Sunday, August 26, 2012

အာပတ်နဲ့တကွ စုတေလျှင် (၃)

မြန်မာပြည်တွင် ထင်ရှားခဲ့တဲ့ သံဃာ့ဂိုဏ်းကြီး(၂)ခုရှိရာ ဂိုဏ်းတစ်ခုရဲ့ဦးဆောင်ဆရာတော်အချို့ဟာ ပျံ့လွန်တော်မူခါနီးရင် သိက္ခာချခဲ့တဲ့ အလေ့အထတစ်ခု ဖြစ်ပေါ်လာခဲ့ရာကနေ နောက်သံဃာများက ဓလေ့ထုံးတမ်းစဉ်လာတစ်ခုလို သဘောထားကျင့်သုံးလာကြပါတယ် အလေ့အထဓလေ့ထုံးတမ်းစဉ်လာ ဆိုတာ အများလေးစားရတဲ့ပုဂ္ဂိုလ်များက ရှေးကနေဦးဆောင်လုပ်ပြသွားတာကို နောက်လူတွေက လိုက်လုပ်ကြရင်း ဖြစ်သွားတာပါ။ ရှေးကနေလုပ်သွားတဲ့လူတွေရဲ့ လုပ်ရပ်ကို နောက်လူတွေက အတုယူကျင့်သုံးမယ်ဆိုရင် လေ့လာစမ်းစစ်ဖို့ လိုပါတယ်။ ဒါမှသာ ဓလေ့ထုံးစံဖြစ်လာမဲ့ အလေ့အကျင့်ဟာ မှားယွင်းတဲ့ အယူအဆတွေ မဖြစ်မှာပါ။ များသောအားဖြင့် လူတွေဟာ ရှေးကနာမည်ကြီးတဲ့လူလုပ်ရင် အဲဒီလူရဲ့လုပ်ရပ်ကို ကောင်းမကောင်း၊ မှန်မမှန်ဆိုတာ ခွဲခြားဝေဖန် စမ်းစစ်လေ့မရှိဘဲ အတုယူကျင့်သုံးကာ ဓလေ့ထုံးစံတစ်ခုလို ကျင့်သုံးကြတာ များပါတယ်။ ဒါကြောင့်လည်း မှားယွင်းတဲ့ အလေ့အကျင့်၊ အယူအဆတွေ ကမ္ဘာပေါ်မှာ များစွာပေါ်ပေါက်နေတာပါ။

အခုလည်း အာပတ်နဲ့စုတေရင် အပါယ်ကျမှာဆိုးလို့ဆိုပြီး ရှေးဆောင်ဆရာတော်တစ်ပါး ပြုလုပ်သွားတာကို နောက်သံဃာများက အတုလိုက်ပြီး ကျင့်သုံးခဲ့ရာကနေ ဓလေ့ထုံးစံလို ဖြစ်သွားတာကြောင့် ယနေ့အချိန်ထိ ပျံလွန်တော်မူခါနီး သိက္ခာချတဲ့ အလေ့အထတွေ ရှိနေသေးတာပါ။ မိမိကိုယ်ကိုကိုယ်ပဲ မယုံကြည်တာလား၊ သူများလုပ်တာကို အဟုတ်မှတ်ပြီး သေချာမစစ်ဆေးဘဲ လိုက်လုပ်နေတာလားဆိုတာတော့ ကျင့်သုံးသူများသာ သိမှာပါ။ တကယ်တော့ မိမိကိုယ်ကို ယုံကြည်မှုရှိရင် လိုက်လုပ်စရာမလိုတဲ့ အလေ့အထတွေကို ပယ်ဖျက်ပစ်ရပါမယ်။ ဒါမှသာ မကောင်းတဲ့ဓလေ့ထုံးစံတွေ ပျောက်ကွယ်သွားပြီး နောက်လူတွေ မကျင့်သုံးတော့မှာပါ။ ဒါကြောင့် ရှေးဆောင်နွားလား ဖြောင့်ဖြောင့်သွားသော် နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏လို့ ကစ္စည်းသဒ္ဓါကျမ်းမှာ ဆိုထားခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ရှေးဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာ နောက်လူတွေအတွက် အလွန်အရေးကြီးတာကြောင့် ဘယ်သူမဆို ရှေးဆောင်လုပ်ပြသူဟာ ကောင်းမွန်မှန်ကန်စွာနဲ့ နည်းလမ်းမှန်များကို ကျင့်သုံးကြရပါမယ်။ ဒါမှသာ နောက်လူတွေဟာ လမ်းမှားကို မရောက်မှာပါ။

မြန်မာပြည်သက်ဦးဆံပိုင် ဘုရင်ခေတ်ကနေစပြီး ယနေ့အချိန်ထိ ကျင့်သုံးနေကြတဲ့ ပျံလွန်တော်မူခါနီး သိက္ခာချခြင်းဓလေ့ဟာ အာပတ်နဲ့သေရင် အပါယ်ကျမှာကြောက်လို့၊ သိက္ခာချလူထွက်ပြီးသေရင် အာပတ်စင်ကြယ်ပြီး ဘ၀ကူးကောင်းမယ်လို့ ထင်မြင်ယူဆကြလို့ပါ။ တကယ်စဉ်းစားကြည့်ရင် မှားယွင်းမှုများစွာ ဖြစ်နေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သိက္ခာချလူထွက်လို့ အာပတ်စင်ကြယ်တယ်ဆိုရင် မိမိလုပ်ခဲ့တဲ့ မကောင်းမှုတွေက အကျိုးမပေးဘဲနေတော့မဲ့ပုံစံ ဖြစ်သွားပါတယ်။ မိမိတို့ဗုဒ္ဓဘာသာဝင်တွေဟာ မိမိလုပ်တဲ့ ကောင်းကံမကောင်းကံတွေကို မိမိကိုယ်တိုင်ပဲ ခံစားရမယ်လို့ ယုံကြည်ထားတဲ့ ဘာသာပါ။

အဲဒါကြောင့် ဘယ်လိုနည်းနဲ့သေသေ မိမိက မကောင်းတာလုပ်ထားရင် မကောင်းကျိုးကတော့ ခံစားရမှာပါပဲ။ မိမိက မကောင်းတာလုပ်တာများရင် အဲဒီမကောင်းကံတွေက သေခါနီးမှာ အာရုံလာထင်လို့ဖြစ်စေ၊ သေခါနီးမှာ မကောင်းတဲ့စိတ်ဝင်လာလို့ဖြစ်စေ မိမိထင်တဲ့နိမိတ်အတိုင်း ဘ၀ကူးရပါမယ်။ မိမိက ကောင်းမှုများထားရင်တော့ မကောင်းမှုကံအနည်းငယ်ဟာ မကောင်းတဲ့ဘုံမှာ ခဏပဲအကျိုးပေးပြီး ကောင်းမှုကံတွေက ပြန်လည်အကျိုးပေးချိန်ရောက်လာရင် ကောင်းတဲ့ဘုံမှာ ကောင်းကျိုးတွေ ခံစားရမှာပါ။ အဲဒါကြောင့် မိမိလုပ်တဲ့အကျိုးကို မိမိခံစားရမယ်ဆိုတာသိရက်နဲ့ မကောင်းကျိုးကို ခံစားရမှာဆိုးလို့ သိက္ခာချပြီးမှ စုတေကျတဲ့ အလေ့အကျင့်ဟာ မှားယွင်းတယ်ဆိုတာ ထင်ရှားနေပါတယ်။

အာပတ်နဲ့စုတေရင် အပါယ်ကျတယ်လို့ တစ်ထစ်ချယုံကြည်ရခြင်းအကြောင်းကို လိုက်လံစစ်ဆေးကြည့်တဲ့ အခါ “သာပတ္တိကဿ, ဘိက္ခဝေ, နိရယံဝါ ၀ဒါမိ တိရစ္ဆာနယောနိဝါ”တိ သာပတ္တိကေဿဝ အပါယဂါမိတာ ၀ုတ္တာ။ အာပတ်နဲ့တကွဖြစ်သော ရဟန်းအား ငရဲ၊ တိရစ္ဆာန်ဆိုတဲ့အပါယ်ကို သွားရတယ်လို့ သာရတ္ထဋီကာရဲ့ ဖွင့်ဆိုချက်ကိုကြည့်ပြီး သိက္ခာချခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ တချို့မသိသေးသူများ မှတ်သားရအောင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့ရဲ့အကြောင်းကို အနည်းငယ်ရှင်းပြပေးပါမယ်။ ပါဠိတော်ဆိုတာကတော့ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့တရားတွေ၊ ရဟန္တာမထေရ်များ ထပ်ဆင့်ဟောကြားပေးခဲ့တဲ့တရားတွေကို ပထမသင်္ဂါယနာတင်စဉ်မှာ စုစည်းခဲ့တာတွေကို ခေါ်ပါတယ်။ အဋ္ဌကထာဆိုတာကတော့ ပါဠိတော်ရဲ့ဖွင့်ဆိုချက်တွေကို ပိုမိုရှင်းလင်းနားလည်အောင် အရှင်ဗုဒ္ဓဃောသ၊ အရှင်ဓမ္မပါလ၊ အရှင်မဟာနာမ၊ အရှင်ဗုဒ္ဓဒတ္တ၊ အရှင်ဥပသေနအစရှိတဲ့ သီဟိုဠ်ခေတ်က ရဟန်းတော်များ ရေးသားခဲ့တာကို ခေါ်ပါတယ်။ အဋ္ဌကထာကျမ်းများကို အများဆုံးရေးသားပြုစုခဲ့တာကတော့ ဉာဏ်ကြီးရှင်ဖြစ်တဲ့ အရှင်ဗုဒ္ဓဃောသဖြစ်ပါတယ်။ အရှင်ဗုဒ္ဓဃောသဟာ ကျမ်းစာအုပ်တစ်ခုကို သုံးခါပြန်ရေးသော်လည်း တစ်ပုံစံတည်းတူအောင် ရေးနိုင်တယ်လို့ သီဟိုဠ်ကျမ်းစာများမှာ ပြဆိုထားတာ တွေ့ရပါတယ်။ ဒါကြောင့် အရှင်ဗုဒ္ဓဃောသအဋ္ဌကထာဆရာဟာ ဉာဏ်ကြီးရှင်ဆိုတာကတော့ သေချာပါတယ်။ ဋီကာဆိုတာကတော့ အဲဒီအဋ္ဌကထာဖွင့်ဆိုချက်ကို ထပ်မံရှင်းလင်းအောင် ဆရာတော်ကြီးများက ရေးသားခဲ့တာကို ခေါ်ပါတယ်။ အဲဒီတော့ အဋ္ဌကထာဆရာ၊ ဋီကာဆရာများသည် ပုထုဇဉ်ဖြစ်သူတွေမို့ တခြားဘာသာဝင်များက အဋ္ဌကထာစကား၊ ဋီကာစကားများကို မယုံကြည်စရာ ဖြစ်နိုင်ခဲ့ရင်တောင် ပါဠိတော်များကတော့ မြတ်ဗုဒ္ဓကိုယ်တိုင် ဟောကြားခဲ့တာများဖြစ်သလို အရှင်သာရိပုတ္တရာစတဲ့ ရဟန္တာမထေရ်များရဲ့ ဟောပြချက်တွေကို မြတ်ဗုဒ္ဓကလက်ခံခဲ့တဲ့ ပါဠိတော်စကားရပ်များ ဖြစ်ပါတယ်။ အဲဒါကြောင့် မိမိတို့က တခြားဘာသာတွေကမေးလာရင် အတက်နိုင်ဆုံး ပါဠိတော်စကားများကိုယူပြီး ဖြေရှင်းပြောဆိုမယ်ဆိုရင် လုံးဝမမှားနိုင်ဘူးဆိုတာတော့ ယုံကြည်ထားဖို့ လိုပါတယ်။

သေခါနီးမှာ အာပတ်စင်ကြယ်အောင် သိက္ခာချလူထွက်ပြီး စုတေကြခြင်းဟာ အပေါ်မှာပြခဲ့တဲ့ သာရတ္ထဋီကာအဖွင့်ကိုကြည့်ပြီး ငါတို့ဟာ ကောင်းမှုတွေများပေမဲ့ တကယ်လို့များ သေးငယ်တဲ့အနည်းငယ်သော အာပတ်လေးများရှိလို့ သေတဲ့အခါ မတော်တဆ အပါယ်ဘုံများ ရောက်သွားမလားဆိုတဲ့ သံသယစိတ်တွေကြောင့် သိက္ခာချပြီး စုတေကြတာ ဖြစ်မှာပါ။ အဲဒီလိုသာ အနည်းသောအာပတ်လေးကြောင့် အပါယ်ရောက်မယ်ဆိုရင် မိမိတို့ပြုလုပ်ခဲ့တဲ့ ဒါန၊ သီလ၊ ဘာဝနာတွေက ဘယ်ရောက်လို့ ဘယ်ပေါက်ကာ အကျိုးမပေးဘဲ ဖြစ်နေတော့မှာလားလို့ တွေးတောစရာဖြစ်ကာ မိမိတို့က ကံအကျိုးပေးကို မယုံကြည်ရာ ရောက်သွားပါလိမ့်မယ်။

မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ ပရိဝါပါဠိတော်(၃၂၂)မှာ ဒွေ ပုဂ္ဂလာ အဘဗ္ဗာ အာပတ္တိံ အာပဇ္ဇိတုံ- ဗုဒ္ဓါစ ပစ္စေကဗုဒ္ဓါစ-သဗ္ဗညုတဘုရားရှင်နဲ့ပစ္စေကဗုဒ္ဓဘုရားရှင်တို့သာ အာပတ်မှ လွတ်တယ်ဆိုတာကို ထောက်ကြည့်မယ်ဆိုရင် ရဟန္တာများတောင် ကုဋေကိုးထောင်ကျော်ရှိတဲ့ အာပတ်တွေထဲက တစ်ခုခုနဲ့ ငြိစွန်းနိုင်တာမို့ ပုထုဇဉ်များမှာ ပိုမိုလိုတောင် အာပတ်စင်ကြယ်ဖို့ ခက်ပါလိမ့်မယ်။

ရဟန်းသံဃာတွေအတွက် ထိန်းသိမ်းရမဲ့ အာပတ်တွေက ကုဋေကိုးထောင်ကျော်ဆိုတော့ တစ်ခုမဟုတ် တစ်ခုခုနဲ့တော့ လွတ်ဖို့မလွယ်ပါဘူး။ ဒါကြောင့် မြတ်ဗုဒ္ဓက ရှင်အာနန္ဒာကို သေးငယ်တဲ့သိက္ခာပုဒ်များ ပယ်ဖြတ်လိုက ပယ်ဖြတ်နိုင်ကြောင်း မိန့်ဆိုခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဦးဇင်းတို့ရဲ့ ဘာသာက ဘာသာတော့ မူရင်းအတိုင်းထားမယ်။ ကိုယ်မလိုက်နာရင် ကိုယ်ပဲခံ။ ကိုယ်လိုက်နာနိုင်ရင် ကိုယ်ပဲစံဆိုတဲ့ ကိုယ်ဖြစ်ကိုယ်ခံဝါဒမို့ မြတ်ဗုဒ္ဓတရားတော်များကို လုံးဝပြုပြင်ခြင်းမပြုဘဲ မူရင်းအတိုင်း ထားရှိခဲ့တာပါ။မြတ်စွာဘုရားမိန့်ကြားခဲ့တဲ့အတိုင်း ရဟန္တာများတောင် အာပတ်မှမလွတ်နိုင်ဘူးဆိုမှတော့ မိမိတို့သံဃာများအနေနဲ့လည်း သေးငယ်တဲ့အာပတ်များ အခန့်မသင့် မလွဲသာလို့ သင့်ခဲ့မယ်ဆိုရင် မိမိက အဲဒီအာပတ်ကိုစင်ကြယ်အောင် ပြုလုပ်မယ်ဆိုတဲ့စိတ်ထားလေးအမြဲရှိဖို့သာ လိုတာပါ။

အာပတ်နဲ့တကွ စုတေလျှင် လားရာဂတိ မြဲခြင်း၊ မမြဲခြင်းနဲ့ပတ်သတ်ပြီး မန္တလေး ရတနာပုံခေတ်တွင် နေလိုလလို ထင်ရှားတော်မူခဲ့ကြတဲ့ ဆရာတော်ကြီး(၂)ပါးရဲ့ မိန့်ကြားချက်များကို တင်ပြပေးပါမယ်။ မှတ်သားဖွယ်ကောင်းလှတဲ့ စကားတွေမို့ မှတ်တမ်းတင်ပေးလိုက်တာပါ။ မိမိတို့လက်ခံတာ လက်မခံတာကတော့ မိမိတို့အပိုင်းပေါ့လေ။ အသိပညာကိုမျှဝေပေးရမဲ့တာဝန်က ဦးဇင်းတာဝန်လို့ ယူဆထားတဲ့အတွက် ဦးဇင်းကတော့ မိမိတက်သိသမျှကို မျှဝေပေးနေမှာပါ။ မှားမှန်နဲ့လိုက်နာတာ မလိုက်တာကတော့ မိမိတို့အသိစိတ်ဓာတ်နဲ့ မိမိတို့အသိဉာဏ်ပေါ်မှာ မူတည်ပါလိမ့်မယ်။

ဆက်လက်ရေးသားပါဦးမယ်။

0 comments:

Post a Comment

Powered by Blogger.