Wednesday, August 8, 2012

အာပတ်နဲ့တကွ စုတေလျှင်

ရေးဖို့ပြင်ထားတာကြာနေပေမဲ့ ခုမှပဲ အလှည့်ကျတာလာမို့ ဒီပို့စ်ကို စတင်ရေးသားတင်ပြလိုက်ပါတယ်။ ဦးဇင်း သွားလေရာနေရာတိုင်းမှာ သံဃာကြီးငယ်၊ ခေတ္တသာသနာ့ဘောင်ဝင်တဲ့ ဒုလ္လဘများပါ သိချင်ကြလို့ ခဏခဏ အမေးခံရတဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။ အဲဒီမေးခွန်းလေးကတော့ ရဟန်းတော်များ အာပတ်နဲ့သေရင် အပါယ်ကျတယ်ဆိုတာ ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းပါ။

ဒီမေးခွန်းကို အမေးခံရတဲ့အခါ အကျယ်တ၀င့်တော့ မဖြေပေးနိုင်ခဲ့ပေမဲ့ သာသနာ့ဘောင်ကနေ လျှော့ကျပြီး နောက်ထပ်တဖန် သာသနာဘောင်မရနိုင်တဲ့ မေထုန်မှု၊ ခိုးမှု၊ လူသတ်မှု၊ ဈာန်မဂ်ဗိုလ်တရားများ ကြွားဝါပြောဆိုမှုတို့ကလွဲရင် ကျန်တဲ့အပြစ်အာပတ်များကြောင့်တော့ အပါယ်ငရဲကို တိုက်ရိုက်မရောက်နိုင်ဘူးလို့ ဖြေပေးခဲ့ပါတယ်။ ဒါကလည်း ရဟန်းဘ၀မှာ အရေးကြီးဆုံး အချက်တွေမို့ တစ်သက်လုံးရဟန်းဘ၀မှာနေရင် စောင့်ထိန်းရမဲ့ အချက်တွေပါ။ မိမိက ရဟန်းဘ၀မှာ မနေချင်ရင်တော့ သိက္ခာချလူထွက်ပေါ့လို့ ပြောဆိုပေးခဲ့ပါတယ်။ ဒါပြင် တကယ်လို့ မိမိက အဲဒီအပြစ်(၄)မျိုးထဲက တစ်ခုခုကျုးလွန်မိရင်တော့ ရဟန်းဘ၀နဲ့ဆက်နေလို့ မရတော့တာမို့ ကိုရင်ဘ၀နဲ့ဖြစ်စေ၊ လူဝတ်စင်ကြယ်နဲ့ဖြစ်စေ နေကြပါလို့ တိုက်တွန်းပေးခဲ့ပါတယ်။

တကယ်တော့ အပါယ်လေးပါးကို တိုက်ရိုက်ရောက်စေနိုင်တဲ့ အပြစ်တွေထဲမှာ ရဟန်းရော လူရောအတွက် အဓိကပစ်မှတ်များကတော့ အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊ သံဃာသင်းခွဲ၊ သက်တော်ထင်ရှားဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုလုပ်သူ၊ နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူ ဒီ(၆)ခုသော အပြစ်များထဲက တစ်ခုခုကို ကျုးလွန်သူသာ အပါယ်ကိုတိုက်ရိုက် ရောက်စေနိုင်တာပါ။ ဒီအပြစ်တွေကို ကျူးလွန်မယ်ဆိုရင်တော့ သက်ရှိသတ္တ၀ါတိုင်း အပါယ်ကို ကျစေပါတယ်။ ကျန်တဲ့အပြစ်တွေကို မိမိက အဲဒီအပြစ်တွေထက် များပြားလှတဲ့ ကုသိုလ်ကောင်းမှုများနဲ့ ဆေးကြောပေးရင် ပြေပျောက်သွားနိုင်ပါတယ်။

အရင်က စာပေမနှံ့စပ်သေးတော့ ကျမ်းကိုးကျမ်းကားတွေနဲ့ မေးလာကြတဲ့ ရဟန်းများကို မဖြေပေးနိုင်ခဲ့ပေမဲ့ ခုတော့ မိမိဒေါက်တာကျမ်းအတွက် စာပေများစွာဖတ်ရင်းနဲ့ ပထမဦးဆုံး တောင်းတန်းဆရာတော်ဘုရားကြီး ဦးဥတ္တမသာရရေးထားတဲ့ အာပတ်နဲ့စုတေလျှင် စာအုပ်လေးကို ပထမဦးဆုံးဖတ်မိပြီး အဲဒီစာအုပ်နဲ့အတူ ကျန်တဲ့စာအုပ်များထဲကနေ ဆိုင်ရာဆိုင်ရာ အသိပညာများကို ကျမ်းအထောက်အထားများနဲ့ သိရှိလာရတဲ့အတွက် နောက်နောင်သာသနာ့ဘောင်သို့ ၀င်ရောက်မည့်သူများပါ သိရှိကြရအောင် အာပတ်နဲ့တကွ စုတေခြင်းအကြောင်းကို အကျယ်တ၀င့် ရေးသားပေးသွားပါမယ်။

ဦးဇင်း ငယ်စဉ်ဘ၀မှာ တချို့က သာသနာဘောင်မှာနေပြီး စာဖတ်၊ စာသင်၊ စာချ၊ တရားဟော၊ ကျောင်း၊ သံဃာ့ဝေယျာဝစ္စများစွာပြုလုပ်တယ်။ သီလတွေလည်း သူတော်ကောင်းတစ်ယောက်လိုဖြစ်အောင် စောင့်ထိန်းရတယ်။ အစစအရာရာလည်း ထိန်းချုပ်နေထိုင်ရတယ်။ အဲဒီလို မိမိဖြစ်ချင်၊ သွားချင်၊ နေချင်၊ ပျော်ချင်ပါးချင် ဖြစ်ချင်တာတွေကို ထိန်းသိမ်းနေထိုင်ပြီး ကောင်းမှုများစွာပြုလုပ်ခဲ့ပေမဲ့ ရှောင်ရခက်တဲ့ တချို့သော အာပတ်လေးများ သင့်ရောက်ခဲ့လို့ အဲဒီအာပတ်ကြောင့် အပါယ်ငရဲကို ရောက်ရတယ်ဆိုရင် သာသနာ့ဘောင်မှာနေရတာ မထိုက်တန်ဘူးဆိုပြီး လူထွက်သွားကြတာတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။

အဲဒီအခါတုန်းက ကိုယ်က စာပေမနှံ့စပ်၊ အသိပညာမကြွယ်သေးတော့ ထိုသူများကို နားလည်အောင်မပြောပြပေးနိုင်လို့ ဆုံးရှုံးနစ်နာခဲ့ရတာပါ။ ခုတော့ နောက်နောင်ဒီလို သာသနာ့ဘောင်ကနေ အမြင်မှားတွေကြောင့် ဆုံးရှုံးရမဲ့အဖြစ်ဆိုးတွေ မကြုံတွေ့ရအောင် မိမိသိရှိသမျှ အများသိရအောင် အချိန်ပေးရေးသားပါမယ်။

ပထမဦးဆုံး ရဟန်းသံဃာများ စုတေလျှင် ခေါ်ဆိုသုံးနှုန်းရေးသားကြတဲ့ ပျံနဲ့ပြန်(၂)မျိုးရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးပါမယ်။ တချို့က ရဟန်းသံဃာများ စုတေလျှင် အထက်ဘုံကိုသွားကြတယ်။ ငှက်တွေလို အထက်ကိုပျံတတ်သွားကြတယ်ဆိုပြီး ဘုန်းကြီးပျံလို့ သုံးနှုန်းကြပါတယ်။ တချို့က ရဟန်းသံဃာများဟာ အရင်ဘ၀က ဗြဟ္မာ့ပြည်ကနေလာတဲ့အတွက် လူ့ဘုံရောက်တဲ့အခါ အိမ်ထောင်သားမွေးအမှု မပြုလိုကြလို့ တစ်သက်လုံး သာသနာ့ဘောင်မှာ နေထိုင်သွားကြတယ်။ အဲဒီလို နေထိုင်သွားပြီးသကာလ စုတိစိတ်ကျသောအခါ အရင်နေထိုင်ရာ ဗြဟ္မာ့ပြည်သို့ ပြန်လည်သွားကြတယ်ဆိုပြီး ဘုန်းကြီးပြန်လို့ သုံးနှုန်းကြပါတယ်။ ဒါကတော့ ယူဆပုံအမျိုးမျိုးကိုလိုက်ပြီး ရေးသားကြတာကို ဗဟုသုတရအောင် ရေးသားပေးလိုက်တာပါ။ ရဟန်းသံဃာများမှာ အများကြီးမို့ တစ်ပါးနဲ့တစ်ပါးတော့ မတူနိုင်ဘူးပေါ့။ တချို့က ဗြဟ္မာ့ပြည်ကလာတာဖြစ်နိုင်သလို တချို့ကျတော့လည်း ဒီဘ၀ကနေစတင်ပြီး ပါရမီဖြည့်ရတာလည်း ဖြစ်နိုင်ပါတယ်။

ဆက်လက်ရေးသားပါဦးမယ်။


0 comments:

Post a Comment

Powered by Blogger.