Tuesday, September 11, 2012

လူ့ဘ၀ရဲ့တန်ဖိုးကို အကျိုးရှိစွာ အသုံးချပါ


မေး။ ။ အရှင်ဘုရား တပည့်တော်သိချင်တာတစ်ခုရှိလို့ပါ။ မကောင်းမှုကြောင့်ငရဲရောက်ရင်ဘာဖြစ်လို့ မိမိပြုလုပ်ခဲ့တဲ့ အကုသိုလ်ထက် ပိုမိုပြီးခံရတာလဲဘုရား။ သိလျှင်ဖြင့် ဖြေပေးတော်မူပါ အရှင်ဘုရား။

ဖြေ။ ။ မိမိပြုလုပ်ခဲ့တဲ့ အကုသိုလ်ထက်တော့ ပိုမခံရပါဘူး။ မိမိလုပ်ခဲ့သလောက်သာ အကျိုးတရားခံရပါတယ်။ ဒါပေမဲ့ အပါယ်ဘုံရောက်သွားရင် တစ်ဘ၀ပြီးတစ်ဘ၀ ကောင်းမှုလုပ်ဖို့ရာ မလွယ်ကူတာမို့ အပါယ်ကနေ အပါယ်ကိုဆက်သွားရတာမျိုးတော့ ရှိပါတယ်။ အဲဒါကြောင့် ကောင်းမှုလုပ်ခွင့်ရတဲ့ လူ့ဘ၀မှာ ကောင်းမှုများများ ပြုလုပ်ဖို့ မြတ်ဗုဒ္ဓက တိုက်တွန်းခဲ့တာပါ။ နတ်ပြည်၊ ဗြဟ္မာပြည်ရောက်ပြန်တော့လည်း နတ်စည်းစိမ်၊ ဗြဟ္မာ့စည်းစိမ်တွေကိုခံစားနေရတာကြောင့် ကုသိုလ် လုပ်ဖို့ မေ့လျှော့တတ်ကြပါတယ်။ တကယ့်ကို သူတော်ကောင်းစိတ်ရှိတဲ့ နတ်ဗြဟ္မာများသာ ဗုဒ္ဓတရားတော် များ နာကြားခြင်း၊ တရားမှတ်ခြင်းများ ပြုလုပ်ကြပါတယ်။ များသောအားဖြင့်တော့ ကာမဂုဏ်စည်းစိမ်တွေနဲ့ ယစ်မူးနေမိကြပါတယ်။

အပါယ်လေးဘုံကိုရောက်သွားရင်တော့ ကုသိုလ်ဆိုတာလည်း မသိ။ အကုသိုလ်ဆိုတာလည်း မသိဘဲဖြစ်သွားပါတယ်။ နောက်ပြီး အပါယ်လေးဘုံမှာက ကုသိုလ်ကောင်းမှုပြုလုပ်မိရန် မလွယ်ကူးပါ။ ငရဲမှာဆို ငရဲဆင်းရဲများကို နေ့စဉ်နဲ့အမျှ ခံစားနေရတာမို့ ကုသိုလ်ဆိုတာ မရှိ၊ ပြိတ္တာ၊ အသူရကာယ်ဆိုတာကလည်း သူများကောင်းမှုကုသိုလ်ကို သာဓုခေါ်မှသာ ကုသိုလ်ဆိုတာရှိပြီး မကောင်းမှုတွေနဲ့ ဖြတ်သန်းရတာ များပါတယ်။ တိရစ္ဆာန်ဘ၀လည်း ကုသိုလ်ဆိုတာ မသိတဲ့အတွက် ကုသိုလ်ရယ်လို့ သီးသန့်လုပ်တာမျိုးမရှိဘဲ တချို့သောတိရစ္ဆာန်များသာ တရားနာတာတို့၊ သူတစ်ပါးကို ကူညီတာတို့ကြောင့် ကုသိုလ်ရကြပါတယ်။ များသောအားဖြင့် မကောင်းမှုတွေပဲ ပြုလုပ်ဖြစ်ကြပါတယ်။

အဲဒါကြောင့် လူ့ပြည်မှာလူလာဖြစ်ပြီး ကုသိုလ်ကောင်းမှုများကိုမေ့လျှော့ကာ မကောင်းမှုများနဲ့ ပျော်ပါးနေရင် ထိုသူဟာ တိရစ္ဆာန်များနဲ့တူနေသည်မို့ လူတိရစ္ဆာန်လို့ ရှေးလူကြီးများက ပြောဆိုခဲ့ကြခြင်း ဖြစ်ပါတယ်။

ကုသိုလ်ကောင်းမှုကို လုပ်နိုင်တာသည် လူ့ဘ၀သာ အကောင်းဆုံးသောနေရာဌာနဖြစ်ပါတယ်။ လူ့ဘ၀ဟာ အထက်ကိုတက်ချင်ရင် အဆုံးတိုင်သွားနိုင်သလို အောက်ကိုဆင်းချင်ရင်လည်း အဆုံးတိုင်ဆင်းနိုင်တဲ့ အခြေအနေမို့ မိမိတို့သွားချင်ရာလမ်းကို ရွေးချယ်ပြုလုပ်ရပါမယ်။ ရခဲလှတဲ့လူ့ဘ၀လေးမှာ သံသရာများစွာ က အောက်မှာနေခဲ့ရတဲ့ဘ၀တွေကို ထပ်မသွားချင်ဘဲ အထက်ကိုသာလျှင် တဆင့်ချင်းတက်နိုင်အောင် ကြိုးစားကြပါလေ။

0 comments:

Post a Comment

Powered by Blogger.