်လည်း အတွေးများသူများ လျှောက်တွေးရာကနေ ဘာသာဝါဒပေါ် မယုံကြည်မှုများ မဖြစ်ရအောင်၊ အတွေးခေါ် လွဲချော်မှုတွေ ဖြစ်သွားမှာဆိုးလို့ ဖြေပေးလိုက်တာပါ။  အဲဒါကြောင့် မြန်မာလူမျိုးအားလုံး အစမှအဆုံးတိုင် သေချာလေးတော့ ပြီးဆုံးအောင် ဖတ်စေချင်ပါတယ်။ ဦးဇင်းကိုယ်တိုင် သိချင်သူများအတွက် ရှိသမျှဉာဏ်အကုန်သုံးပြီး အချိန်ပေးကာ ဖြေပေးထားရလို့ပါ။ မိမိတို့ကနေတဆင့် သူငယ်ချင်းများသိအောင် Share ပေးစေချင်ပါတယ်။ ဒါမှ တွေးမိသူတိုင်း အဖြေရှာလို့ရမှာပါ။

(၁) မေး။ ။ သတ္တ၀ါ အနန္တ၊ စကြ၀ဠာ အနန္တ၊ ဘ၀အနန္တလို့ တပြည့်တော်လေ့လာဖူးပါတယ်။ အစမထင်တဲ့တရားသဘောတွေပါ။ ဒီလူတွေနားလည်အောင် တပြည့်တော်လဲမဖြေတတ်ပါဘူး။ အရှင်ဘုရားဆီက အဖြေတစ်ခုများရလိုရငြား လျောက်ထားအပ်ပါတယ်။


နိရောဓ၊ သုညတ ၊ အသင်္ခါရဆိုတဲ့  နိဗ္ဗာန်ကို  မျက်မှောက်ပြုသွားရင် လူလဲပြန်မဖြစ် နတ်လဲပြန်မဖြစ် ဘယ်တော့မှ ရုပ်နာမ်ထပ်မဖြစ်တော့ဘူး။ ဘုရားတစ်ဆူပွင့်ရင် ကုဋေ ရှစ်သောင်းမက ကျွတ်တမ်းဝင်  နိဗ္ဗာန်ရောက်ကြတယ်။ ဘုရားပေါင်းကလဲ   ကုဋေရှစ်သောင်းမက   ပွင့်ခဲ့ပြီ။ သင်္ချာသဘောအရ သေချာစဉ်းစား/ တစ်ဧကလောက်ကျယ်တဲ့ ဂိုထောင်ကြီးထဲမှာ နှမ်းစေ့တွေ  အပြည့်ထည့်ထားမယ်။ လူတစ်ယောက်လာရင် နှမ်းတစ်စေ့ပဲ ပေးမယ်။ နှမ်းတွေလဲထပ်မထည့်ဘူး။ တစ်နေ့နေ့တော့ နှမ်းတွေ  လုံးဝကုန်သွားမယ်။ အသေအချာပဲ။ အဲ့လိုပဲ လူတွေနတ်တွေ သတ္တ၀ါတွေ ဘယ်လောက်များပါစေ။ ဘုရားတစ်ဆူပွင့်တိုင်း ကုဋေ ရှစ်သောင်းမက ကျွတ်တမ်းဝင် နိဗ္ဗာန်ရောက်ကြတယ်ဆိုတော့ ဘုရားပေါင်းကလဲ ဂင်္ဂါဝါဠုသဲစုမကဆိုတော့ ကိန်းတစ်ခုက ဘယ်လောက်များများ အနိမ့်ဆုံး (၂)နဲ့ပဲစားအုံး ပြတ်တယ်။ ခုဟာက ဘုရားတစ်ဆူပွင့်ရင် ကုဋေရှစ်သောင်းမကဆိုတော့ ဘုရားပေါင်းကလဲ  မရေမတွက်နိုင်ပွင့်ခဲ့ပြီလေ။ ဒီကိန်းခန်းအရဆို သတ္တ၀ါတွေမျိုးတုန်းလောက်ပြီ။ ဘယ်ကထပ် ရောက်လာတာပါလိမ့်။ သဘာဝအလျောက်  ဓမ္မတာအရ ထပ်ပွားလာတယ်ဆိုပါစို့ ဒါဆိုဘာလို့ ချုပ်ငြိမ်းအောင်လုပ်တော့မှာလဲ။ တောထဲမှာ ပေါက်နေတဲ့ မြက်တွေကို လိုက်နှုတ်နေတော့ရော  ဘာထူးမှာလဲ။ နောက်ပြန်ပေါက်လာတာပဲမဟုတ်လား။

(၁) ဖြေ။ ။ ပဋိစ္စသမုပ္ပါဒ်အလိုအရ ကြည့်မယ်ဆိုရင်တော့ သတ္တ၀ါအစ အ၀ိဇ္ဇာ၊ တဏှာကလို့ မှတ်ယူရပါမယ်။ အတိတ်က သစ္စာလေးပါးမသိတဲ့ အ၀ိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာဖြစ်တယ်။ ကိုယ့်ဘ၀လေးကိုယ် နှစ်သက်တဲ့တဏှာကြောင့် နောက်ဘ၀ကိုလည်း နှစ်သက်လာပြန် တယ်။ ဒီလိုနှစ်သက်တဲ့တဏှာကြောင့် အနာဂတ် ခန္ဓာဖြစ်တယ်။ ပစ္စုပ္ပန်တဏှာကြောင့် အနာဂတ်ဘ၀ ဖြစ်ရတယ်။ အတိတ်အ၀ိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာဖြစ်၊ ပစ္စုပ္ပန်တဏှာကြောင့် အနာဂတ်ခန္ဓာဖြစ်တယ်။ ပစ္စုပ္ပန်ခန္ဓာဖြစ်ကြောင်းမှာ အ၀ိဇ္ဇာဦးစီးတယ်၊ အနာဂတ်ခန္ဓာဖြစ်ကြောင်းမှာ တဏှာဦးစီးတယ်။ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်မှာ အ၀ိဇ္ဇာနဲ့ တဏှာဆိုပြီး အလယ်မှာ ပြထားပါတယ်။ အတိတ်အကြောင်းအခြင်းအရာ ငါးပါးမှာ အ၀ိဇ္ဇာက စတယ်။ သစ္စာလေးပါးမသိတဲ့ အ၀ိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာငါးပါးဆိုတဲ့ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့ ပေါ်လာတယ်။ ဒါဟာ အခုရထားတဲ့ ခန္ဓာငါးပါးပဲ။ အတိတ်က ဘယ်သူခေါင်းဆောင်ခဲ့လို့ ဒီခန္ဓာငါးပါး ရလာတာလဲဆိုတော့ အ၀ိဇ္ဇာ ခေါင်းဆောင်ခဲ့လို့ပါ။

ဝလုံးတစ်လုံးကို ၀ိုင်းလိုက်ရင် အဲဒီဝလုံးရဲ့အစကို ရှာမရသလို ၀လုံးပေါင်းများစွာ ၀ိုင်းလိုက်ပါက အစကိုပါ ရှာမတွေ့တော့ဘဲ ဖြစ်နေမှာပါ။ အဲဒီတော့ ဝလုံးဖြစ်စေနိုင်တဲ့ စာရွက်၊ ခဲတံစတဲ့ ၀လုံးဖြစ်အောင်လုပ်မဲ့အရာများ ရှိနေသမျှ ၀လုံးဟာ စက်ဝိုင်းနေဦးမှာပါ။ ဝလုံးဖြစ်စေမဲ့အရာများက အ၀ိဇ္ဇာ၊ တဏှာတွေပါ။ ဝလုံးထပ်မဖြစ်ဘဲ ပျောက်ပျက်သွားအောင် ပြုလုပ်နိုင်တာက ခဲဖျက်ဆိုတဲ့ မဂ္ဂင်ရှစ်ပါးအစရှိတဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားတွေပါ။ အဲဒီတော့ မြတ်ဗုဒ္ဓက သူသိမြင်ခဲ့တဲ့ ၀လုံးထပ်မဖြစ်အောင်၊ ၀လုံးလေးပျောက်သွားအောင် ဘယ်လိုဖျက်ရမယ်ဆိုတာ နည်းပေးလမ်းညွှန်ခဲ့တာပါ။ ဒါဟာ အဓိကအကျဆုံးအရာပါ။ ဒါမှသာ မိမိတို့ဒုက္ခခံနေရတဲ့ သံသရာကြီးကနေ လွတ်မြောက်မှာ ပါ။ ၀လုံးလေးဘယ်ကနေ ဘယ်လိုဖြစ်လာတယ်ဆိုတာကိုသိရုံနဲ့ ဒုက္ခသံသရာကနေ လွတ်မြောက်မှာ မဟုတ်ပါဘူး။ အစမထင် သံသရာဟာ ၀လုံးပေါင်းများစွာ ၀ိုင်းလာခဲ့လို့ ၀လုံးရဲ့အစကို ရှာမတွေ့နိုင်အောင်ဖြစ်နေပါတယ်။ အဲဒီတော့ ၀လုံးထပ်မ၀ိုင်းအောင် ၀လုံးဖြစ်စေနိုင်တဲ့အရာများကို ခဲဖျက်နဲ့ဖျက်ပေးဖို့ မြတ်ဗုဒ္ဓက နည်းလမ်းပေးခဲ့တာပါ။

စစ်တိုက်တဲ့လူဟာ ရန်သူပေါ်လာရင် ရှင်းပစ်ရမှာပဲဖြစ်ပြီး ရန်သူတွေဘယ်လိုဖြစ်လာတာလဲ။ ဘယ်ကနေရောက်ရောက်လာတာလဲဆိုတာ စဉ်းစားစရာမလိုပါဘူး။ မိမိတာဝန်က ရှင်းပစ်ဖို့ပါပဲ။ အဲဒီလိုပဲ မိမိတို့ကလည်း သတ္တ၀ါဖြစ်လာပြီဆိုရင် ဒုက္ခဆင်းရဲမှကင်းအောင် ငြိမ်းချမ်းမှုကိုရအောင် အန္တရာယ်ဖြစ်တဲ့ ကိလေသာများကို ရှင်းလင်းအောင် ပြုလုပ်ရမှာပါ။

နောက်တစ်ခု သိထားရမှာက မြတ်ဗုဒ္ဓစာပေထဲမှာလာတဲ့ သတ္တ၀ါဖြစ်ခြင်း (၄)မျိုးလေးစားကို သိထားရပါမယ်။ အဲဒီလေးမျိုးကတော့ (၁) ဥကနေ ဖြစ်လာတဲ့ အဏ္ဍဇသတ္တ၀ါ၊ (ကြက်၊ ငှက်စသည်)။
(၂) ပိုးလောက်ကဲ့သို့ အညှီအဟောက်ကို အစွဲပြု၍ မွေးဖွားလာသော သံသေဒဇ သတ္တ၀ါ၊ (ခြင်၊ လောက်စသည်)
(၃) ကိုယ်ဝန်ဖြင့် မွေးဖွားလာသော ဂဗ္ဘသေယျက သတ္တ၀ါ၊ (လူ၊ နွား၊ ခွေးစသည်)
(၄) ကုသိုလ်အဟုန်ကြောင့် ဖွားကနဲ့ဖြစ်လာတဲ့ (ကမ္မဇ) သြပပါတိက သတ္တ၀ါ (နတ်ဗြဟ္မာ)တို့ ဖြစ်ပါတယ်။

ဒီလို သတ္တ၀ါတွေမွေးဖွားမှုဟာ လေးမျိုးလေးစားနဲ့ဖြစ်နေကြတာဆိုတော့ ကျွတ်တမ်းဝင်ဖို့ သတ္တ၀ါတွေဟာ ဘယ်လောက်ပဲရှိနိုင်မယ်ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ မြတ်စွာဘုရားရှင်တွေပွင့်တိုင်း လူဖြစ်တဲ့သတ္တ၀ါတိုင်းတောင် ကျွတ်တမ်းမ၀င်ကြဘူးဆိုမှတော့ ကျန်တဲ့သတ္တ၀ါတွေဟာ ဘယ်လိုလုပ်ကျွမ်းတမ်းဝင်မလဲ။ နောက်ပြီး အပါယ်လေးဘုံရောက်တဲ့သတ္တ၀ါတွေဟာ ကောင်းမှုကုသိုလ်မလုပ်နိုင်လို့ အပါယ်လေးဘုံမှာပဲ တ၀ဲလည်လည်နဲ့ ကျင်နေရတာဆိုတော့ ဘယ်လောက်ပဲမြတ်ဗုဒ္ဓတွေပွင့်ပွင့် သူတို့ကတော့ အပါယ်ထဲမှာပဲ ကျင်လည်နေရတာမို့ ကျွမ်းတမ်းဝင်ဖို့ ခဲယဉ်းပါတယ်။ နဂါးဖြစ်ရတဲ့သတ္တ၀ါတောင် ဘုရားရှင်နှစ်ဆူပွင့်တဲ့အထိ ကြာမြင့်စွာ နေခဲ့ရသေးတာဆိုတော့ ကျန်တဲ့တိရစ္ဆာန်တွေ၊ ငရဲသားတွေ၊ ပြိတ္တာ၊ အသူရကယ်တွေဆို ဘယ်လောက်တောင်များ အပါယ်ထဲမှာပဲ အချိန်များစွာ ကျင်လည်နေရမယ်ဆိုတာ မသိနိုင်ဘူးလေ။

အပါယ်လေးဘုံကိုရောက်သွားရင် ကုသိုလ်ဆိုတာလည်း မသိ။ အကုသိုလ်ဆိုတာလည်း မသိဘဲဖြစ်သွားပါတယ်။ နောက်ပြီး အပါယ်လေးဘုံမှာက ကုသိုလ်ကောင်းမှုပြုလုပ်မိရန် မလွယ်ကူးတာမို့ အပါယ်ကနေ အပါယ်ကိုဆက်သွားရတာ များပါတယ်။ ငရဲမှာဆို ငရဲဆင်းရဲများကို နေ့စဉ်နဲ့အမျှ ခံစားနေရတာမို့ ကုသိုလ်ဆိုတာ မရှိ၊ ပြိတ္တာ၊ အသူရကာယ်ဆိုတာကလည်း သူများကောင်းမှုကုသိုလ်ကို သာဓုခေါ်မှသာ ကုသိုလ်ဆိုတာရှိပြီး မကောင်းမှုတွေနဲ့ ဖြတ်သန်းရတာ များပါတယ်။ တိရစ္ဆာန်ဘ၀လည်း ကုသိုလ်ဆိုတာ မသိတဲ့အတွက် ကုသိုလ်ရယ်လို့ သီးသန့်လုပ်တာမျိုးမရှိဘဲ တချို့သောတိရစ္ဆာန်များသာ တရားနာတာတို့၊ သူတစ်ပါးကို ကူညီတာတို့ကြောင့် ကုသိုလ်ရကြပါတယ်။ များသောအားဖြင့် မကောင်းမှုတွေပဲ ပြုလုပ်ဖြစ်ကြပါတယ်။ နတ်ပြည်၊ ဗြဟ္မာပြည်ရောက်ပြန်တော့လည်း နတ်စည်းစိမ်၊ ဗြဟ္မာ့ စည်းစိမ်တွေကိုခံစားနေရတာကြောင့် ကုသိုလ်လုပ်ဖို့ မေ့လျှော့တတ်ကြပါတယ်။ တကယ့်ကို သူတော်ကောင်းစိတ်ရှိတဲ့ နတ်ဗြဟ္မာများသာ ဗုဒ္ဓတရားတော်များ နာကြားခြင်း၊ တရားမှတ်ခြင်းများ ပြုလုပ်ကြပါတယ်။ များသောအားဖြင့်တော့ ကာမဂုဏ်စည်းစိမ်တွေနဲ့ ယစ်မူးနေမိကြပါတယ်။ အဲဒါကြောင့် ကောင်းမှုလုပ်ခွင့်ရတဲ့ လူ့ဘ၀မှာ ကောင်းမှုများများ ပြုလုပ်ဖို့ မြတ်ဗုဒ္ဓက တိုက်တွန်းခဲ့တာပါ။

အစမထင်သံသရာကနေ ဖြစ်လာကြတဲ့သတ္တ၀ါတွေဟာ ဘယ်လောက်ရှိလဲသိနိုင်ဖို့ ရေတွက်ရခက်တယ်ဆိုတာ တိရစ္ဆာန်တွေကိုကြည့်ရုံဖြင့် သိနိုင်ပါတယ်။ ဘာဖြစ်လို့ မရေတွက်နိုင်တာလဲဆိုတော့ ရေတွက်လို့မရအောင်ကို များနေလို့ပါ။ ဒါကြောင့်လည်း အင်္ဂလိပ်စာပေမှာ Co_Noun and Un-Noun ဆိုပြီး သုံးနှုန်းကြတာပါ။ ရေတွက်လို့မရနိုင်တဲ့အရာတွေကို ဒါဟာ ဘယ်လောက်ရှိတယ်လို့ အမှန်တကယ်သိတဲ့လူကပြောရင်လည်း အဲဒီပြောတဲ့သူသာ အရူးလို့ထင်ခံရမှာပါ။ ဒါကြောင့် မြတ်ဗုဒ္ဓက သတ္တ၀ါတွေဟာ အနန္တ-အဆုံးအပိုင်းအခြား ရေတွက်လို့မရဘူးလို့ ပြောခဲ့တာပါ။ ဥပမာ-ဦးဇင်းက သမုဒ္ဒရာထဲမှာ ငါးအကောင်ပေါင်း ကုဋေပေါင်းတစ်ထောင်ရှိတယ်လို့ပြောရင် ဘယ်သူကယုံမလဲ။ ဦးဇင်းကိုသာ အရူးလို့ပြောကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မိမိတို့က မရေတွက်နိုင်လို့ပါ။ အဲဒါကြောင့် သဗ္ဗညုတဉာဏ်ရရှိသူသာ သိမြင်နိုင်တဲ့အရာတွေကို မြတ်ဗုဒ္ဓက ဟောပြောခြင်းမပြုခဲ့ဘဲ မကြံစည်အပ်တဲ့အရာလို့ မိန့်ဆိုခဲ့တာပါ။ အဲဒီတော့ သတ္တ၀ါတွေ ဘယ်လောက်ရှိတယ်ဆိုတာ သိချင်ရင် ပထမဦးဆုံး သမုဒ္ဒရာထဲကသတ္တ၀ါတွေကိုပဲ အရင်ရေတွက်ကြည့်ပါလို့ ပြောပါရစေ။

မဇ္ဈိမပဏ္ဏာသ၊ စူဠမာလုကျသုတ်မှာ အရှင်မာလုကျပုတ္တက မြတ်ဗုဒ္ဓအား လောကကြီး အဆုံးရှိသလား အဆုံးမရှိဘူးလား။ သတ္တ၀ါတစ်ယောက် သေပြီးရင် ပြန်ဖြစ်လား မဖြစ်ဘူးလား။ ဖြစ်သည်လည်းမဟုတ် မဖြစ်ဘူးလည်းမဟုတ်ဆိုတဲ့ မိစ္ဆာဒိဋ္ဌိ မေးခွန်း(၁၀)ခု မေးခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ အဲဒီလို အတွေးမျိုးတွေကို အနောက်တိုင်း အတွေးခေါ် (Western Philosophers) လို့ ခေါ်ပါတယ်။ အဲဒါတွေကJust thinking ပဲဖြစ်ပြီး အကျင့်မပါတဲ့အရာတွေသာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ တရားတွေက အကျင့်ကိုပဲ ဦးစားပေး ဟောထားခဲ့တာပါ။ အဲဒီလို Just thinking တွေလုပ်နေပြီး အကျင့်တွေမလုပ်ဘူးဆိုရင် အဲဒီလူဟာ မျက်မှောက်လောကီအတွက်လည်း တိုးတက်မှာမဟုတ်သလို သံသရာလွတ်ကြောင်းများ ကိုလည်း ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် Just thinking-တွေးခေါ်စဉ်းစားစရာမဟုတ်တာတွေကို မစဉ်းစားဘဲနဲ့ Doer-လက်တွေ့သမားဖြစ်အောင် ပြုလုပ်သင့်တာတွေကို ပြုလုပ်ဖို့ မမေ့ပါနဲ့လို့ တိုက်တွန်းပါရစေ။

လူသားအစ၊ ကမ္ဘာအစကို အကျယ်တ၀င့်သိချင်တယ်ဆိုရင်တော့ ဦးဇင်းအရင်ဖြေဆိုပေးထားတဲ့ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း http://www.sanninaymin.com/2012/02/blog-post_24.html။ ဘာသာရေးဆွေးနွေးမှု စောဒနာ၊ သောဓနာများ http://www.sanninaymin.com/ 2012/03/blog-post_18.html။ ဘာသာခြားကမေးရင် ဘယ်လိုဖြေမလဲ http://www.sanninaymin.com/2012/03/answer-questions-about-buddhism.html။ ကမ္ဘာကြီးနဲ့အရိမေတ္တေယျဘုရား http://www.sanninaymin.com/2011/12/blog-post_23.html ပို့စ်တွေကိုသာ ဖတ်ကြည့်လိုက်ပါ။ အကျယ်တ၀င့် သိရပါလိမ့်မယ်။

(၂) မေး။ ။ ဘုရားတွေမှာ  တနင်္ဂနွေ၊ စနေစတဲ့  ဂြိုဟ်တိုင်တွေက  ထေရ၀ါဒနဲ့ ညီပါသလား။ မညီရင် ဘာလုပ်သင့်သလဲ။

(၂) ဖြေ။ ။ တနင်္ဂနွေ၊ စနေဂြိုလ်တွေဟာ ထေရ၀ါဒနဲ့မညီပါ။ ဗေဒင်ရိုးရာတို့မှ ဆင်းသက်လာတဲ့ အယူအဆများသာ ဖြစ်ပါတယ်။ အဲဒီတော့ မိမိယုံကြည်မှုအရ လုပ်ချင်လုပ်။ မလုပ်ချင်ရင် ပယ်ဖျက်လိုက်ပါ။

(၃) မေး။ ။ အိန္ဒိယ၊ သီရိလင်္ကာတို့မှာ  ဒေါက်တာဘွဲ့သွားယူတဲ့  ဆရာတော်တွေထေရ၀ါဒနဲ့ ညီပါသလား။ ဓမ္မပဒမှာ ဘုရား သွားဖူးတဲ့  ရဟန်း၂ပါး။ တစ်ပါးက ရေစစ်မပါတော့  အာပတ်သင့်မှာစိုးလို့ ရေမသောက်ပဲပျံတော်မူ။ တစ်ပါးကတော့ သင်္ကန်းလေးနဲ့ စစ်သောက်ပြီး  ဘုရားဆီသွား။ ဘုရားက လာတဲ့ ကိုယ်တော်ကို အပြင်းအထန်  ပြစ်တင်ရှုံ့ချတာကို ကြည့်ရင်  အာပတ်တွေနဲ့မကင်းတဲ့  ဒေါက်တာဘွဲ့ကို ဘုရားချီးမွမ်း ပါ့မလား။ အကယ်၍  အာပတ်မသင့်ခဲ့ပဲ  ဒေါက်တာဘွဲ့  ယူနိုင်ခဲ့တဲ့ ထေရ၀ါဒ စစ်စစ် ရဟန်းတော်များရှိရင်  ညွှန်းပေးကြပါ။ တစ်သက်လုံး  နောက်လိုက်ပြီးဝတ်ကြီးဝတ်ငယ်ပြုစုချင်ပါတယ်။

(၃) ဖြေ။ ။ အိန္ဒိယ၊ သီရိလင်္ကာမှာ ပညာသင်လည်း အာပတ်သင့်နိုင်သလို ပြည်တွင်းမှာ ပညာသင်ရင် လည်း အာပတ်သင့်နိုင်ပါတယ်။ ဦးဇင်းရဲ့အာပတ်နဲ့တကွ စုတေလျှင် ဆောင်းပါးမှာ ရေးထားသလို သဗ္ဗညုတဘုရားရှင်နဲ့ပစ္စေကဗုဒ္ဓါဘုရားရှင်တို့သာ အာပတ်မှလွတ်ပြီး ကိလေသာကင်းတဲ့ ရဟန္တာအရှင်မြတ်များတောင် အာပတ်များ တစ်ခါတလေသင့်နိုင်တယ်။ အာပတ်သင့်ခံပြီး ရဟန္တာဖြစ်အောင် ကျင့်ကြံ သွားတဲ့မထေရ်များရှိနေတာကိုထောက်ဆကြည့်ရင် သေးငယ်တဲ့အာပတ်များဟာ အရံအတားသဘောမျိုးနဲ့ ကာလ၊ ဒေသကိုကြည့်ပြီး ပညတ်ခဲ့တာဖြစ်သလို လောက၀စ္စ၊ ပဏ္ဏတ္တိဝစ္စအနေနဲ့ မသင့်လျော်လို့ ပညတ်ခဲ့တာတွေလည်း ရှိပါတယ်။

ဥပမာ-ကာလဒေသကိုကြည့်ပြီး ပညတ်ခဲ့တာမျိုးက သံဃာတော်များ ၀ါတွင်းမိုးရွာသီမှာ ခရီးသွားတဲ့အခါ လယ်ယာတွေကိုဖြတ်ပြီးသွားရင် လယ်ယာတွေပျက်ဆီးလို့ ၀ါတွင်းခရီးမသွားရလို့ ပညတ်ခဲ့တာမျိုး၊ လောက၀စ္စဆိုတာ လောကနဲ့မသင့်လျော်တာ၊ ပဏ္ဏတ္တိဝစ္စ-ပညာရှိသူတော်ကောင်းများကဲ့ရဲ့မှာဆိုးတာမျိုး၊ ဥပမာ-မော်တော်ဆိုင်ကယ်ကို သံဃာများကိုယ်တိုင်စီးခြင်း၊ မော်တော်ကားကို ကိုယ်တိုင် စီးခြင်းတို့ဟာ လောကပတ်ဝန်းကျင်မှာ မြင်မကောင်းသလို ပညာရှိသူတော်ကောင်းများလည်း ကဲ့ရဲ့စရာဖြစ်ပါတယ်။ အဲဒီလို မော်တော်ဆိုင်ကယ်၊ မော်တော်ကားများကို သံဃာများကိုယ်တိုင်စီးရင် ၀ိနည်းအရတော့ အာပတ်မသင့်ဘဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ လူအများရဲ့ ကဲ့ရဲ့စရာဖြစ်တာရယ်၊ လောကအနေနဲ့ မြင်မကောင်းတာရယ်ကြောင့် မစီးသင့်ပါဘူး။ စီးတဲ့သံဃာကိုလည်း ဗုဒ္ဓဘာသာယုံကြည် သူတွေက လက်မခံကြပါဘူး။ အဲဒါကြောင့် အများသူငှာကို မထိုက်ခိုက်ဘဲ မိမိအတွက် သာသနာအတွက် အကျိုးပိုများအောင်ပြုလုပ်နိုင်ဖို့အတွက် သေးငယ်တဲ့အာပတ်များသင့်ရောက်ခြင်းဟာ အပြစ်တစ်ခုလို့ မဆိုသာတဲ့အပြင် သေးငယ်တဲ့အာပတ်ထက် ပိုအကျိုးများမဲ့အရာကိုပြုလုပ်နိုင်တယ်ဆိုရင် ကျေမွန်သွားနိုင်တယ်ဆိုတာ အာပတ်သင့်ခံပြီး တရားထူးရအောင် ကျင့်ကြံသွားတဲ့ ရဟန္တာမထေရ်များကိုကြည့်ပါက ထင်ရှားပါတယ်။

သာသနာတွင်းရှိ သံဃာတွေဟာ အာပတ်သင့်မှာဆိုးပြီး တောထဲမှာဖြစ်စေ သင့်လျော်ရာမှာဖြစ်စေ အေးဆေးနေပြီး တရားပွားများနေရင် သာသနာထွန်းကားမယ်ထင်လား။ သာသနာတိုးတတ်မယ်ထင်လား။ လူသားတွေ အသိပညာတိုးတတ်မယ်ထင်လား။ ကောင်းမှု မကောင်းမှုကို ခွဲခြားသိမြင်မယ်ထင်လား။ မြတ်ဗုဒ္ဓကဲ့ရဲ့တဲ့ သံဃာဟာ သူတစ်ပါးအသက်ကိုစတေးပြီးမှ မိမိအသက်ခန္ဓာကို အသက်ရှင်အောင် လုပ်ချင်ကြောင့် ကဲ့ရဲ့တာ။ အာပတ်တွေထဲမှာ သူတစ်ပါးထိခိုက်မှ သင့်တဲ့အာပတ်ရှိသလို သူတစ်ပါးမထိခိုက်ဘဲ မိမိတစ်ယောက်တည်း အပြစ်ဖြစ်တဲ့ အာပတ်တွေလည်း ရှိတယ်။ ဥပမာ- ပိုက်ဆံကိုင်တာဟာ လှူတဲ့သူမှာ အပြစ်မရှိ၊ လှူဒါန်းတဲ့အကျိုး လျှော့မသွားဘူး။ ဒါပေမဲ့ ကိုင်တဲ့သံဃာမှာ အပြစ်ဖြစ်တယ်။ ဒါဟာ ဘယ်သူမှမထိခိုက်ပါ။ အဲဒီတော့ အာပတ်စင်ကြယ်မှ သံဃာထင်ရင် သာသနာတိုးတတ်မယ်ထင်ရင် ထင်တဲ့လူ ကိုယ်တိုင်လုပ်ကြည့်လိုက်ပါ။ ဖြစ်နိုင်မဖြစ်နိုင် စောင့်ကြည့်လိုက်မယ်။

(၄) မေး။ ။ ကွန်မြူနစ်တွေကပြောတယ်။ ရွှေတိဂုံကိုသွားရင် ဘယ်တော့မှ  မကန်တော့နဲ့တဲ့လေ။ ဘာလို့လဲဆိုတော့ ရှေ့က ဘုရားကို  ထိုင်ကန်တော့လိုက်ရင် နောက်က ဘုရားတွေကို ဖင်ကုန်းပြသလိုပဲတဲ့။ ဘုရားတွေကလဲရှေ့နောက် ပတ်လည်ပဲကိုး။ အဲဒါ  ဘယ်လိုဖြစ်သင့်သလဲ။

(၄) ဖြေ။ ။ အဲဒါက ကြည်ညိုမှုသဒ္ဓါတရားလွန်ကဲမှုကြောင့် ကုသိုလ်ရအောင်ဆိုပြီး စေတီတွေ လှူဒါန်းဆောက်လုပ်ကြတာပါ။ မိမိစိတ်မှာ ရှေ့ကစေတီကိုရှိခိုးတာကိုပဲ အာရုံပြုပြီး နောက်ကစေတီကို စော်ကားချင်တဲ့ဆန္ဒ၊ ဖင်ကုန်ပြချင်တဲ့ဆန္ဒမရှိရင် အပြစ်မဖြစ်ပါ။ အဲဒီလိုသာ ရှေ့နောက်တွေမှာ မိမိကိုးကွယ်ရာများရှိလို့ မိမိရှေ့ကဟာကို ရိုသေလေးစားမှုမလုပ်ရဘူးဆိုရင် ဘယ်ဘာသာဝင်မှ မိမိတို့ကိုးကွယ်ရာကို ရိုသေလေးစားခြင်း မလုပ်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ မိမိကရှေ့ကဟာကို ရိုသေလေးစားနေရင် မိမိနောက်မှာ မိမိနိုင်ငံအတွင်း၊ ဒါမှမဟုတ် တခြားနိုင်ငံတွေမှာ မိမိတို့ကိုးကွယ်ရာတွေရှိနေဦးမှာမို့ပါ။ ဥပမာ-မိမိက ရှေ့မှာရှိတဲ့ဆရာသမားကို လေးစားပြနေရင် မိမိနောက်မှာ လည်း မိမိရဲ့ဆရာသမားတွေ ဆိုင်ရာဆိုင်ရာမှာ ရှိနေဦးမှာပါ။

ယခုတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ။ ဦးဇင်းသည် ပညာရှင်မဟုတ်သေးတဲ့ အညတြလေးသာဖြစ်လို့ အဖြေထဲမှာ အမှားများစွာ ပါလျှင်ပါနိုင်ပါတယ်။ အဲဒါကြောင့် မြတ်ဗုဒ္ဓရဲ့ဝါဒအတိုင်း ၀ိဘဇ္ဇလေးနဲ့ဖတ်ပြီး အသိဉာဏ်လေးနဲ့ ပိုင်ခြားကြပါလေ။ စာဖတ်ပရိသတ်အားလုံး အသိဉာဏ်ဗဟုသုတတိုးပွားပြီးသကာလ ငြိမ်းချမ်းမှုကို ခံစားနိုင်ပါစေလို့ ဆန္ဒပြုလျက်.....။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

0 comments:

Post a Comment

Powered by Blogger.