Wednesday, July 18, 2012

လောကတွင် အမှန်တကယ်ရှိသောအရာများ

မေး။ ။ ကားဆိုတာ အမည်သာ မရှိတာပါ။ အစိုင်အခဲအနေနဲ့တော့ ရှိပါတယ်။ အစိုင်အခဲအနေနဲ့မရှိဘူးဆိုရင် ဘာဖြစ်လို့ ကားတိုက်ရင် သေရပါသလဲဘုရား။ အဲ့ဒီအချက်လေး ကို ဖြေကြားပေးတော်မူပါ။

ဖြေ။ ။ လောကထဲမှာ အမှန်တကယ်ရှိတဲ့အရာများကတော့ ပရမတ် (၄)ပါးသာ ဖြစ်ပါတယ်။ အဲဒီ(၄)ပါးကတော့

(၁) စိတ်-အာရုံကို သိတတ်တဲ့ သဘောတရား၊ အမျိုးအစားအားဖြင့် အကျဉ်း(၈၉)၊ အကျယ်အားဖြင့် (၁၂၁) ရှိပါတယ်။
(၂) စေတသိက်-စိတ်ကိုမှီဖြစ်တဲ့ သဘောတရား၊ အမျိုးအစားအားဖြင့် (၅၂)မျိုး ရှိပါတယ်။
(၃) ရုပ်-ဖောက်ပြန်တတ်တဲ့ သဘောတရား၊ အမျိုးအစားအားဖြင့် (၂၈)မျိုး ရှိပါတယ်။
(၄) နိဗ္ဗာန်-အိုနာသေကင်းတဲ့ တစ်ခုတည်းသော နေရာဖြစ်ပါတယ်။

ဒီအရှိတရားဖြစ်တဲ့ ပရမတ် (၄)မျိုးကလွှဲရင် ကျန်တာအားလုံးဟာ ပညတ်တွေသာ ဖြစ်ပါတယ်။
ဒီပရမတ်(၄)မျိုးထဲကမှ မေးခွန်းရှင်က ရုပ်အကြောင်းကို မရှင်းဘူးဖြစ်နေတာဆိုတော့ ရုပ်အကြောင်းကိုပဲ ရှင်းပြပေးပါမယ်။ ရုပ်ဓါတ်(၂၈)ပါးမှာ အဓိကအမီခံဖြစ်တဲ့ မဟာဘူတာ ဓာတ်ကြီး(၄)မျိုး ရှိပါတယ်။ အဲဒါတွေက

ပထ၀ီဓါတ်-မာသဘော၊ ပျော့သဘော။
အာပေါဓါတ်-ဖွဲ့စည်းခြင်းသဘော၊ ယိုစီးခြင်းသဘော။
တေဇောဓါတ်-ပူခြင်းသဘော၊ အေးခြင်းသဘော။
ဝါယောဓါတ်-တွန်းကန်တဲ့သဘော၊ ထောက်ကန်တဲ့သဘော။

ရုပ်ဓါတ်(၂၈)ပါးတွင် ယင်း(၄)ပါးဟာ အမှီခံအများဆုံး ဖြစ်ပါတယ်။ ထိုထဲတွင်မှ ပထ၀ီဓါတ်ဟာ အမှီခံရဆုံးပါ။ ထိုရုပ်တရားများဟာ တစ်စက္ကန့်လျှင် ကုဋေ (၅၈၈၀)ကျော် ဖြစ်လိုက်ပျက် လိုက် ပြုလုပ်နေကြပါတယ်။ ပထဝီဓါတ်ကို အများအားဖြင့် မြေကြီးလို့ သိကြပါတယ်။ အမှန်တော့ ပထဝီဓါတ်ဆိုတာ မာသဘော၊ ပျော့သဘောလေးသာ ရှိတာပါ။ သာမာန်ပုထုဇဉ်တစ်ယောက်နဲ့ စူဠသောတာပန် တစ်ယောက်အား မော်တော်ကားတစ်စီးကိုပြပြီး ပထဝီဓါတ်က မာတာလား၊ မော်တော်ကားက မာတာလားလို့မေးကြည့်ရင်

သာမာန်ပုထုဇဉ်က မော်တော်ကားကသာ မာတာပါလို့ ဖြေပါလိမ့်မယ်။ စူဠသောတာပန်ကတော့ ပထဝီဓါတ်က မာတာပါလို့ ဖြေပါလိမ့်မယ်။ မော်တော်ကားကမာတာဆိုရင် မော်တော်ကားပျောက်လျှင် မာတဲ့သဘောလည်း ပျောက်ရမှာပေါ့ဆိုပြီး မော်တော်ကားကို ထုခွဲရိုက်လိုက်ပါ။ ဒါဆို မော်တော်ကားနာမည်ပျောက်ပြီး သတ္ထုအမှုန့်လေးတွေပဲ ကျန်ပါတော့မယ်။ အဲဒီလို သတ္ထုမှုန့်လေးကျန်တော့တဲ့အခါ မော်တော်ကားက မာတာလား၊ ပထ၀ီဓာတ်က မာတဲ့သဘောရှိတာလားဆိုတာ စမ်းသမ်းကြည့်လိုက်ရင် သိပါလိမ့်မယ်။ မော်တော်ကား မရှိမှတော့ မော်တော်ကားကမာတာဆိုတာ မဟုတ်တော့ဘူးလို့ ရှင်းလိမ့်မယ် ထင်ပါတယ်။

အဲဒီလိုမော်တော်ကားမှ သတ္ထုမှုန့်ဟူသောပညတ်ချက်ပါ ပြောင်းသွားသော်လည်း အငြင်းသန်သော ပုထုဇဉ်က သတ္ထုမှုန့်က မာနေတာပါလို့ ထပ်ငြင်းရင် ထိုသတ္ထုမှုန့်များကို  မြေကြီးထဲမြုပ်လိုက် ပါ။ နောက်လေးငါးနှစ်ကြာမှ ဖေါ်ထုပ်ကိုင်စမ်းကြည့်လိုက်ပါ။ အဲဒီအခါမှာ တကယ်အမှန်တကယ်ရှိတဲ့ ပထဝီဓါတ်ရဲ့ပင်ကိုယ်သဘောဖြစ်သည့် မာသဘော၊ ပျော့သဘောကိုတော့ တွေ့ရဦးမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဘယ်ရုပ်တရားမဆို အမည်နာမပေးထားတဲ့ ပညတ်နာမည်တွေ အမျိုးမျိုးရှိနေပေမဲ့ တကယ်ပရမတ်သဘောနဲ့ကြည့်လိုက်ရင်တော့ အမီခံဖြစ်တဲ့ ဓာတ်(၄)ပါးသာ အသေချာရှိနေတာကို တွေ့ရပါလိမ့်မယ်။ ခု မော်တော်ကားမှ မြေကြီးခဲဘဝ ကူးပြောင်းသွားပေမဲ့ ပထဓီဓါတ်ကတော့ မပြောင်းလဲဘဲရှိနေတာကို သဘောပေါက်လျှင် ကျန်တာအားလုံးကိုလည်း စမ်းသပ်တွေးခေါ်ကြည့်ရင် သဘောပေါက်ပြီးသကာလ ဖြစ်ပျက်တရားများကို သိမြင်ကာ တရားအားထုတ်ရာတွင် လွယ်ကူသွားပါလိမ့်မယ်။

ကျန်တဲ့ဓာတ်တွေကိုလည်း သဘောပေါက်အောင် အနည်းငယ် ရေးသားပေးလိုက်ပါတယ်။ တေဇောဓါတ် ကို အပူဓါတ်လို့ အများအားဖြင့် သိထားသော်လည်း တကယ့်အရှိတရားက လောင်မြိုက်တတ်တဲ့သဘော၊ ရင့်ကြက်ခြင်းသဘောတို့ကို တေဇောဓါတ်လို့ ခေါ်တာပါ။ ခန္ဓာအိမ်ကြီးအတွင်းမှာ တေဇောဓါတ်ရှိနေလို့ အစာအာဟာရများကို ခြေဖျက်ပြီး တစ်နေ့ထက်တစ်နေ့ ကြီးရင့်လာကြပါတယ်။ နုပျိုခြင်းတို့ကို တငွေ့ငွေ့လေးလောင်မြိုက်လှိုက်စားနေလို့ တဖြည်းဖြည်းပျက်စီးနေတာဟာ တေဇောဓါတ်ကြောင့်ပါ။

အာပေါဓါတ်ဆိုတာကတော့ ယိုစီးခြင်း၊ ဖွဲ့စည်းခြင်းသဘောရှိပါတယ်။ သက်ရှိ၊ သက်မဲ့အရာအားလုံးမှာ ဖွဲ့စည်းခြင်း၊ ယိုးစီးခြင်းသဘောတွေရှိနေတာဟာ အာပေါဓါတ်ဖြစ်ပါတယ်။

ဝါယောဓါတ်ဆိုတာကတော့ လေဓါတ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီး ထ၊ ထိုင်၊ ရပ်သွား၊ လှုပ်ရှားနေနိုင်ရန်အတွက် ကိုယ်ခန္ဓာတစ်ခုလုံးမှာ မရေတွက်နိုင်အောင် များပြားလှတဲ့ အကြောပေါင်းစုံထဲတွင် လေဓါတ်ကလေးက အမြဲအပြည့်အဝရှိနေတာကြောင့် အားလုံး တောင့်တောင့်တင်းတင်းနဲ့ ရှင်သန်နေနိုင်တာပါ။ ဒီလေဓါတ်ကလေး ချို့ယွင်းသွားရင် လေများမစီးဆင်းတော့ဘဲ လေဖြတ်သွားပါက ခန္ဓာအိမ်ကြီးလည်း၊ လေထွက်သွားတဲ့ ပူပေါင်းတစ်လုံးလို၊ ကြိုးပြတ်သွားတဲ့အရုပ်တစ်ခုလိုပဲ လဲပြိုကျသွားမလား ပျော့ခွေသွားမလား တစ်ခုခုတော့ ဖြစ်သွားမှာပါ။

အဲဒါကြောင့် ခန္ဓာကိုယ်ကြီးမှာ ဓါတ်ကြီးလေးပါး ညီညွတ်နေမှ ကျန်းမာပါတယ်။ အဲဒီလို ညီညွှတ်အောင်လည်း မိမိတို့က ဆိုင်ရာဆိုင်ရာတို့ကို သတိလေးနဲ့ပြုလုပ်ပေးရပါမယ်။ ဒါမှ ကျန်းမာစွာနဲ့ သွားလာနေထိုင်နိုင်မှာပါ။

ကားတိုက်မိရင် ဘာဖြစ်လို့လူသေရသလဲဆိုတာက ကားဆိုတဲ့အရာဝတ္ထုပညတ်မှာလည်း ပထ၀ီဆိုတဲ့ မာသဘောလေးရှိနေပြီး လူဆိုတဲ့အရာဝတ္ထုပညတ်မှာလည်း ပထ၀ီဆိုတဲ့ မာသဘောလေးရှိနေလို့ ပထ၀ီဓါတ်ချင်းထိခိုက်မိတဲ့အတွက် ပျက်စီးသွားတာပါ။ ပထ၀ီဆိုတဲ့ မာသဘောရုပ်တရားရှိနေမှတော့ သူ့ဓါတ်ချင်းထိခိုက်ရင်လည်း ပျက်စီးမှာပဲ၊ ဒီတိုင်းလည်း ပျက်စီးမှာပဲလေ။ ရုပ်တရားဆိုကတည်းက ဖြစ်ပျက်နေတာဆိုတော့ ပျက်စီးခြင်းဟာလည်း အမြဲတစေ ဖြစ်နေတာပါ။

ဒါကို မိမိတို့သာမာန်လူများက အနုမြူမှန်လို့ အရိယာဉာဏ်နဲ့မကြည့်နိုင်သေးဘဲ သာမာန်မျက်စိ ပုထုဇဉ်ဉာဏ်နဲ့ကြည့်နေတဲ့အတွက် ရုပ်တရားတိုင်းဟာ ခေတ္တခဏ သူ့အတိုင်းအတာနဲ့သူ တည်မြဲတည်တံ့နေတယ်လို့ ထင်နေတာပါ။ အရိယာဉာဏ်နဲ့ကြည့်သူများကတော့ ရုပ်တရားတိုင်းမှာ အမြဲတစေဖောက်ပြန်နေတာကို သိတဲ့အတွက် ထိုင်ခိုင်တစ်လုံးဟာ မှုန့်မှုန့်ညက်ညက် ပျက်စီးသွားခြင်းမရှိသေးသော်လည်း ထိုထိုင်ခုံဟာ ပျက်စီးနေတယ်ဆိုတာကို သိမြင်ကြပါတယ်။ သာမာန်ဉာဏ်ရှိသူများကတော့ ထိုင်ခုံတစ်လုံးဟာ ဟောင်းနွမ်းညစ်ပတ်မသွားသေးဘဲ မပျက်စီးသေးရင် အတိုင်းအတာတစ်ခုအထိ တည်မြဲနေတယ်လို့ ထင်မြင်ကြပါတယ်။

အရာဝတ္ထုများကို အသာထားလိုက်ပါဦး။ မိမိခန္ဓာကိုယ်ကိုတောင် စက္ကန့်တိုင်းဖြစ်ပြီးပျက်နေတာကို မိမိတို့က သာမာန်မျက်စိနဲ့ကြည့်နေတဲ့အခါကျတော့ အရင်တစ်စက္ကန့်နဲ့ နောက်တစ်စက္ကန့်အတွင်းမှာရှိတဲ့ မိမိခန္ဓာကိုယ်ဟာ ထူးခြားမှုမရှိဘဲ ပုံမှန်လို့ထင်နေပြီး တည်မြဲနေတယ်လို့ ထင်နေမိပါတယ်။ အရိယာမျက်စိရှိသူတွေကတော့ စက္ကန့်မလပ်ဖြစ်ပြီးပျက်နေတဲ့ ရုပ်တရားတိုင်းကို သိမြင်ကြပါတယ်။ မိမိတို့လည်း အဲဒီလိုသိမြင်အောင် နေ့စဉ်ဖြစ်ပျက်များကို ရှု့မှတ်ရမယ်။ ကမ္ဘာလောကမှာရှိသမျှတိုင်းမှာ မမြဲခြင်းတွေ၊ ဖောက်ပြန်ပျက်စီးတတ်တဲ့သဘောလေးတွေပဲ ရှိတာပါလားလို့ နေ့စဉ်တွေးတော ဆင်ခြင်ပေးပါက သိမြင်လာပါလိမ့်မယ်။

ဒီလောက်ဆိုရင်တော့ ရုပ်တရားရဲ့ သဘောများကို နားလည်လောက်ပြီ ထင်ပါတယ်။ ဒီထက်မကရှင်းအောင်တော့ ၀ိပဿနာတရားများကို များများလေး နားကြားဖတ်မှတ်ပေးပါလေ။

0 comments:

Post a Comment

Powered by Blogger.