Monday, August 20, 2012

အာပတ်နဲ့တကွ စုတေလျှင် (၂)

တချို့သော ရပ်ရွာမြို့တွေမှာ ဘုန်းကြီးပျံလွန်တော်မူပြီး မကျွတ်လွတ်ဘဲ ဖြစ်နေတယ်လို့ ကြားသိရတာတွေလည်း ရှိပါတယ်။ အဲဒီလို မကျွတ်လွတ်လို့ ကျောင်းနေသူများကို နှောက်ယှက်တယ်။ ခြောက်လှန့်တယ်ဆိုတာမျိုးလည်း ကြားရပါတယ်။ အဲဒီလိုကြားရတာဟာ တကယ်တော့ ဘုန်းကြီးသေပြီး အပါယ်ပြိတ္တာဘ၀ကို ရောက်တာလို့ တိုက်ရိုက်ပြောသလို ဖြစ်သွားပါတယ်။ အဲဒီလို ဘုန်းကြီးသေပြီး ပြိတ္တာဖြစ်သွားတာကို တချို့က ဒါဟာ ဘုန်းကြီးအာပတ်နဲ့သေလို့ ဖြစ်ရတာလို့ ယူဆတတ်ကြပါတယ်။ သေခါနီးကာလမှာ ဘုန်းကြီးဟာ ဘယ်မကောင်းမှုကိုအာရုံပြုမိပြီး ပျံလွန်တော်မူတယ်ဆိုတာကို သေချာကျနစွာမသိဘဲ ရမ်းပြောလိုက်တဲ့စကားက ဘုန်းကြီးအာပတ်သင့်လို့ အပါယ်ကျတာဆိုပြီး ပြောဆိုရာရောက်သွားပါတယ်။

အဲဒီလို မဟုတ်တမ်းစကားတွေကို ကြားသိရပြီး ရဟန်းသံဃာတွေသေရင် အာပတ်ကြောင့် အပါယ်ကျတယ်လို့ယူဆကြကာ တချို့သံဃာတွေဟာ အသက်ထက်ဆုံး သာသနာ့ဘောင်မှာနေပြီးမှ သေခါနီးအခါမှာတော့ အာပတ်နဲ့သေရင် အပါယ်ကျမှာကြောက်တယ်ဆိုပြီး လူဝတ်လဲသေသွားတဲ့ သံဃာတွေလည်း အများကြီးရှိခဲ့တယ်ဆိုတာ ရှေးရှေးမထေရ်ကြီးများ ပြောပြတာကို ကြားဖူးရပါတယ်။ တစ်သက်လုံး သာသနာ့ဘောင်မှာနေလာပြီး သေခါနီးအချိန်နီးမှ အာပတ်နဲ့သေရင် အပါယ်ကျမှာကြောက်လို့ အာပတ်စင်ကြယ်အောင် လူဝတ်လဲတာဟာ မိမိကိုယ်ကို မယုံကြည်ရာ ရောက်ပါတယ်။ ယနေ့လောကမှာ အများသိနေကြတဲ့ ရဟန်းတော်များ စုတိစိတ်ကျရင် မကောင်းတဲ့အာရုံနိမိတ်ကို အာရုံပြုမိလို့ အပါယ်ကျရတဲ့ ဇာတ်လမ်းတွေကို မိမိတို့က သေချာကျနစွာ မသိဘဲနဲ့ ထင်ယောင်ထင်မှား ဖြစ်နေကြတာပါ။ လူများအထင်မှားနေကြတဲ့ ရဟန်းတော်များ အာပတ်ကြောင့် စုတိစိတ်ကျတဲ့အခါ အပါယ်သွားရတယ်ဆိုတာကို နောက်ပိုင်းမှာ ဇာတ်လမ်းများရှာဖွေထုတ်နှုတ်ကာ အကျိုးအကြောင်းနဲ့ ရှင်းပြပေးပါဦးမယ်။

ရဟန်းသံဃာများသင့်တဲ့အာပတ်တွေထဲမှာ အထက်မှာဖော်ပြခဲ့တဲ့ ပါရာဇိက(၄)ပါးထဲက တစ်ပါးပါးကျုးလွန်မိရင် ကျုးလွန်မိတာနဲ့ ရဟန်းမဟုတ်တော့ဘဲ လူဖြစ်သွားတယ်။ ရဟန်းဘောင်မှာ နောက်ထပ်နေလို့ မရတော့ဘူး။ ရဟန်းဘ၀နဲ့ဈာန်မဂ်ဖိုလ်မရဘူး။ လူထွက်ပြီး တရားကျင့်ရင် မဂ်ဖိုလ်ရနိုင်ပါတယ်။ မိမိက ရဟန်းမဟုတ်တာကို ရဟန်းလိုနေနေရင်တော့ သာသနာကိုစော်ကားရာရောက်သလို သာသနာခုတုံးလုပ်သူမို့ အပြစ်များစွာတော့ ဖြစ်နေပါတယ်။ မိမိက သာသနာ့ဘောင်မှာနေပြီး သာသနာအလုပ်ဖြစ်တဲ့ ပရိယတ္တိ၊ ပရိပတ္တိ၊ သာသနာ့အကျိုးတွေကို မလုပ်ဘဲနဲ့ အိပ်စားလုပ်နေပြီး သာသနာကို ခုတုံးလုပ်နေတဲ့ပုံစံမျိုးဖြစ်နေရင်တော့ ကဿပမြတ်စွာဘုရားရှင် သာသနာနောက်ပိုင်းက သာသနာခုတုံးလုပ်သူတို့ သွားလမ်းဖြစ်တဲ့ အပါယ်ကိုတော့ ရောက်ပါလိမ့်မယ်။

မိမိက ရဟန်းမဟုတ်တော့ဘူးဆိုရင်တော့ ကိုရင်ဘ၀နဲ့ဖြစ်စေ၊ လူထွက်လို့ဖြစ်စေ နေထိုင်ကျင့်သုံးကြပါလို့ အားလုံးကိုပြောဆိုရှင်းပြပေးခဲ့ပါတယ်။ ရဟန်းဘ၀မှာ အဓိကအရေးကြီးတဲ့ ပါရာဇိက(၄)ပါးကလွဲရင် ကျန်တဲ့အာပတ်များကို သင့်ရင်သင့်သလို အာပတ်ဖြေပါက စင်ကြယ်ပါတယ်။ နောက်ထပ်မလုပ်ဖြစ်အောင်လည်း မိမိကိုယ်ကို ထိန်းသိမ်းပါက စင်ကြယ်တဲ့သံဃာပင် ဖြစ်နေမှာပါ။ တကယ်လို့ သေးငယ်တဲ့အာပတ်တိုင်းကို ဖြေပြီးပြန်လည်သင့်နေပါကလည်း ဒီဘ၀မှာမဂ်ဖိုလ်သာမရနိုင်တာပါ။ မိမိမှာ သာသနာ့အဆောက်ဦးများဖြစ်တဲ့ ကျောင်းကန်စေတီပုထိုးများကို သန့်ရှင်းခြင်း၊ ထိန်းသိမ်းကာကွယ်စောက်ရှောက်ခြင်း၊ စာပေပရိယတ်သင်ယူလေ့လာဟောပြောပို့ချခြင်းစတဲ့ သာသနာ့ကောင်းမှုတွေ ရှိနေတယ်ဆိုတာတော့ မမေ့ပါနဲ့။ ဒါကြောင့် မိမိက သာသနာ့ဘောင်မှာ ကြီးလေးတဲ့ အာပတ်မျိုးသာ အဓိကရှောင်နိုင်ပြီး သေးငယ်တဲ့အာပတ်လေးတွေကို မရှောင်ကြဉ်နိုင်လို့ သာသနာ့ဘောင်မှာ မနေချင်ဘူး။ မနေလိုတော့ဘူးဆိုပြီး စိတ်ဆုံးဖြတ်ချကာ သာသနာ့ဘောင်ကနေ မစွန့်လွတ်လိုက်ပါနဲ့။ သာသနာအတွက် ရင်လေးစရာ ဖြစ်သွားမှာဆိုးလို့ပါ။

ရဟန်းသံဃာများ အာပတ်နဲ့သေလျှင် အပါယ်ကျတာများတယ်ဆိုတဲ့ အယူဝါဒရှေးရိုးစွဲတွေကြောင့် ရှေးခေတ်အခါက ပညာတတ်ဘုန်းတော်ကြီးများပင် သေခါနီးမှ လူဝတ်လဲသွားကြတာတွေ ကြားဖူးပါတယ်။ တစ်ခါက စစ်ကိုင်းမြို့အနီး တောလက်ကျေးရွာတွင် နှစ်ပေါင်းများစွာ သီတင်းသုံးနေထိုင်ခဲ့တဲ့ နာမည်ကျော်ကြားသော ဆရာတော်တစ်ပါးဟာ အိုမင်းလာချိန်မှာ သူ့ကိုယ်သူ ငါသေခါနီးပြီဟု နှုတ်မြွက်ပြောဆိုကာ သူနေထိုင်တဲ့ကျောင်းတိုက်တာကို ရပ်ရွာအား အပြီးအပိုင်လွဲအပ်ထားပြီး လွတ်လွတ်လပ်လပ် ကျောင်းကနေ ထွက်ခွာသွားခဲ့တယ်။ အရာအားလုံးကို သတိမလစ်စေဘဲ ရှင်းလင်းပြတ်သားစွာ စွန့်လွတ်လှူဒါန်းထားခဲ့ပြီး စိတ်ရှင်းရှင်းနဲ့သံယောဇဉ်အားလုံးဖြတ်ကာ မွေးရပ်မြေကို ဆရာတော်က ပြန်ကြွလာခဲ့တာမို့ ဆရာတော်ရဲ့ ကြွေးဟူသမျှ ဘာကြွေးမှ မကျန်စေရ၊ ငါ၏ ဘ၀တာအတွင်း ကိုယ်ပိုင်ကံတရားကို သန့်ရှင်းစေပြီးမှ လက်ရှိဘ၀ကို အဆုံးသတ်သွားမယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ ကောင်းသောစိတ်ဓာတ်ဖြစ်တာကြောင့် ချီးကျူးအတုယူသင့်ပါတယ်။

ဒါပေမဲ့ ဆရာတော်ဟာ သူ့ကိုယ်သူ မနက်ဖြန်လောက် ပျံလွန်တော်မူမည်ကို သိတဲ့အတွက်ကြောင့် သတိကောင်းနေချိန်မှာ ရဟန်းဘ၀ကနေ သိက္ခာချလူဝတ်လဲသွားတယ်ဆိုတဲ့ အချက်ကိုတော့ သဘောမကျလှပေ။ ရဟန်းဘ၀မှာ အာပတ်နဲ့သေရင် အပါယ်လေးဘုံရောက်တတ်တယ်ဆိုတဲ့အချက်ကို အယူဝါဒစွဲပြီး သိက္ခာချသွားခြင်းကြောင့် သဘောမကျခြင်း ဖြစ်ပါတယ်။ အဲဒီလို မိမိက သိက္ခာချပြီး ပျံလွန်တော်မူတာဟာ သိက္ခာချသူအတွက် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်ဟာက များမလဲဆိုတာ မသိနိုင်ပေမဲ့ မိမိကိုယ်ကို ယုံကြည်မှုမရှိတာကို သက်သေပြလိုက်တယ်ဆိုတာကို မေ့နေတယ်ထင်ပါတယ်။ နောက်ပြီး ဒီလိုနာမည်ကြီးဆရာတော်တစ်ပါး ပြုမှုသွားတာကို နောင်လာနောက်သားများ အဟုတ်မှတ်ကာ အတုယူသွားကြပါက အာပတ်နဲ့စုတေလျှင် အပါယ်လားတယ်ဆိုတဲ့ အယူဝါဒကြီးဟာ အယူမှားအယူလွဲကြီးအဖြစ် ရေရှည်ဆက်လက်တည်တံ့စရာ ဖြစ်နေပါလိမ့်မယ်။


တကယ်တော့ အာပတ်နဲ့သေရင် အပါယ်ကျတယ်ဆိုတဲ့အယူကို ရှေးခေတ်ကလည်း ဆရာတော်ကြီးများ ခဏခဏ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ ဒါကို နောက်လူတွေက အဲဒီစာတွေကို မတွေ့မိတဲ့အခါကျတော့ ပါးစပ်ဖျားမှာ ရေးပန်းစားနေတာကိုပဲ အဟုတ်မှတ်ထင်နေကြတာပါ။ ရှေးခေတ်က ရွှေကျင်ဂိုဏ်းနဲ့သုဓမ္မာဂိုဏ်းဆိုပြီး ဂိုဏ်း(၂)ခု ကွဲပြားခဲ့ကြပါတယ်။ ဒါကလည်း ရွှေကျင်သာသနာပိုင် ကျောင်းမှာ သီတင်းသုံးတဲ့ဆရာတော်ကို ရွှေကျင်ဆရာတော်လို့ခေါ်ရင်း အဲဒီဆရာတော်နဲ့နီးစပ်တဲ့ သံဃာများကို ရွှေကျင်ဂိုဏ်းဆိုပြီး ပြဿနာတစ်ခုဖြစ်ရာကနေ ကွဲပြားခဲ့ရတာပါ။

ဒီနေရာမှာ ဆက်မိတာနဲ့ ဂိုဏ်းကွဲပြားရခြင်းအကြောင်းကို အနည်းငယ်ရေးသားပေးပါဦးမယ်။ တာဝတိံသာနတ်ပြည်မှာ သိကြားမင်းဟာ သုဓမ္မာဇရပ်တွင် မှုခင်းများကို စီရင်ဆုံးဖြတ်လေ့ရှိတာကို နည်းယူပြီး မြန်မာဘုရင်များလက်ထက်တော်က သာသနာရေးဆိုင်ရာမှုခင်းများကို ဆရာတော်ကြီးများ စုဝေးဆုံးဖြတ်ရာနေရာဌာနကို "သုဓမ္မာ"လို့ခေါ်ခဲ့ကြပါတယ်။ သံဃာ့ဂိုဏ်းများ မကွဲမပြား တစ်စည်းတစ်လုံးတည်းရှိစဉ်က မြန်မာနိုင်ငံတွင် သံဃာအားလုံးဟာ သုဓမ္မာဝင်ဆရာတော်ကြီးများရဲ့ အုပ်ချူပ်မှုအောက်တွင် ရှိနေခဲ့ကြတာပါ။ ထိုသို့ရှိနေရာမှ မင်းတုန်းမင်းကြီးလက်ထက်တွင် သူအလွန်တရာ ကြည်ညိုလှတဲ့ ဆရာတော်ဦးဇာဂရကို ရွှေကျင်ကျောင်းတော်တစ်ခု ဆောက်လုပ်လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဆရာတော်ဦးဇာဂရကို ရွှေကျင်ကျောင်းဆရာတော်ဟု ခေါ်ဆိုကြရာမှ ရွှေကျင်ဆရာတော်လို့ ခေါ်ဆိုကြပါတော့တယ်။

အခါတစ်ပါး ရွှေကျင်ဆရာတော်ဘုရားက သာသနာပိုင်ဆရာတော်ထံ သွားရောက်ရာ စကားမပြောဆိုဘဲနေခဲ့သဖြင့် သာသနာပိုင်ဆရာတော်က မိမိအား မလိုလားလို့ စကားမပြောဘဲနေတာဖြစ်မယ်လို့ထင်မြင်ပြီး အမြင်စောင်းခဲ့ပါတယ်။ အဲဒါနဲ့ (၁၂၁၄)ခုနှစ်တွင် ရွှေကျင်ဆရာတော်ကို သုဓမ္မာဆရာတော်များအမိန့်နဲ့ သုဓမ္မာစည်းဝေးဆောင်သို့ကြွရန် ဆင့်ခေါ်ကြပါတယ်။ အဲဒီလိုဆင့်ခေါ်တာကို ရွှေကျင်ဆရာတော်က မကြွဘဲနေတဲ့အခါ သုဓမ္မာဆရာတော်များက အတင်းအကြပ်ခေါ်ဆိုဖို့ စီမံကြတယ်။ ဒါကို မင်းတုန်းမင်းကြီးသိတဲ့အခါ ရွှေကျင်ဆရာတော်အား သုဓမ္မာဇရပ်သို့ ဆင့်ခေါ်ခွင့်မရှိ။ ရွှေကျင်ဆရာတော် လွတ်လပ်စွာ သီတင်းသုံးပါစေလို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ရွှေကျင်ဆရာတော် ဦးဇာဂရရဲ့ တပည့်သံဃာအဆက်ဆက်တို့ကို ရွှေကျင်ဂိုဏ်းဝင်လို့ ခေါ်ဆိုကြသလို ကျန်သံဃာများကို သုဓမ္မာဂိုဏ်းဝင်သံဃာများလို့ ခေါ်ဆိုကြရာမှ ရွှေကျင်ဂိုဏ်း၊ သုဓမ္မာဂိုဏ်းဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်။


ဆက်လက်ရေးသားပါဦးမယ်။ 

1 comments:

ရာဇာထွေး said...

မှတ်သားဖွယ်ရာပို့စ်လေးပါဘုရား...
ရွှေကျင် နဲ့ သုဓမ္မာဂိုဏ်းရယ်လို့ကြားဖူးပေမယ့် အခုလိုဘာကြောင့်
ကွဲရသလည်းဆိုတာတော့ မသိတာအမှန်ပါဘုရား...အခုလိုတင်ပြ
ပေးလို့ဗဟုသုအဖြစ်မှတ်သားခွင့်ရပါတယ်ဘုရား...နောက်တင်မယ့်
အပိုင်းများကိုလည်းဆက်လက်ဖတ်ရှု့မှတ်သားပါ့မယ်ဘုရား...
ပို့စ်လေးအတွက်ကျေးဇူးတင်ပါတယ် ဘုရား..

ရိုသေလေးစားစွာဖြင့်
ရာဇာထွေး

Post a Comment

Powered by Blogger.