Sunday, May 6, 2012

ဒါလေးတွေ သိထားဖို့လိုတယ်

ခေတ်ကာလတိုးတက်လာတော့ လူငယ်ကလည်းလူငယ်အလျောက်၊ လူကြီးကလည်းလူကြီး အလျောက် ကိုယ့်ဘ၀တက်လမ်းအတွက် ခေတ်နဲ့အပြိုင်ကြိုးပမ်းနေကြရတယ်။ ဒီလိုမှ မကြိုးစားရင်လည်း နောက်ကောက် ကျန်နေရစ်မှာဆိုတော့ လူတိုင်းကြိုးစားမှ ဖြစ်မယ်လေ။ အလုပ်တစ်ခုကို မိမိက မကြိုးစားရင် ကြိုးစားသူတွေက နေရာယူသွားတော့ မိမိမှာလုပ်နိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးရတယ်။ အလုပ်ဆုံးရှုံးရတော့ စီးပွားရေးတွေ ကျသွားတယ်။ စီးပွားရေးအဆင်မပြေလို့ မိသားစုအဆင်မပြောတော့မှ နောင်တတွေရလာတယ်။ ဒါကစီးပွားရေးတစ်ခုတည်းကိုပြောတာ။ ကျန်တဲ့အပိုင်းတွေဖြစ်တဲ့ ပညာရေး၊ လူမှုရေးအပိုင်းတွေမှာလည်း ဒီလိုပဲဖြစ်တတ်ကြတယ်။ နောင်တဆိုတဲ့အတိုင်း နောင်အခါရောက်မှ တနေရလို့နောင်တလို့ ခေါ်ကြတာ။ အဲဒီလို နောင်တမျိုး နောင်အခါ မတရအောင် စာဖတ်သူများအား နောင်တဖြစ်နိုင်တဲ့အချက်တွေကို ဗုဒ္ဓစာပေတွေထဲကနေ ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။
ရှင်တော်မြတ်ဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာသီတင်းသုံးနေတော့ ကောသလရှင် ဘုရင်ဟာ မြတ်စွာဘုရားထံ နေ့စဉ်နေ့တိုင်းချဉ်းကပ်ပြီး တရားစကားနာယူလေ့ရှိတယ်။ သူသိလိုတာ ကို မြတ်စွာဘုရားထံ မေးလျှောက်တယ်။ အဲဒီလို နေ့စဉ်လိုလို မြတ်စွာဘုရားရှင်ဆီရောက်နေတဲ့ ရှင်ဘုရင်ဟာ အတော်ကြာတဲ့အထိ ပေါ်မလာဘဲ ပျောက်သွားခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်ကျောင်း ကိုရောက်လာတော့ မြတ်ဗုဒ္ဓက ရှင်မင်းကြီး ကျန်းမာရေးမကောင်းလို့ ကျောင်းကိုမလာနိုင်တာလား။ ဘာဖြစ်နေလို့လဲလို့မေးတဲ့အခါ ကောသလဘုရင်က မှန်ပါ့ဘုရား လောကီကိစ္စတွေနဲ့ ရှုပ်နေလို့ ရွှေကျောင်းတော်ကို မရောက်ဖြစ်တာပါ။ ကျန်းမာရေးတော့ကောင်းပါတယ် ဘုရားလို့ လျှောက်ကြားတော့ မြတ်စွာဘုရားက ရှင်မင်းကြီး သင်သည် ရတနာသုံးပါးဆည်းကပ်မှုကို ချွတ်ယွင်းခဲ့၏။ ပြုသင့်သော အမှုကိုမပြုခဲ့သော် ထိုအရာကို အစားထိုး၍ မရတော့ပေ။ နောင်တတဖန်ပူပန်ရတတ်တယ်လို့ဆုံးမပြီး ဘုရားလောင်း ဇနသန္ဓမင်းဖြစ်စဉ် က နောင်တဖြစ်ခြင်း အကြောင်းဆယ်ပါးဖြစ်တဲ့

            ၁။ ငယ်စဉ်က ပညာမသင်ယူမိခဲ့ခြင်းနောင်တ

ငယ်စဉ်အခါ ပညာသင်ရမည့်အရွယ်မှာ တက်သင့်တက်ထိုက်တဲ့ လက်မှု၊ စက်မှု စာပေပညာတို့ကို မသင်ဘဲ နေမယ်။ အပျော်အပါးလိုက်စားနေမယ်ဆိုရင် ကြီးလာတဲ့အခါ ဘ၀ရှေ့ရေးအတွက် စီးပွားလုပ်တဲ့အခါကျမှ ငယ်စဉ်ကပညာမသင်ယူခဲ့ခြင်းနောင်တတွေ ဖြစ်လာကြတယ်။ အလုပ်တစ်ခုမှာ မိမိကသူတစ်ပါးထက် ၀ီရိယမှာလည်း သာတယ်။ ဇွဲလည်းရှိပါရဲ့နဲ့ လုပ်ငန်းခွင့်မှာ ဦးစီးဦးဆောင် မလုပ်နိုင်ဘဲ မိမိထက်ငယ်သူ၊ သို့မဟုတ် အသက်အရွယ် တန်းတူဖြစ်ပါလျက် ပညာရပ်ကိုကောင်း စွာလေ့လာသူတို့ရဲ့ ခိုင်းစေမှုကို ခံရတဲ့အခါကမှ ငယ်ငယ်ကပညာမသင်ယူခဲ့ရတာ နာတယ်ကွာ၊ ငါသာသေချာလေ့လာ သင်ယူခဲ့မယ်ဆိုရင် ဒီလိုအခိုင်းခံရမှာမဟုတ်ဘူးစသည်ဖြင့် နောင်တသံတွေ ထွက်တတ်ကြတယ်။ ဘယ်လိုပင်နောင်တတွေရရ အချိန်အခါနှောင်းမှရမယ်ဆိုရင် အကျိုးမရှိတော့ပါဘူး။ ဒါကြောင့် ကြီးလာတဲ့အခါ နောင်တမရအောင် ငယ်ငယ်ကတည်းက ဘ၀ရှေ့ရေးအတွက် တက်သင့်တက်ထိုက်တဲ့ပညာများကို သင်ယူဖို့ နံပါတ်တစ်အနေနဲ့ ဟောကြားထားခဲ့ပါတယ်။

၂။ ငယ်စဉ်ကဥစ္စာမစုမိခဲ့ခြင်းနောင်တ

            ဒီနောင်တကလည်း လူ့လောကမှာ အတော်လေးဖြစ်တတ်တဲ့နောင်တပါ။ မိမိဥစ္စာစီးပွားတွေ ရှာဖွေစုဆောင်း နိုင်ချိန်မှာ အပျော်အပါးလိုက်စား၊ လောင်းကစားလုပ်နဲ့ မိမိရဲ့ဘ၀ကို အချိန်ကုန်စေပြီး အလဟဿဖြုန်းတီးခဲ့မယ်ဆိုရင် ကြီးလာတဲ့အခါ ဒါမှမဟုတ် အန္တရာယ်တစ်ခုခု၊ ကျန်းမာရေးတစ်ခုခုနဲ့ ကြုံလာတဲ့အခါမှာ စီးပွားဥစ္စာမစုဆောင်းခဲ့ခြင်း နောင်တတွေ ဖြစ်လာတော့တာပါပဲ။ ဒီလိုနောင်တတွေ မဖြစ်ပေါ်ရအောင် ငယ်ငယ်ကတည်းက စီးပွားဥစ္စာတွေကို စုနိုင်သလောက်စုထားဖို့လိုပါတယ်။ စုလည်းစု၊ စားလည်းစား၊ ကိုယ့်နောက်ပါအောင် လှူလည်းလှူဖို့အကြံပြုလိုက်ပါရစေ။

            ၃။ သူတစ်ပါးရဲ့ချစ်ခြင်းကိုဖျက်ဆီးခဲ့ခြင်းနောင်တ

            သူတစ်ပါးရဲ့ချစ်ခြင်းကိုဖျက်ဆီးခဲ့မယ်ဆိုရင်လည်း နောင်တတွေဖြစ်တတ်ပါတယ်။ ကိုယ်ကသူ့ကို ချစ်လို့ဖြစ်စေ၊ မုန်းလို့ဖြစ်စေ သူ့အကျိုးပျက်စီးရာပျက်စီးကြောင်း ပြောခဲ့ရေးခဲ့မယ်ဆိုရင် တစ်ဖက်သား အဆင်မပြေလေ ကိုယ့်အတွက်နောင်တဖြစ်စရာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ တစ်ဖက်သားပူပန်ရသလို မိမိလည်း ပူပန်သောကရောက်ရတာကြောင့် သူ့တစ်ပါးရဲ့ ချစ်ခြင်းကို ဖျက်ဆီးခြင်းလည်း မပြုလုပ်သင့်ဘူး။ တချို့ကတော့ ထင်ကြမယ်။ ငါပြောလိုက်လို့ သူတို့တော့ အဆင်မပြေကြတော့ဘူး၊ သူတို့အိမ်ထောင်စုတော့ ဖရိုဖရဲကွဲနေကြပြီ ဒါကငါ့ရဲ့ အောင်မြင်မှုပဲ လို့ထင်ရင်ထင်မယ်။ တကယ်တော့ ဒီလိုဖြစ်အောင်လုပ်လိုက်လို့ကိုယ့်အတွက် အကျိုးမရှိဘူး။ တစ်ဖက်သားရဲ့အမုန်းကိုသာရမှာဖြစ်တယ်။ ဒီလိုတစ်ဖက်သားကမုန်းသွားပြီး သူနဲ့ဆက်ဆံပေါင်းသင်းလို့ မရတော့ဘူး ဆိုရင် အဖက်ဖက်ကစီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေမှာ နစ်နာရပါတယ်။ ဒါကြောင့်တစ်ပါးသူတို့ရဲ့ ချစ်ခြင်းကို ဖျက်ဆီးခြင်းမလုပ်ရဘူးလို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။

            ၄။ သူ့ရဲ့အသက်ကိုသက်၍စားမိခဲ့ခြင်းနောင်တ

ဒီနောင်တကတော့ သူတစ်ပါးအသက်ကို မိမိကိုယ်တိုင် သတ်ဖြတ်စားသောက်ခဲ့ မှုကြောင့် သေခါနီးချိန် ရောက်တဲ့အခါမှာ အကုသိုလ်ပုံရိပ်တွေထင်ဟတ်လာတဲ့အခါ ဖြစ်ရတဲ့ နောင်တပါ။ တချို့ဆိုရင် သေခါနီးမှာ ခွေးလိုနွားလို အော်ပြီးသေတာတွေ ရှိတတ်ပါတယ်။ အဲဒီလိုလူမျိုးဟာ အရင်က သူတစ်ပါးအသက်ကို ရက်ရက်စက်စက် သတ်ဖြတ်စားသောက်ခဲ့လို့ သူသေခါနီးမှာ ငရဲနိမိတ်တွေ ထင်လာတာပါ။ အဲဒီအချိန်မှ နောင်တရနေရင်လည်း အပိုပါပဲ။ ဒါကြောင့် သေခါနီးမှာ နောင်တမရအောင်  သူတစ်ပါးရဲ့အသက်ကို သတ်ဖြတ်စားသောက်ခြင်းမှ ရှောင်နိုင်စဉ်က ရှောင်ခဲ့ဖို့လိုအပ်ပါတယ်။ အသားငါးများ စားချင်ရင်လည်း သူ့အလိုလိုသေတဲ့ အသားငါး၊ ဒါမှမဟုတ် ဘယ်သူ့အတွက်မှ ရည်ရွယ်မထားဘဲ ချရောင်းနေတဲ့ အသားငါးများကိုသာ ၀ယ်စားပြီး မိမိပယောဂနဲ့လွတ် ကင်းအောင် ရှောင်ကြဉ်ကာ မိမိကိုယ်တိုင်လည်း သတ်ဖြတ်စားသောက်ခြင်းမှ ရှောင်ကြဉ်ရပါမယ်။ ဒါမှသာ မိမိအတွက် နောင်တတွေ မဖြစ်မှာပါ။

၅။ သူတစ်ပါးသားမယားကို ဖျက်ဆီးလွန်ကျူး ပြစ်မှားခဲ့မိခြင်းနောင်တ

ဒီနောင်တဟာ အထက်မှာတင်ပြခဲ့တဲ့ နံပါတ်သုံးနောင်တနဲ့ဆက်နွယ်နေပါတယ်။ သူတစ်ပါးသားမယားကို လွန်ကျူးပြစ်မှားမယ်ဆိုရင် မျက်မှောက်မှာလည်း သူတစ်ပါးတို့ ကဲ့ရဲ့ရွံ့ရှာခြင်း၊ မုန်းတီးခြင်း၊ လူတောမတိုးနိုင်ခြင်း၊ လူ့ပတ်ဝန်းကျင်ရဲ့ ကြဉ်ဖယ်ခြင်းကိုခံရခြင်း စတဲ့ လောကရဲ့ဒဏ်ခတ်မှုများ ခံရသလို နောက်ဘ၀မှာလည်း ယောက်ျားမဟုတ် မိန်းမမဟုတ်ဘဲ နပုန်းပဏ္ဍုတ်ဖြစ်ခြင်းစတဲ့ မကောင်းကျိုးများစွာကို ခံစားရပါလိမ့်မယ်။ အဲဒီလို ကြီးစွာသောအပြစ်များကို ခံစားရတဲ့အရာမို့ သူတစ်ပါးသားမယားကို ပြစ်မှားခြင်းဟာ အထူးရှောင်ကြဉ်ရမဲ့အရာပါ။ သူတစ်ပါးသားမယားကို စော်ကားမိလို့ ထောင်ဒဏ်ကျခြင်းစတဲ့ လောကအပြစ်ဒဏ်တွေ၊ သံသရာအပြစ်ဒဏ်တွေ ခံစားရတဲ့အခါကျမှ တခဏတာသာယာချင်တဲ့ တဏှာစိတ်ကို မထိန်းချုပ်ဘဲ သူတစ်ပါးသားမယားကို ပြစ်မှားစော်ကားမိတာ မှားလေခြင်းဆိုတဲ့ နောင်တတွေပေါ်လာပါတယ်။

၆။ ပစ္စည်းဥစ္စာရှိလျက် လှူဒါန်းစွန့်ကြဲခဲ့မှု မရှိခြင်းနောင်တ

မိမိဥစ္စာပစ္စည်းရှိစဉ်အခါမှာ ရပ်ရေးရွာရေးဘာတစ်ခုမှ ဆောင်ရွက်ပေးခဲ့ခြင်းမရှိဘူးဆိုရင် ကိုယ့်အတွက်အများရဲ့ အင်အားလိုလာတဲ့အခါမှာ ကိုယ့်ရပ်ကိုယ့်ရွာကလူတွေကလည်း တန်ပြန်ကူညီဖို့ မပြုလုပ်ပေးချင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိမိမှာပစ္စည်းဥစ္စာတွေရှိစဉ်က အများကိုပေးကမ်း လှူဒါန်းထောက်ပံ့နိုင်ပါလျက်နဲ့ ပြုလုပ်မပေးခဲ့ခြင်းကြောင့်ပါ။ ဒါကလက်တွေ့မြင်နိုင်တဲ့အကျိုးပါ။ သံသရာအတွက်ကြည့်မယ်ဆိုရင် လှူဒါန်းမှုမရှိတဲ့သူဟာ ပစ္စည်းဥစ္စာရှားပါးခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းစတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ရပါတယ်။ ပစ္စည်းဥစ္စာဆိုတာ သက်ရှိထင်ရှားရှိစဉ်မှာ အသုံးပြုခံ သက်သက်သာ ဖြစ်ပါတယ်။ မိမိအသက်ရှိစဉ်လေးမှာ မိမိတက်နိုင်သမျှ ကိုယ့်ရဲ့ဘ၀သံသရာကောင်းကျိုး အတွက် ပစ္စည်းဥစ္စာများကို လှေကားထစ်သဖွယ်အသုံးချကာ လှူဒါန်းပေးကမ်းမှုမရှိဘဲ ဒီအတိုင်းထိုင်ပြီး ခံစားစံစားပျော်ပါးမှုတွေနဲ့ အချိန်ကုန်လွန်သွားနေမယ်ဆိုရင် ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေရတဲ့အတွက် ပျက်စီးဆုံးရှုံးသွားတဲ့အခါ သို့မဟုတ် အသက်သေခါနီးအခါကျမှ ငါတတ်နိုင်စဉ်က မလှူဒါန်းမပေးကမ်း လိုက်ရလေခြင်းဆိုတဲ့ နောင်တတွေရတတ်ပါတယ်။ ဒီလိုနောင်တတွေမရအောင် ကိုယ့်ဘ၀အတွက် ကိုယ့်ရှာဖွေထားတာထဲက ကိုယ်တက်နိုင်သမျှကို ထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ကြဖို့ လိုပါတယ်။

၇။ မိဘတို့ သက်ရှိထင်ရှားရှိစဉ်က ပြုစုမလုပ်ကျွေးမိခြင်းနောင်တ

ဒီနောင်တကတော့ထင်ရှားပါတယ်။ ကိုယ့်မိဘတွေ သက်ရှိထင်ရှားရှိပြီး စားနိုင်သောက်နိုင်တဲ့ အချိန်မှာ ကိုယ်တက်နိုင်သလောက် ကျွေးမွေးစောင့်ရှောက်မပေးတဲ့အပြင် မိဘတွေကို ဂရုမစိုက်၊ မိဘစကားနားမထောင်၊ မိဘကို စိတ်ချမ်းသာအောင် လုပ်မပေးဘဲ မိဘနှစ်ပါးမရှိတော့တဲ့အခါကျမှ မိဘကျေးဇူးကို မဆပ်လိုက်ရလေခြင်းဆိုပြီး မိဘကိုတမ်းတ လွမ်းဆွတ်ငိုကြွေးနေတဲ့ နောင်တမျိုးပါ။ ဒါကြောင့် မိဘနှစ်ပါးမရှိတော့မှ နောင်တတွေမဖြစ်ရအောင် မိဘတွေ သက်ရှိထင်ရှားရှိစဉ် မှာ ပြုစုလုပ်ကျွေးပါ။ မိဘကိုစိတ်ချမ်းသာအောင်ထားပါ။ မိဘစကားနားထောင်ကြပါလို့ တိုက်တွန်း ချင်ပါတယ်။

၈။ သူတော်ကောင်းတို့ရဲ့ ဆုံးမစကားကိုမနာယူခဲ့ခြင်းနောင်တ

ငယ်စဉ်က ဆရာသမား၊မိဘတွေက ဆိုဆုံးမတဲ့အခါ မနာခံဘဲ ထော်လော်ကန့်လန့်လုပ်ပြီး မိမိလုပ်ချင်တာ လုပ်တဲ့အခါ အန္တရာယ်ဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါကျမှ ဆရာသမားမိဘတို့ရဲ့စကား နားထောင်ခဲ့ရင် ငါဒီလိုအဖြစ်မျိုး ကြံမှာမဟုတ်ဘူးဆိုတဲ့ နောင်တတွေဖြစ်တတ်ပါတယ်။ ဒါပြင် ပညာရှိသူတော်ကောင်းတွေက ဒါဟာမကောင်းဘူးမလုပ်နဲ့ ဒီလမ်းမကောင်းဘူး မလျှောက်နဲ့လို့ တားမြစ်ထားပါလျက်နဲ့ မဖြစ်နိုင်ဘူး လက်တွေ့လုပ်ကြည့်ဦးမှဆိုပြီး လုပ်လိုက်တဲ့အခါ ဘ၀ပါပျက်သွားရပါတယ်။ အဲဒီအခါကျမှ ငါနားမထောင်မိတာ မှားလေခြင်းဆိုတဲ့ နောင်တတွေဖြစ်တတ် ပါတယ်။ ဒါကြောင့် ပညာရှိသူတော်ကောင်းတွေဆုံးမတဲ့အခါ လေးစားလိုက်နာပြီး အချိန်ရှိခိုက်လေး မှာ နောင်တတွေမဖြစ်အောင် နေထိုင် ဆောင်ရွက်ရပါမယ်။

၉။ ပညာရှိထံ နည်းနာမခံယူမိခဲ့ခြင်းနောင်တ

မိမိထက် အသိပညာ၊ အတတ်ပညာသာလွန်သူများဆီက နည်းယူကျင့်သုံးသင့်တဲ့ အရာများကို မိမိက သေချာလေ့လာနည်းမယူမိခဲ့ပါက မိမိလည်း အသုံးကျလို့ အသုံးချချင်တဲ့အခါ ငါအရင်က ခုငါလိုအပ်တဲ့ ပညာရပ်တွေကို မသင်ယူ၊ မလေ့လာ၊ နည်းနာမယူခဲ့မိလေတာ မှားလေခြင်း ဆိုတဲ့ နောင်တတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပညာရှိများထံက လောကီအတတ် ပညာဖြစ်စေ၊ လောကုတ္တရာအတတ်ပညာဖြစ်စေ မျက်မှောက်သံသရာအတွက် အကျိုးများမဲ့ ပညာများဆို နည်းနာယူ လိုက်နာကျင့်သုံးဖို့ မမေ့ကြပါနဲ့။

၁၀။ ငယ်စဉ်က အကျင့်မကောင်းမိခဲ့ခြင်းနောင်တ

ဒီနောင်တဟာ မိဘဖြစ်သူတို့ သားသမီးတွေပေါ်မှာ သတိထားဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ မိမိကလေးဟာ ငယ်စဉ်ကတည်းက မကောင်းတဲ့အကျင့်ပျက်မှုတွေ တွေ့မြင်လာပြီဆိုရင် အကျိုးအကြောင်းပြောပြ ဆိုဆုံးမသင့်ပါတယ်။ လူတစ်ယောက်ရဲ့အကျင့်စရိုက်ဟာ ကြီးတဲ့အထိပါနိုင် တာကြောင့် မိဘဖြစ်သူများဟာ မကောင်းတဲ့အမူအကျင့်တွေ အတုမခိုးစေဘဲ ကောင်းတဲ့ အကျင့်တွေကိုသာ သင်ပြပေးဖို့လိုအပ်ပါတယ်။ ငယ်စဉ်ကတည်းက မိမိသားလေး ခိုးတတ်မှန်းသိလျက်နဲ့ ခိုးခြင်းကြောင့် ရရှိမဲ့အပြစ်တွေကိုလည်းမပြော၊ ဆိုဆုံးမမှုလည်းမလုပ်ဘူးဆိုရင် ဒီကလေးဟာ ကြီးလာရင် သူတစ်ပါးပစ္စည်း ခိုးဖို့ရာ ၀န်လေးတော့မှာမဟုတ်ပါဘူး။ ဒီအခါမှာ ငါဒီလိုဖြစ်တာ မိဘတွေ မဆုံးမခဲ့လို့ပဲဆိုတဲ့ နောင်တတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် မိဘလုပ်သူများဟာ မိမိတို့ရဲ့သားသမီးများ လိမ္မာရေးခြားရှိရေးအတွက် မကောင်းတဲ့အကျင့်ပျက်မှုတွေကို မသင်ယူစေဘဲ အခွင့်ကြုံတိုင်း သားသမီးများကို ဆုံးမပေးရပါမယ်။ ဒါမှသာ ကလေးတစ်ယောက် အသက်ကြီးလာတဲ့အခါ နောင်တရမှုတွေမဖြစ်ဘဲ ဘ၀ကို ကောင်းမွန်စွာနဲ့ဖြတ်သန်းပြီး သကာလ ပန်းတိုင်ကိုလျင်မြန်စွာ လျှောက်လှမ်းနိုင်ပါလိမ့်မယ်။

မြတ်ဗုဒ္ဓက ကောသလမင်းကြီးအား ဟောကြားပေးခဲ့ ဒီနောင်တတရား(၁၀)ပါးကို မိမိတို့လူသားများ အသက်ရှိစဉ်အချိန်ကာလတိုင်းမှာ နောင်တတွေမရကြရအောင် သတိလေးနဲ့ နေ့စဉ် အမှတ်ရပြီး ပြုလုပ်ပေးသွားမယ်ဆိုရင် မိမိတို့မှာ နောင်တမရှိတဲ့အတွက် နောင်တတဖန် ပူဆွေးရခြင်းသောကများမှ ကင်းဝေးပါလိမ့်မယ်။ အဲဒီလို နောင်တ ပူဆွေးခြင်းတွေမှ လူသားအားလုံးအား ကင်းဝေစေချင်တဲ့စေတနာဆန္ဒနဲ့ ဒီဆောင်းပါးလေးကို ရေးသားပေးလိုက်တာမို့ အားလုံး လိုက်နာရှောင်ကြဉ်သင့်တာ ရှောင်ကြဉ်ပြီး ပြုလုပ်သင့်တာ ပြုလုပ်နိုင်ကြပြီးသကာလ နောင်တတရား(၁၀)ပါးမှ ကင်းလွတ်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါတော့တယ်။

0 comments:

Post a Comment

Powered by Blogger.