Friday, August 24, 2012

ဘာသာခြားတောင် ကျေးဇူးတင်ယုံကြည်လာအောင် ဖြေပေးခဲ့တဲ့အဖြေလေး

မေး။ ။ တပည့်တော်မသိချင်တာလေးမေးပါရစေဘုရား။ စာရှည်သွားရင်လည်း သည်းခံဖတ်တော်မူပါ ဘုရား။တပည့်တော်မ၏ မိတ်ဆွေတစ်ယေက်သည် အမည်မသိရောဂါတစ်မျိုး ခံစားနေရပါသည်ဘုရား။ သူ့မိသားစု၏ အပြောအရသူများပြုစားသည်ဟုဆိုပါသည်ဘုရား။ သူတို့က ဘာသာခြားကိုးကွယ်သူတွေပါဘုရား။ ထိုသူ၏ရောဂါခံစားနေရပုံမှာ သူ့ပတ်ဝန်းကျင်အား ကြမ်းတမ်းစွာပြောဆို ဆက်ဆံခြင်း၊ တုတ် ဓါး ဆွဲ ၍ရန်ရှာခြင်း၊ အစာလုံးဝမစားခြင်း၊ နေ့ညမအိပ်ခြင်း၊အနီးအနားရှိလူများထံမှ ပစ္စည်းများလုယူခြင်းတို့ကို ပြုလုပ်နေပါသဖြင့် လှောင်အိမ်တွင်ထည့်၍ သော့ခတ်ထားရပါသည်ဘုရား။အမြဲတမ်းထိုသို့ဖြစ်နေခြင်းမဟုတ်ပါ။ ကောင်းနေသည့်အခါ အားလုံးကိုမှတ်မိ၍ လူကောင်းအတိုင်းပါဘုရား။ ပရောဂ ဆရာပေါင်းစုံဖြင့် ကုသသော်လည်းပျောက်ကင်းသက်သာခြင်းမရှိသဖြင့် သူ့မိသားစုမှ ဗုဒ္ဓဘာသာနည်းဖြင့် ကုသလျှင်ရမရမေးလာပါသည်ဘုရား။ မည်သို့ဖြေကြားရမည်ကိုမသိသဖြင့် အရှင်ဘုရားအား မေးလျှောက်ရခြင်းဖြစ်ပါသည်ဘုရား။ ရောဂါခံစားနေရသူအားသနားသဖြင့် ဖြေကြားတော်မူပါဘုရား။
ဖြေ။ ။ ဒကာမရေးထားတာကို ဖတ်ကြည့်တဲ့အခါ အဲဒီလူဟာ ဘုန်းကံနိမ့်နေလို့ တခြားလူရဲ့ ပြုစားခြင်းကို ခံနေရတာနဲ့ တူနေတယ်။ လူတစ်ယောက်ဟာ ဘုန်းကံနိမ့်နေရင် ပညာတတ်တဲ့ စုန်းကဝေတို့ရဲ့ လုပ်ခြင်းကို ခံရသလို စုန်းကဝေတတ်သူတို့ရဲ့ အစားအစာကို စားမိရင်လည်း ခံစားရပါတယ်။ မြတ်ဗုဒ္ဓလက်ထက်က ရဟန်းတော်တစ်ပါးလည်း မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခင်ကိုခံရတဲ့အတွက် အဲဒီမိန်းကလေးက စုန်းပညာနဲ့ရဟန်းတော်ကိုလောင်းတဲ့ ဆွမ်းထဲမှာ စုန်းပညာနဲ့ ထည့်လောင်းလိုက်တယ်။ အဲဒီရဟန်းဟာ စုန်းပညာကြောင့် မလူးမလဲခံစားရတာကို မြတ်ဗုဒ္ဓသိတဲ့အခါ ထွန်းတုန်းခဲက မြေကြီးကို ရေနဲ့ဖျော်တိုက်လိုက်တာ ကောင်းသွားတယ်။ အဲဒီတော့ အခုဖြစ်နေတဲ့လူကိုလည်း ပထမဦးဆုံး မြတ်ဗုဒ္ဓနည်းလမ်းအတိုင်း စုန်းကဝေလုပ်တာ ဟုတ်မဟုတ်သိရအောင် လယ်ထွန်တဲ့ထွန်တုံးခဲက မြေကြီးကိုယူပြီး အဲဒီမြေကြီးကို ရေနဲ့ရောတိုက်ပေးလိုက်ပါ။ မြေကြီးအနည်းငယ်ဖြစ်တဲ့ ရွံ့ကို ရေနဲ့သောက်လို့ ဘာမှမဖြစ်ပါဘူး။ ရွံ့ကို ဦးဇင်းတို့ငယ်တုန်းကလည်း ပါးစပ်ထဲမှာ ရောက်ခဲ့တာ အများကြီးပါ။

ပထမဦးဆုံး ထွန်တုံးခဲရှာပြီး လုပ်ပေးကြည့်ပါ။ အဲဒီလိုမှ မရရင်တော့ စာသင်တိုက်တစ်တိုက်ရဲ့ ကျောင်းဘုန်းကြီးကို အခြေအနေလျှောက်ပြပြီး သံဃာငါးပါးလောက် အိမ်ကိုပင့်ကာ လူနာကို သံဃာငါးပါးရဲ့ အလယ်မှာထားပြီး ပရိတ်တရားများ ရွတ်ပေးခိုင်းပါ။ အဲဒီလိုလုပ်ရင်တော့ သက်သာသွားပါလိမ့်မယ်။ နောက်ပြီး ပရိတ်ရေလည်း တိုက်ပေးလိုက်ပါ။ ဒါဆို စိတ်ချရမဲ့ အခြေအနေ ဖြစ်သွားပါလိမ့်မယ် ဒကာမ။

အခြေအနေထူးရင် စာထပ်ပို့ပေးပါ။ နောက်ထပ် တစ်မျိုးစဉ်းစားပေးပါမယ် ဒကာမ။

အကြောင်းပြန်စာ။ ။ တပည့်တော်မ ရိုသေစွာဖြင့် လျှောက်ထားအပ်ပါသည်ဘုရား။ အရှင်ဘုရားအမိန့်ရှိတဲ့အတိုင်းလုပ်ပေးခဲ့ရာ လူနာမှာသိသာစွာသက်သာလာပါပြီဘုရား။ အရင်လို ဆိုးသွမ်းသောင်းကျန်းမနေတော့ဘဲ တခါတလေ ငိုငိုနေပါတယ်ဘုရား။ သံဃာငါးပါးပင့်၍ ပရိတ်ကမ္မဝါများရွတ်ဖတ်လိုက်သောအခါ အရှင်းပျောက်ကင်းသွားပါတယ်ဘုရား။ သူတို့လည်းဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်လာပါတယ် ဘုရား။ ငါတို့ဘာသာကဒုက္ခရောက်တဲ့ အခါအားကိုးလို့ မရဘူး။ နင်တို့ဘာသာကဒုက္ခရောက်တဲ့အခါ အားကိုးလို့ရတယ်လို့ ပြောပါတယ်ဘုရား။ အရှင်ကို မေးလျှောက်ခဲ့သည်ကိုပြောပြသည့်အတွက် ကျေးဇူးတင်ကြောင်းလျှေက်ပေးပါဟု ဆိုပါသည်ဘုရား။ တပည့်တော်မလည်း အရှင်ဘုရားအားကျေးဇူးတင်စွာဖြင့် လက်အုပ်ချီမိုး ရှိခိုးလိုက်ပါသည်ဘုရား။

0 comments:

Post a Comment

Powered by Blogger.